၁ မြန်မာ့ရေးရာ

သမိုင်းကြောင်းတစ်လျှောက် တိုင်းရင်းသား၏ အဓိပ္ပာယ်သတ်မှတ်ချက်များ

တိုင်းရင်းသားဟူသော စကားလုံးအတွက် အကြွင်းမဲ့​မှန်ကန်သည့် အဓိပ္ပာယ်သတ်မှတ်ချက်မျိုးမရှိပါ။ တိုင်းရင်းသား​ဟူသော ဝေါဟာရကို မည်သည့်ခေတ်အခါက ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်ဟု သိရှိရန်မလွယ်ကူသော်လည်း လူအမျိုးမျိုးက မတူညီသော အဓိပ္ပာယ်သတ်မှတ်ချက်များကို အသုံးပြုခဲ့​ကြသည်။

ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်မှုမတိုင်မီ ‘မြန်မာ’ ဟု ယနေ့ခေတ်ခေါ်တွင်နေသော နိုင်ငံ၌ လွတ်လပ်သော လူ့အဖွဲ့အစည်းများ တည်ရှိခဲ့ကြပြီး အချို့ဒေသများသည် ဘုရင်​အုပ်ချုပ်သော နိုင်ငံများဖြစ်ခဲ့ကြသည်။ ဗြိတိသျှတို့၏ ကိုလိုနီ​အုပ်ချုပ်ရေးကာလအတွင်း အဆိုပါ လူ့အဖွဲ့အစည်းများကို အချက်အချာဒေသ နှစ်ခုအဖြစ် ခွဲခြားခဲ့ကြသည်။ ‘ဗမာပြည်မ’ သည် ဗြိတိသျှအုပ်ချုပ်သူများ၏ တိုက်ရိုက်အုပ်ချုပ်မှု​အောက်တွင် တည်ရှိနေပြီး အများစုမှာမူ ယနေ့ခေတ်အခေါ်အရ တိုင်းဒေသကြီး (၇) ခု၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ဖြစ်ကြသည်။ ‘တောင်တန်းဒေသများ’ အများစုသည် မိရိုးဖလာ​အုပ်ချုပ်သူများနှင့် အကြီးအကဲတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ကြသည်။

(၂၀) ရာစု အစောပိုင်းကာလတွင် တိုင်းရင်းသားဟူသော အခေါ်အဝေါ်ကို လက်မှုပညာနှင့် ဆေးဝါးများကဲ့သို့ ဒေသခံ​ရိုးရာဓလေ့များနှင့် ထိုခေတ်ကာလ၌ ပြောဆိုခဲ့ကြသော ဘာသာ​စကားများကို ဖော်ပြရာတွင် အသုံးပြုခဲ့ကြသည်။

(Cheesman 2017:3)

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးကာလနှောင်းပိုင်း၌ တိုင်းရင်းသားဟူသော အခေါ်အဝေါ်ကို အမျိုးသားရေးဝါဒီ ခေါင်းဆောင်များက ဥရောပ၊ အိန္ဒိယ သို့မဟုတ် တရုတ်မျိုးနွယ် မဟုတ်သူများကို ရည်ညွှန်းရာတွင် အသုံးပြုခဲ့ကြသည်။ အချို့​အကြီးအကဲများသည် ကိုလိုနီအုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက်ရေး လှုပ်ရှားမှုကို အထောက်အပံ့ဖြစ်စေရန်အတွက် ထိုအခေါ်အဝေါ်ကို သုံးစွဲခဲ့ကြသည်။ ဗြိတိသျှလူမျိုးများ၊ အခြားဥရောပလူမျိုးများနှင့် အိန္ဒိယမျိုးနွယ်ဝင်များကို ‘ကိုလိုနီ​အုပ်ချုပ်ရေးစနစ်၏ တစ်စိတ်တစ်ဒေသ’ အဖြစ် ရှုမြင်ခဲ့​ကြသည်။ တရုတ်မျိုးနွယ်ဝင်များကိုမူ ‘နိုင်ငံခြားသားများ’ အဖြစ် ရှုမြင်ခဲ့သည့်အတွက် တိုင်းရင်းသားဟူသော အခေါ်အဝေါ်ကို အသုံးပြုရည်ညွှန်းခြင်းမရှိဘဲ ချန်လှပ်ထားခဲ့​ကြသည်။ ‘ဗမာပြည်ထောင်စု’ ဟူ၍ တည်ထောင်နိုင်ရန်အတွက် ဗမာပြည်မနေ လူမျိုးစုများက တောင်တန်းဒေသ လူမျိုးစုများကို ပူးပေါင်းပါဝင်ရန် စည်းရုံးလှုံ့ဆော်မှုပြုရာတွင်လည်း ထိုအသုံးအနှုန်းကို အသုံးပြုခဲ့ကြသည်။ (Cheesman 2017:4)

နိုင်ငံလွတ်လပ်ရေးသည် ဗမာပြည်မနှင့် တောင်တန်းဒေသများ​ကို စည်းလုံးညီညွတ်သွားစေခဲ့ပြီး အကွဲကွဲအပြားပြား ဖြစ်နေသော လူ့အဖွဲ့အစည်းများသည်လည်း လွတ်လပ်ရေး​ရပြီးချိန်တွင် ရန်ကုန်မြို့တော်တွင် ရုံးစိုက်သော ဗဟိုအစိုးရ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိလာခဲ့သည်။ ထိုခေတ်ကာလက တိုင်းရင်းသားဟူသော အခေါ်အဝေါ်ကို လွတ်လပ်ရေး​ရပြီးချိန်တွင် ‘ပြည်ထောင်စုမြန်မာနိုင်ငံတော်’ အဖြစ် ခေါ်တွင်နေသော နယ်မြေဒေသတွင်းရှိ ‘ဒေသခံ’ များဟု ဗဟိုအစိုးရက သတ်မှတ်ထားသည့် လူမျိုးစုများကို အမည်တပ်ရာတွင် အသုံးပြုခဲ့သည်။ (မြန်မာနိုင်ငံ၏) ပထမဆုံး​ဝန်ကြီးချုပ် ဦးနုသည် လွတ်လပ်ရေးရရှိခါစ နိုင်ငံအတွက် ပြည်တွင်း၊ ပြည်ပ ‘အန္တရာယ်’ များကို သတိပေးခဲ့သည်။ ၎င်းက တိုင်းရင်းသား လူမျိုးစုများသည် ထိုအန္တရာယ်များကို ချေမှုန်းရာတွင် စည်းလုံးကြရန်၊ နိုင်ငံနှင့် ဗဟိုအစိုးရအပေါ် သစ္စာရှိမှု၊ ဝိုင်းဝန်းကူညီမှုတို့ကို ပြသရန်အလို့ငှာ တာဝန်ယူလို​စိတ်ရှိကြရန် မေတ္တာရပ်ခံခဲ့သည်။ (Cheesman 2017:4)

တိုင်းရင်းသားဟူသော အခေါ်အဝေါ်ကို စောစီးစွာ အသုံးပြုခဲ့​စေကာမူ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံစာချုပ်တွင် ၎င်းကို ထည့်သွင်းဖော်ပြခြင်းမပြုခဲ့ဘဲ ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စု​မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ နိုင်ငံသားဖြစ်မှုကဏ္ဍတွင် နှစ်ကြိမ်သာ ထည့်သွင်းဖော်ပြခဲ့သည်။ သို့ရာတွင် မည်သည့်လူမျိုးစုများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ဖော်ပြထားကြောင်း စာရင်းပြုစုဖော်ပြထားခြင်း မရှိခဲ့ပါ။ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတွင် “ရခိုင်၊ မြန်မာ၊ ချင်း၊ ကချင်၊ ကရင်၊ မွန်နှင့် ရှမ်းလူမျိုးအပြင် အေဒီ ၁၈၂၃ ခုနှစ် (1185 B.E.) အစောပိုင်းကာလတွင် ပြည်ထောင်စုနိုင်ငံတော်အတွင်း ပါဝင်နေသော မည်သည့်နယ်မြေတွင်မဆို အမြဲတမ်းနေထိုင်ရာအဖြစ် အခြေချနေထိုင်သွားမည့် လူမျိုးခြားများ” ကို တိုင်းရင်းသားအဖြစ် အသုံးပြုခဲ့ကြသည်။

၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း၊ ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် (ဗိုလ်ချုပ်) နေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံအကြောင်း ရေးသားထားသော အမျိုးသားရေးဝါဒနှင့် တပ်မတော်၏ အခန်းကဏ္ဍဟူသော ဝါဒရေးရာ​စာတမ်းတွင် တိုင်းရင်းသားဟူသော အခေါ်အဝေါ်ကို ထည့်သွင်းဖော်ပြခြင်းမပြုခဲ့ပါ။

ဗိုလ်ချုပ်နေဝင်းသည် နိုင်ငံသစ်တည်ထောင်ရာတွင် တိုင်းရင်းသားများ၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့သည်။ 

၁၉၆၀ ခုနှစ်များတွင် တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တို့သည် တိုင်းရင်းသားဟူသော အခေါ်အဝေါ်ကို ပြန်လည်မိတ်ဆက်​အသုံးပြုခဲ့ပြီး ထိုအခေါ်အဝေါ်၏ အယူအဆကို ပို၍အဓိပ္ပာယ် ထင်ရှားပေါ်လွင်စေရန် ကြိုးပမ်းခဲ့သည်။ ဗိုလ်ချုပ်နေဝင်း၏ မိန့်ခွန်းများတွင် တိုင်းရင်းသားသည် ]တိုင်းရင်းသားလူမျိုးများ} ကို ဆိုလိုခြင်းဖြစ်ပြီး ယခင်ကာလများကဲ့သို့ အိန္ဒိယနှင့် တရုတ်​မျိုးနွယ်ဝင်တို့ မပါဝင်ပါ။ ဗိုလ်ချုပ်နေဝင်းသည် နိုင်ငံသစ်​တည်ထောင်ရာတွင် တိုင်းရင်းသားများ၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့သည်။ ၎င်းတို့လိုလားသည့် ခေတ်မီသော ဆိုရှယ်လစ်စီးပွားရေးစနစ်တစ်ခုကို တည်ထောင်ရန် ပါတီ၏ မဟာဗျူဟာမှာ တရားမျှတကြောင်း ပြသရန် အလို့ငှာ တိုင်းရင်းသားဟူသော အခေါ်အဝေါ်ကို သုံးနှုန်းခဲ့သည် (Cheesman 2017:6)။

ဗိုလ်ချုပ်နေဝင်းအစိုးရ လက်ထက်တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို တည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းအစိုးရသည် ထိုခေတ်ကာလက အသိအမှတ်ပြုခဲ့သော တိုင်းရင်းသားလူမျိုး ၈ မျိုးတွင် ဗမာလူမျိုးများမှလွဲ၍ ကျန်တိုင်းရင်းသားလူမျိုး ၇ မျိုး၏ ကွဲပြားခြားနားသည်ဟု ယူဆရသော သွင်ပြင်​လက္ခဏာများကို ဖော်ပြသည့် စာအုပ်များကို ထုတ်ဝေခဲ့သည် (Cheesman 2017:6; Cho 2018:47)။ အုပ်ချုပ်မှုဆိုင်ရာ နယ်မြေ ၇ ခုကို အမျိုးသားလူမျိုးများဖြစ်သော ကချင်၊ ချင်း၊ ကရင်နီ (ကယား)၊ ကရင်၊ ရှမ်း၊ မွန်နှင့် ရခိုင်လူမျိုးတို့အပေါ် အစွဲပြု၍ အမည်နာမခေါ်တွင်ခဲ့သည်။

ဌာနေတိုင်းရင်းသားလူမျိုးစုတို့သည် ကိုလိုနီခေတ်မတိုင်မီ နှစ်ထောင်ပေါင်းများစွာကတည်းက စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသည်ဟူသော အယူအဆကို ဖန်တီးရန်အတွက် တိုင်းရင်းသားဟူသော အခေါ်အဝေါ်ကို မဆလအုပ်ချုပ်မှု​ခေတ်တွင် စတင်အသုံးပြုခဲ့ကြသည်။ ကိုလိုနီစနစ်ကို စည်းလုံးညီညွတ်မှု ပျက်ပြားစေရေးပုံရိပ်အဖြစ် သရုပ်ဖော်ခဲ့ပြီး ထိုစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ထောင်နိုင်သည်​ဟုလည်းဆိုသည်။ ဥပမာဆိုရသော် ၁၉၇၁ ခုနှစ်တွင် မဆလမှ ထုတ်ပြန်ခဲ့သော တိုင်းရင်းသားလူမျိုးစုများ၏ ခုခံတော်လှန်ရေး သမိုင်းစာတမ်းတွင် ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်မှုမတိုင်ခင် ခေတ်ကာလကို “ဗြိတိသျှတို့၏ နယ်ချဲ့စိုးမိုးမှုကြောင့် ဖျက်ဆီးခြင်းမခံရမီအထိ ကွဲပြားစုံလင်သော ယဉ်ကျေးမှုပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ရာ ငြိမ်းချမ်းလွတ်လပ်သော လောကနိဗ္ဗာန်အဖြစ်” ဖော်ပြပြီး “စည်းလုံးညီညွတ်သော အသိ​စိတ်ဓာတ်နှင့် လွတ်လပ်မှုကို လိုလားသော စိတ်ဆန္ဒတို့ကြောင့် ဗမာပြည်ရှိ တိုင်းရင်းသားလူမျိုးစုများက ကိုလိုနီနယ်ချဲ့စနစ်ကို တွန်းလှန်တိုက်ထုတ်ခဲ့ကြပုံများ” ကိုလည်း ရေးသားဖော်ပြခဲ့​သည် (Cho 2018:46)။

၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ရာတွင် တိုင်းရင်းသားဖြစ်ခြင်းဟူသော သဘောတရား၏ အရေးပါပုံကို ပိုမို၍ ထင်ရှားပေါ်လွင်စေခဲ့​သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စု​ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံကို “တိုင်းရင်းသားအမျိုးမျိုး အတူတကွ ပေါင်းစည်းနေထိုင်သော နိုင်ငံတော်” အဖြစ် ဖော်ပြခဲ့သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်​လူမျိုးစုများသည် တိုင်းရင်းသား ဖြစ်သည်ဟူ၍ ခွဲခြားသတ်မှတ်​မထားခဲ့ပါ။

နောက်ပိုင်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး​ကောင်စီ (SPDC) ဟု ပြောင်းလဲခဲ့သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) သည် တိုင်းရင်းသားဟူသော ဝေါဟာရကို နည်းအမျိုးမျိုးဖြင့် အသုံးပြုခဲ့သည်။

နည်းလမ်းတစ်မျိုးမှာ မည်သူမည်ဝါသည် တိုင်းရင်းသား​ဖြစ်သောကြောင့် နိုင်ငံသားဖြစ်ကြောင်း၊ မည်သူက တိုင်းရင်းသား မဟုတ်ကြောင်း ခွဲခြားသိမြင်နိုင်စေရန်ဖြစ်သည်။ ထိုနည်းလမ်းသည် ‘ပြည်ပ’ ဟု ယူဆထားသည့် လူမျိုးစုနှင့် စစ်တပ်များကို ခုခံကာကွယ်ရန် တပ်မတော်၏ ကာကွယ်ရေး​မဟာဗျူဟာသည် တရားမျှတကြောင်း ပြသရန် ကြိုးပမ်းသည် (Cheesman 2017:7)။

နောက်ထပ်နည်းလမ်းတစ်ခုမှာမူ နိုင်ငံတွင်းရှိ လူမျိုးစုနှင့် စစ်တပ်များအပေါ် တပ်မတော်၏ တိုက်ခိုက်လှုပ်ရှားမှုများသည် တရားမျှတကြောင်း ပြသရန်ဖြစ်သည်။ ထိုလူမျိုးစုများနှင့် စစ်တပ်များသည် တိုင်းရင်းသားလူမျိုးစုအကြား ‘စည်းလုံး​ညီညွတ်ရေး’ နှင့် ‘ပေါင်းစည်းရေး’ ကို ခြိမ်းခြောက်နေသည်ဟု ယူဆရခြင်းကြောင့် ၎င်းတို့ကို ဦးတည်အရေးယူဆောင်ရွက်​ရခြင်းဖြစ်သည် (Cheesman 2017:7)။

ထို့ကြောင့် တိုင်းရင်းသားဟူသော အခေါ်အဝေါ်အား တစ်သားတည်းဖြစ်စေမည့် ‘မြန်မာ’ နိုင်ငံသားဖြစ်တည်မှုကို အတိအကျ ဖော်ပြနိုင်ရန်နှင့် မြန်မာ့နယ်နိမိတ်အတွင်း ဌာနေတိုင်းရင်းသားဖြစ်သည်ဟု ယူဆရသော လူမျိုးစုအမျိုးမျိုးကို ခွဲခြားသိမြင်နိုင်စေရန် အသုံးပြုခဲ့သည်။

တတိယနည်းလမ်းမှာ တိုင်းရင်းသားများအား ပေါင်းစည်းခြင်း​သည် တရားမျှတကြောင်း ပြသရန်ဖြစ်သည်။ ပေါင်းစည်းခြင်း​ဆိုသည်မှာ လူမျိုးစုတစ်စုသည် အခြားလူမျိုးစု (များသော​အားဖြင့် လူများစု) နှင့် ပိုမိုတူညီလာစေရန် မိမိကိုယ်ကို ပြောင်းလဲလိုက်ခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ လူမျိုးစုများ​သည် ဖိအားပေးခံရ၍ဖြစ်စေ၊ မိမိ၏ စိတ်ဆန္ဒအလျောက်ဖြစ်စေ ပေါင်းစည်းခြင်း ပြုကြရပါသည်။ ပေါင်းစည်းရေးမဟာဗျူဟာ​အမျိုးမျိုးထဲမှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) သို့မဟုတ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) သည် တိုင်းရင်းသားလူမျိုးစု​အားလုံးကို တစ်သားတည်းဖြစ်စေမည့် ‘မြန်မာ’ နိုင်ငံသား​ဖြစ်တည်မှုအား မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။ ထိုတစ်သားတည်း​ဖြစ်စေမည့် ‘မြန်မာ’ နိုင်ငံသားဖြစ်တည်မှုသည် နိုင်ငံတော်​ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) သို့မဟုတ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) က တစ်စိတ်တစ်ပိုင်း အစပျိုးပေးခဲ့သော ဗမာလူမျိုး/ ဗမာနိုင်ငံသား ဖြစ်တည်မှုနှင့် တစ်ထပ်တည်းကျနေခဲ့သည်။ အရေးပါသော နည်းဗျူဟာတစ်ခုသည် အခြားသော တိုင်းရင်းသားဖြစ်တည်မှုများထက် ထိုအစပြုခဲ့သော ဗမာလူမျိုး/ဗမာနိုင်ငံသား ဖြစ်တည်မှုကို အမျိုးသားဖြစ်တည်မှု​တစ်ခုအဖြစ် ပိုမိုထင်ရှားပေါ်လွင်စေရန် ပညာရေးကို အသုံးချခြင်းဖြစ်သည် (Cheesman 2017:7-8)။ ထို့ကြောင့် တိုင်းရင်းသားဟူသော အခေါ်အဝေါ်အား တစ်သားတည်း​ဖြစ်စေမည့် ‘မြန်မာ’ နိုင်ငံသားဖြစ်တည်မှုကို အတိအကျ ဖော်ပြ​နိုင်ရန်နှင့် မြန်မာ့နယ်နိမိတ်အတွင်း ဌာနေတိုင်းရင်းသား​ဖြစ်သည်ဟု ယူဆရသော လူမျိုးစုအမျိုးမျိုးကို ခွဲခြားသိမြင်နိုင်​စေရန် အသုံးပြုခဲ့သည်။ ၁၉၉၈ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့၊ အမျိုးသားပြတိုက်၌ ကျင်းပခဲ့သော ဆွေးနွေးပွဲနှင့် ပြပွဲတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်က “နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိုနိုင်ငံ၏ မျိုးနွယ်၊ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ နောက်ခံတို့​အပေါ် အခြေခံ၍ တိုင်းတာနိုင်သည်။ နိုင်ငံ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ၏ အရေးပါမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ရှေးကျသော မျိုးရိုးဇာစ်မြစ်​များ၏ သမိုင်းဝင်အထောက်အထားတို့ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံသည် အမျိုးသားရေးစိတ်ဆန္ဒပြင်းပြမှုနှင့် မျိုးချစ်ဝါဒတို့ကို ရှင်သန်ကြီးထွားရာနိုင်ငံဖြစ်သည်။ မိမိတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများ၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုတို့ကို ဆက်လက်တည်တံ့စေရန် ကြိုးပမ်းနေသည့် ပြည်သူများရှိရာ နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်” ဟု ဖော်ပြခဲ့​သည် (Houtman 1999:16)။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ​ဥပဒေတွင် တိုင်းရင်းသားတို့သည် နိုင်ငံသစ်တည်ထောင်ရာတွင် အရေးပါသည်ဟု ဖော်ပြခဲ့သည်။ ၎င်းတွင်လည်း မည်သည့်​လူမျိုးစုများသည် တိုင်းရင်းသားဖြစ်သည်ဟူ၍ ခွဲခြားသတ်မှတ်​မထားခဲ့ပါ။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC)/ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး​တိုးတက်ရေးအတွက် ဗဟိုကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း​တွင် တပ်မတော်၏ ထိန်းချုပ်မှုအောက်ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာနအဖြစ် ပြောင်းလဲခဲ့သည်။ ဝန်ကြီးဌာန​ဖွဲ့စည်းပြီးနောက် များမကြာမီကာလတွင် “(တိုင်းရင်းသား) လူမျိုးစု (၁၃၅) စု၏ တိုးတက်ဖွံ့ဖြိုးမှုကို ရှေးရှုသော စီမံကိန်း​တစ်ခုကို စတင်ခဲ့သည်” (Wade 2017:73)။ သို့ရာတွင် ထိုစီမံကိန်း၌ ဗမာတိုင်းရင်းသားလူမျိုးစုများ မပါဝင်ခဲ့ပေ။

ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများသည် လက်နက်ကိုင်​ပဋိပက္ခများကို ဆယ်စုနှစ်များစွာ ခါးစည်းခံခဲ့ကြရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု လိုအပ်နေကြသည်ဟု ဆိုထားပါသည်။ ဝန်ကြီးဌာန၏ စီမံကိန်းသည် “ပေါင်းစည်းမှုကို စဉ်ဆက်မပြတ် အထင်အရှား ခုခံတော်လှန်နေသည့်အကြားတွင် နိုင်ငံကို မည်သို့ ပေါင်းစည်းမည်နည်း” ဟူသော အချိန်ကြာမြင့်စွာ အဖြေရှာမရခဲ့သည့် မေးခွန်းအား အဖြေရှာရန် ကြိုးပမ်းခဲ့​ကြသည် (Wade 2017:74)။ ဤမေးခွန်း၏ အဖြေကား လက်နက်ကိုင်အဖွဲ့များကို ‘အကြမ်းဖက်သမား’ များဟု ကြေညာရန်နှင့် ‘ဖွံ့ဖြိုးတိုးတက်ရေး’ ကို အာမခံချက်ပေးရန်တို့ ဖြစ်ကြသည်။ နယ်ခြားစောင့်တပ်များကို မြန်မာ့နယ်နိမိတ်​ငါးခုတစ်လျှောက် ချထားခဲ့သည် (Wade 2017:73)။ 

“နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၈၈ ခုနှစ် အာဏာရယူခဲ့ချိန်တွင် ပြဌာန်းခဲ့သော ဒို့တာဝန်အရေး (၃) ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား​စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့​ခိုင်မြဲရေးတို့ကို ကျောင်းသားများမှ သန္နိဌာန်ချဆောင်ရွက်​ကြရန်” အတွက် တိုင်းရင်းသားလူမျိုးစု အများအပြားနေထိုင်ရာ ပြည်နယ်များတွင် စာသင်ကျောင်းများကို ဖွင့်လှစ်ပေးခဲ့သည် (Wade 2017:84)။ သို့ရာတွင် ထိုစီမံကိန်းသည် နာမည်ကောင်း မရရှိခဲ့ပါ (Wade 2017:74)။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြဌာန်းခဲ့သည့် ၂၀၁၅ ခုနှစ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေတွင် တိုင်းရင်းသားလူမျိုးဟူသော အခေါ်အဝေါ်သည် ‘တိုင်းရင်းသား​လူမျိုးစုများ’ ကို ဆိုလိုခြင်းဖြစ်ပြီး “ပြည်ထောင်စုသမ္မတ​နိုင်ငံတော်​အတွင်း အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော” လူမျိုးစု​များဟု အဓိပ္ပာယ်သတ်မှတ်ထားသည်။ ထိုဥပဒေအရ နိုင်ငံသား​အပြည့်အဝဖြစ်ပြီးသူများသာ ထိုအဓိပ္ပာယ်သတ်မှတ်ချက်တွင် အကျုံးဝင်ကြောင်း မှတ်ချက်ပြုထားပါသည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားလူမျိုးများသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား​ဥပဒေအရ နိုင်ငံသားအပြည့်အဝ ခံယူထားပြီးသူများဖြစ်ပြီး “မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် (အေဒီ ၁၈၂၃ ခုနှစ်) မတိုင်မီကာလတွင် (မြန်မာနိုင်ငံ) အတွင်း ပါဝင်သည်ဟု သတ်မှတ်ထားသော နယ်မြေဒေသများအတွင်း ထာ၀ရ​မွေးရပ်မြေအဖြစ် အခြေချနေထိုင်ခဲ့ကြသူများ” ဖြစ်ကြသည်။


ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. တိုင်းရင်းသားဟူသော အခေါ်အဝေါ်သည် သင့်အတွက် မည်သို့သော အဓိပ္ပာယ်သက်ရောက်သနည်း။

  2. တိုင်းရင်းသား၏ အခြားအဓိပ္ပာယ်များကို သင်ကြားဖူးပါ​သလား။ ကြားဖူးခဲ့ပါက ထိုအဓိပ္ပာယ်များသည် သင်ကိုယ်တိုင်နားလည်ထားသည့် တိုင်းရင်းသားဟူသော အခေါ်အဝေါ်နှင့် တူညီပါသလား သို့မဟုတ် ခြားနားနေသလား။

  3. ခြုံငုံကြည့်မည်ဆိုပါက ထိုသဘောတရားသည် အပြုသဘောဆောင်ပါသလား သို့မဟုတ် အပျက်သဘောဆောင်ပါသလား။ အဘယ်ကြောင့်နည်း။

  4. သင့်ကိုယ်သင် တိုင်းရင်းသားဟု သတ်မှတ်ဖော်ပြခံယူထား​ပါသလား။ အစိုးရအနေဖြင့် သင့်ကို ထိုလူမျိုးစုထဲသို့ ထည့်သွင်းသတ်မှတ်ပါသလား။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ