၂.၅

နိုင်ငံမဲ့သူများ ရင်ဆိုင်ရသော စိန်ခေါ်မှုများ

အကြိုလေ့လာချက်

နိုင်ငံမဲ့သူများသည် မည်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသနည်း။

ဥပဒေအရ (de jure) နိုင်ငံမဲ့သူများသည် တရားဝင်နိုင်ငံသား​ဖြစ်ခွင့်ကို မရရှိသည့်အတွက်၊ အောက်ပါအခွင့်အရေးများ အပါအဝင် သူတို့၏ အခွင့်အရေးအများစုကို မရရှိသည့်သဘောဖြစ်နေသည်။

  • ဒေသန္တရ သို့မဟုတ် နိုင်ငံတော်အဆင့် အစိုးရ​ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်း သို့မဟုတ် ရွေးကောက်တင်မြှောက်ခံရခြင်း။
  • အစိုးရအလုပ်အကိုင်များ လျှောက်ထားခြင်း။
  • အစိုးရဌာနများတွင် ၎င်းတို့၏ မြေယာများနှင့် အခြားပိုင်ဆိုင်မှုများကို မှတ်ပုံတင်ခြင်း။
  • တရားဥပဒေဆိုင်ရာ စာချုပ်များကို လက်မှတ်ရေးထိုးခြင်း။
  • အစိုးရကျန်းမာရေးဝန်ဆောင်မှုများကို အပြည့်အဝရယူခြင်း။
  • အစိုးရစာသင်ကျောင်းများတွင် ကလေးများကို တက်ရောက်​ပညာသင်ကြားစေခြင်း။
  • လွတ်လပ်စွာ သွားလာနိုင်ခွင့်ရှိခြင်း။

ထိုအရာသည် တစ်ဦးတစ်ယောက်ချင်း၊ မိသားစုများနှင့် ရပ်ရွာအစုအဖွဲ့တစ်ရပ်လုံးကို ပြဿနာများစွာ ဖြစ်စေနိုင်သည်။

လက်တွေ့ (de facto) နိုင်ငံမဲ့သူများသည်လည်း ဥပဒေအရ နိုင်ငံမဲ့သူများကဲ့သို့ ၎င်းတို့၏ အခွင့်အရေးများကို ရယူရာတွင် ကန့်သတ်တားဆီးမှုများနှင့် ရင်ဆိုင်ရနိုင်သည်။ လက်တွေ့ နိုင်ငံမဲ့သူများသည် ၎င်းတို့၏ တရားဝင်နိုင်ငံသားဖြစ်ပိုင်ခွင့်ကို သက်သေပြမည့် စာရွက်စာတမ်းကို လျှောက်ထားရာတွင် အတားအဆီးများနှင့် ရင်ဆိုင်ရနိုင်သည်။

 

မြန်မာ့ရေးရာ -

တရားဝင်နိုင်ငံသားဖြစ်ခြင်းကို သက်သေပြနိုင်မည့် အထောက်အထားများကို ရယူခြင်း


၂၀၁၇ ခုနှစ်တွင် ပီတိအပြုံးပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (SEDF) နှင့် Justice Base တို့သည် ပြည်သူများ၏ တရားဝင်နိုင်ငံသားဖြစ်ပိုင်ခွင့်အား သက်သေပြနိုင်မည့် အထောက်အထားများကို ရယူရာတွင် တွေ့ကြုံရသည့် အတားအဆီးများကို ဖော်ထုတ်နိုင်ရန်အတွက် မော်လမြိုင်မြို့နှင့် ပုသိမ်မြို့တွင် သုတေသနပြုလုပ်ခဲ့သည်။ ထိုအဖွဲ့အစည်းများ​သည် လူများစုဝင်များနှင့် လူနည်းစုဝင်များ နှစ်မျိုးစလုံး​ပါဝင်သော ဘာသာရေးဆိုင်ရာ ပင်ကိုယ်စရိုက်လက္ခဏာ အမျိုးမျိုးရှိကြသည့် တိုင်းရင်းသား (၁၇၉) ဦးနှင့် တွေ့ဆုံခဲ့​ကြသည်။ စာရွက်စာတမ်းများကို လက်လှမ်းမီရယူခြင်းနှင့် နိုင်ငံမဲ့ခြင်း၏ အန္တရာယ်စာတမ်း (SEDF & JB ၂၀၁၇) တွင် ထုတ်ဝေခဲ့သော ရှာဖွေလေ့လာချက်တွင် တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုတို့အတွက် အောက်ဖော်ပြပါ အဓိက​အတားအဆီးများ ပါဝင်ခဲ့သည်။

  • တရားဝင်နိုင်ငံသားဖြစ်မှုကို သက်သေပြနိုင်သည့် အထောက်အထားများကို မည်သို့ရယူနိုင်ကြောင်း နားလည်သဘောပေါက်မှု မရှိခြင်း - ဖြေကြားသူများသည် သူတို့၏ တရားဝင်နိုင်ငံသားဖြစ်မှုကို သက်သေပြနိုင်သည့် အထောက်အထားများကို ရယူနိုင်ရန် မည်သည့်အရာများ လိုအပ်ကြောင်းကို မသိရှိကြပါ။
  • တစ်သမတ်တည်းမဟုတ်သော၊ ကြိုတင်ခန့်မှန်းမရသော လုပ်ထုံးလုပ်နည်းများ - ဖြေကြားသူများသည် အထောက်အထား​လျှောက်ရန် ဆောင်ရွက်ရသည့် လုပ်ထုံး​လုပ်နည်းများနှင့် စပ်လျဉ်း၍ မသေချာမရေရာမှုများကို အများဆုံးဖြေကြားခဲ့ကြပြီး အချို့ဖြေကြားသူများက အစိုးရ​အရာရှိများသည် လျှောက်ထားသူများအပေါ် အတိအလင်း ပြောကြားထားခြင်းမရှိသည့် ဆုံးဖြတ်ချက်များကို ချမှတ်ကြ​သည်ဟု ယူဆကြသည်။
  • လူတစ်ဦး၏ တရားဝင်နိုင်ငံသားဖြစ်မှုအား အဆင့်​လျှော့ချမည်ကို ကြောက်ရွံ့မှု - ဖြေကြားသူများသည် ၎င်းတို့၏ နိုင်ငံသားမှတ်ပုံတင်ကတ်များကို အသစ်​ပြန်လျှောက်ရာတွင် အဆင့်နိမ့်တရားဝင်နိုင်ငံသားဖြစ်မှု​ကတ်များဖြင့် လဲပေးလိုက်မည်ကို ကြောက်ရွံ့ကြောင်း အလေးပေးဖြေကြားခဲ့ကြသည်။ ထိုသို့ လဲပေးခံရပါက သူတို့၏ အခွင့်အရေးရယူပိုင်ခွင့်ကို ကန့်သတ်ထားနိုင်​သည်ဟုလည်း စိုးရိမ်ခဲ့ကြသည်။
  • လာဘ်ပေးလာဘ်ယူခြင်း - ဖြေကြားသူအများအပြားသည် အထောက်အထားလျှောက်ထားခြင်းကို လွယ်ကူချောမွေ့​စေရန် ဆောင်ရွက်ပေးသည့် တရားမဝင်ပွဲစားများမှတစ်ဆင့် လာဘ်ထိုးရန် တောင်းဆိုခံခဲ့ရကြောင်း ဖြေကြားခဲ့ကြသည်။
  • မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူရာတွင် အတားအဆီးများ​ရှိခြင်း - ရံဖန်ရံခါ၌ အထောက်အထား လျှောက်သူများ၏ ဘာသာရေး သို့မဟုတ် တိုင်းရင်းသားဖြစ်တည်မှု ပင်ကိုယ်စရိုက်လက္ခဏာကို လူဝင်မှုကြီးကြပ်ရေး​အရာရှိများကသာ ဆုံးဖြတ်ခဲ့ကြသည်။ မွတ်ဆလင်များကို တိုင်းရင်းသားဗမာလူမျိုးအဖြစ် သတ်မှတ်ခံယူခွင့် ပြုလေ့​မရှိပါ။ ဖြေကြားသူအချို့သည် သူတို့၏ ကိုယ်ပိုင်ပင်ကိုယ်​စရိုက်လက္ခဏာများထက် ပိုမိုဘေးကင်းလုံခြုံသည်ဟု ခံစားရသော အခြားကိုးကွယ်ယုံကြည်မှုဆိုင်ရာ သို့မဟုတ် တိုင်းရင်းသားဖြစ်တည်မှု ပင်ကိုယ်စရိုက်လက္ခဏာများကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ ဖြေကြားသူအချို့သည် လူဝင်မှုကြီးကြပ်ရေး အရာရှိများက လက်ခံခဲ့ခြင်းမရှိသည့် တိုင်းရင်းသားဖြစ်ခြင်းနှင့် မိမိကိုယ်ကို သတ်မှတ်ဖော်ပြ​ခံယူခဲ့သည်။
  • ခွဲခြားဆက်ဆံခံရခြင်း - ရံဖန်ရံခါ၌ ခရစ်ယာန်​ဘာသာဝင်များ၊ တမီးလ်တိုင်းရင်းသား/လူမျိုးများနှင့် တိုင်းရင်းသား အမွေအနှစ်အများအပြား ရှိသူများသည် လူဝင်မှုကြီးကြပ်ရေးအရာရှိများထံမှ မမျှတသော ဆက်ဆံမှုမျိုးနှင့် ကြုံကြရသည်။
  • သိသာထင်ရှားသည့် နှောင့်နှေးကြန့်ကြာမှုများ - ဖြေကြားသူအချို့သည် သူတို့၏ နိုင်ငံသားမှတ်ပုံတင်​ကတ်များ ရရှိနိုင်ရန် (၁၀) နှစ်ကျော်အထိပင် အလွန်​ကြာမြင့်စွာစောင့်ခဲ့ရသည်။ အခြားသူများကမူ လူဝင်မှု​ကြီးကြပ်ရေးရုံးသို့ ကြိမ်ဖန်များစွာသွားခဲ့ရသည်။ ဖြေကြားသူတစ်ဦးမှာမူ လူဝင်မှုကြီးကြပ်ရေးရုံးသို့ (၃) လ​အတွင်း အကြိမ် (၂၀) လာရောက်ရန် ခေါ်ယူခြင်းခံရသည်။

ထိုရှာဖွေတွေ့ရှိချက်များအပေါ် စပ်လျဉ်း၍ SEDF နှင့် Justice Base တို့သည် အောက်ဖော်ပြပါ အကြံပြုချက်များကို ဖော်ပြပေးခဲ့သည် -

  • ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများအကြား နားလည်သဘောပေါက်မှု တိုးပွားလာစေရေးအတွက် လှုပ်ရှားမှုများ ပိုမိုလိုအပ်နေသည်။
  • လူတစ်ဦး၏ တရားဝင်နိုင်ငံသားဖြစ်မှုကို သက်သေပြ​နိုင်မည့် အထောက်အထားများကို လျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းများသည် ရှင်းလင်းပြတ်သားပြီး တစ်သမတ်တည်းဖြစ်၍ အများပြည်သူအတွက် အလွယ်တကူ သိရှိနိုင်ရမည်။
  • တိုင်းရင်းသားများနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပင်ကိုယ်စရိုက်လက္ခဏာကို နိုင်ငံသားမှတ်ပုံတင်ကတ်များမှ ဖယ်ထုတ်သင့်သည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ