၅.၃.၁ - ယခင်နိုင်ငံသားဥပဒေများ
အကြိုလေ့လာချက်
မြန်မာနိုင်ငံ၏ ယခင်နိုင်ငံသားဥပဒေများနှင့် ပတ်သက်၍ မည်သည်တို့ကို သင်သိရှိထားပါသနည်း။
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လူတစ်ဦးအား နိုင်ငံတစ်နိုင်ငံထက်ပို၍ တရားဝင်နိုင်ငံသား ဖြစ်ခွင့်ကို ခွင့်မပြုပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် တရားဝင်နိုင်ငံသား အမျိုးအစားတစ်မျိုးကိုသာ အသိအမှတ်ပြုပြီး အောက်ဖော်ပြပါ မည်သူမဆို တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားခံရသူများ ဖြစ်ကြသည် -
- “မြန်မာဌာနေတိုင်းရင်းသားများ” အနွယ်ဝင်မိဘများမှ မွေးဖွားခဲ့ခြင်း။
- အနည်းဆုံး “မြန်မာဌာနေတိုင်းရင်းသားများ” အနွယ်ဝင် အဘိုးအဘွားတစ်ယောက်ရှိ၍ မြန်မာနိုင်ငံနယ်နိမိတ်ထဲ၌ မွေးဖွားခဲ့ခြင်း။
- မြန်မာနိုင်ငံနယ်နိမိတ်တွင် မွေးဖွားခဲ့ပြီး မိဘနှစ်ဦးစလုံးသည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသားများဖြစ်ခြင်း။
- ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်မပြုမီ အချိန်အတန်ကြာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ခဲ့သူ၊ ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်ရှိ မည်သည့်နေရာတွင်မဆို မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ရန် ရည်ရွယ်သူ။
အသစ်ဖွဲ့စည်းခဲ့သော လွှတ်တော်ကလည်း နိုင်ငံသားဥပဒေများ ထပ်မံရေးဆွဲခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် မည်သည့်လူမျိုးစုနှင့် မည်သည့်အုပ်စုများကို တိုင်းရင်းသားဟု သတ်မှတ်ထားသည်ကို မဖော်ပြခဲ့ပါ။
၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေသည် လွတ်လပ်ရေးရပြီးနောက် ပထမဆုံး နိုင်ငံသားဥပဒေဖြစ်သည်။ ၎င်းဥပဒေသည် လူပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံအများအပြားတွင် တရားဝင်နိုင်ငံသား ဖြစ်ခွင့်ကို ခွင့်မပြုပါ။ ဤဥပဒေတွင် တရားဝင်နိုင်ငံသား အမျိုးအစားတစ်မျိုးတည်းကိုသာ အသိအမှတ်ပြုသည်။ ၎င်းသည် ‘မြန်မာဌာနေတိုင်းရင်းသားများ’ ဖြစ်သော အာရကန်(ရခိုင်)၊ မြန်မာ၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန် သို့မဟုတ် ရှမ်း နှင့် ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ၏ မည်သည့်နယ်မြေဒေသ၌မဆို အခြေချနေထိုင်ခဲ့ကြသည့် အခြားမည်သည့်အုပ်စုကိုမဆို ဆိုလိုသည်။ တရားဝင်နိုင်ငံသားများအားပေးသော နိုင်ငံသားမှတ်ပုံတင်ကတ်များ (NRCs) သည် ကိုင်ဆောင်သူ၏ လူမျိုး သို့မဟုတ် ဘာသာရေးကို သတ်မှတ်ဖော်ပြထားခြင်း မရှိပါ။
၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများအဖြစ် အသိအမှတ်ပြုခံထားရသူများကို နိုင်ငံသားဖြစ်ပြီးသူများအဖြစ် အသိအမှတ်ပြုခဲ့သည်။ လူတစ်ဦးချင်းစီအား နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ရန်အတွက် စံသတ်မှတ်ချက်များစွာလည်း ပါဝင်သည်။
- အောက်ပါအချက်သုံးချက်နှင့် ကိုက်ညီသူများသည် နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ကြသည် -
- မြန်မာနိုင်ငံတွင် အခြေကျနေထိုင်ပြီး မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ။
- မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံတွင် အခြေချနေထိုင်သည့် မိဘနှစ်ပါးရှိသူ။
- မြန်မာနိုင်ငံတွင် အခြေကျနေထိုင်သည့် ဘိုးဘွားများရှိသူ။
- ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း မွေးဖွားသော ကလေးများသည် နိုင်ငံသားဖြစ်ပြီးသူ မိဘတစ်ပါးရှိပါက အလိုအလျောက် တရားဝင်နိုင်ငံသား ဖြစ်လာသည်။ မြန်မာနိုင်ငံပြင်ပတွင် မွေးဖွားသော ကလေးများသည် မိဘများ၏ တရားဝင်နိုင်ငံသားဖြစ်မှု အဆင့်အတန်းနှင့် အလုပ်အကိုင်ပေါ် မူတည်၍ မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသားများ ဖြစ်လာနိုင်သည်။
- ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတွင် အောက်ပါအုပ်စုများအတွက် သတ်မှတ်ထားသော သတ်မှတ်ချက်များအရ နိုင်ငံသားပြုခွင့်ကိုရရှိရန် အခွင့်အလမ်းအမျိုးမျိုး ပါဝင်သည်။
- အသက် ၁၈ နှစ်ပြည့်ပြီး မြန်မာနိုင်ငံအတွင်း အနည်းဆုံး ၅ နှစ် နေထိုင်ခဲ့သူ၊ “တိုင်းရင်းသား ဘာသာစကား” တစ်မျိုးမျိုးကို ပြောတတ်ပြီး “အကျင့်စာရိတ္တ ကောင်းမွန်ခြင်း” ရှိသူ။
- မြန်မာနိုင်ငံမှ တရားဝင်နိုင်ငံသားအား လက်ထပ်ပြီး မြန်မာနိုင်ငံအတွင်း အနည်းဆုံးတစ်နှစ် နေထိုင်ခဲ့သည့် အမျိုးသမီး။
- မြန်မာနိုင်ငံအတွင်း နေထိုင်သော တရားဝင်နိုင်ငံသားမဟုတ်သည့် မိဘနှစ်ပါးမှ မွေးဖွားလာသော သားသမီး။
- မြန်မာနိုင်ငံပြင်ပတွင် အနည်းဆုံး တရားဝင်နိုင်ငံသားဖြစ်ခဲ့သည့် မိဘတစ်ဦိးမှ မွေးဖွားသော သားသမီး။
- ပြည်ထောင်စုနိုင်ငံ၏ လက်နက်ကိုင်အဖွဲ့များတွင် စုစုပေါင်းသုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ။
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူတစ်ဦးအား နိုင်ငံတစ်နိုင်ငံထက်ပို၍ တရားဝင်နိုင်ငံသားအဖြစ် ခံယူခွင့်ကို ခွင့်မပြုထားပါ။ ဤဥပဒေတွင် တရားဝင်နိုင်ငံသား အမျိုးအစားတစ်မျိုးကိုသာ အသိအမှတ်ပြုသည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံကျင့်သုံးသည့်နေ့၌ တည်ရှိခဲ့သော ဥပဒေများအရ တရားဝင်နိုင်ငံသားအဖြစ် ခံယူထားသူများကို တရားဝင်နိုင်ငံသားများအဖြစ် အသိအမှတ်ပြုကြောင်း အတည်ပြုခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ “နိုင်ငံသား” ဖြစ်သော မိဘနှစ်ပါးစလုံးမှ မွေးဖွားသူတိုင်းအား တရားဝင်နိုင်ငံသားအဖြစ် သတ်မှတ်သည်။ မည်သို့ပင်ဖြစ်စေ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်လူမျိုးစုနှင့် မည်သည့်အုပ်စုများကို “နိုင်ငံသား” အဖြစ် သတ်မှတ်ခံရသည်ကို မဖော်ပြထားပါ။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားပြုခွင့်ကို နိုင်ငံသားဖြစ်ခွင့်ရရှိသော နည်းလမ်းတစ်ခုအဖြစ် အသိအမှတ်ပြုသည်။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားပြုခွင့် အသေးစိတ် အချက်အလက်များကို ရှင်းပြထားခြင်းမရှိဘဲ နိုင်ငံသားပြုခွင့်သည် ပြဌာန်းထားသော ဥပဒေများအရသာ ဖြစ်သင့်သည်ဟု ဖော်ပြထားသည်။
ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်
-
၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှစ်ခုမှ မည်သည့်တစ်ခုသည် လူတိုင်းအတွက် အကျုံးဝင်မှု ပိုများပါသနည်း။ ဥပဒေတစ်ခုအရ တရားဝင်နိုင်ငံသားဖြစ်ပြီး ကျန်တစ်ခုအရ နိုင်ငံသားမဖြစ်သောသူများ ရှိပါသလား။
- ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ သို့မဟုတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသား ခံယူမှုကို တိုးတက်မှုရှိစေမည့် ဥပဒေများအဖြစ် ပြန်လည်ပြဌာန်းနိုင်မည့် အချက်များ ရှိပါသလား။ အကယ်၍ ရှိသည်ဆိုပါက မည်သည့်ရှုထောင့်များမှ ပြန်လည်ပြဌာန်းနိုင်ပါသနည်း။
အမျိုးသားရေးဝါဒီ
လှုပ်ရှားသွားလာနိုင်မှု
အမွေအနှစ်
ကိုလိုနီဝါဒ