၃.၂.၂

အပြည်ပြည်ဆိုင်ရာ လူနည်းစုအခွင့်အရေး ဥပဒေများ

အကြိုလေ့လာချက်

လူနည်းစုအခွင့်အရေးများကို မြှင့်တင်ပေးနေသည့် အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းများနှင့် သဘောတူစာချုပ်များအနက် သင်မည်သည်တို့ကို သိရှိထားပါသနည်း။

ဒုတိယကမ္ဘာစစ်အပြီး၊ ကုလသမဂ္ဂကို တည်ထောင်သည့်အချိန်တွင် လူနည်းစုများအတွက် အခွင့်အရေးဟူ၍ တစ်သီးတစ်သန့် မရှိပေ။ ထိုအစား ကုလသမဂ္ဂသည် လူသားအားလုံးအတွက် အခြေခံနိုင်ငံသား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို အားပေးမြှင့်တင်ခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးများသည် လူနည်းစုများ၏ ဘာသာစကားများ၊ ယဉ်ကျေးမှုများနှင့် စပ်လျဉ်း၍ ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်နိုင်သည့် အဆင့်အထိ အကာအကွယ်မပေးနိုင်ကြောင်း သတိပြုမိလာသည်။ ထို့ကြောင့် ကုလသမဂ္ဂနှင့် အခြား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသည် လူနည်းစုများကို အကာအကွယ်ပေးရန် ရည်ရွယ်သော သဘောတူစာချုပ်အသစ်များကို စတင်ရေးဆွဲဖန်တီးလာခဲ့သည်။ ထိုသို့ ရေးဆွဲဖန်တီးခြင်းကို အဓိကနယ်ပယ်နှစ်ခုတွင် လုပ်ဆောင်ခဲ့ကြရာ ပထမတစ်ခုမှာ'ဌာနေတိုင်းရင်းသားများ' အတွက် အထူးရည်ရွယ်ပြီးနှင့် နောက်တစ်ခုမှာ'လူနည်းစု'များအတွက် ယေဘုယျရည်ရွယ်ပါသည်။ 

ကုလသမဂ္ဂ၏ အထူးအေဂျင်စီတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သည် ၁၉၈၉ ခုနှစ်တွင် လွတ်လပ်သော နိုင်ငံများမှ ဌာနေတိုင်းရင်းသားများသာမက လူမျိုးနွယ်စုတိုင်းရင်းသားများနှင့်ပါ စပ်လျဉ်းသော သဘောတူညီချက်တစ်ခုကို အတည်ပြုခဲ့သည် (ILO သဘောတူညီချက် ၁၆၉)။ ဤသဘောတူညီချက်သည် ဥပဒေအရ စည်းနှောင်မှုရှိသည့် သဘောတူညီချက်ဖြစ်ပြီး ယင်းသည် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် ပင်မအခြေခံ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည်။ ယင်းနောက်တွင် ကုလသမဂ္ဂသည် ဥပဒေအရ စည်းနှောင်ခြင်းမရှိသော ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP) ကို ၂၀၀၇ ခုနှစ်တွင် ပြဌာန်းပေးခဲ့သည်။

လူနည်းစုများအတွက် ယေဘုယျခြုံငုံ၍ ကုလသမဂ္ဂသည် လူနည်းစုများအတွက် ဥပဒေအရ စည်းနှောင်မှုရှိသည့်လူမျိုးအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှုအမျိုးမျိုးကို တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် (ICERD) ကို ၁၉၆၉ ခုနှစ်တွင် ပြဌာန်းပေးခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် လူနည်းစု နိုင်ငံသား၊ တိုင်းရင်းသား၊ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDM) ကိုလည်း ပြဌာန်းပေးခဲ့ပြန်သည်။ အဆိုပါ UNDM သည် ဥပဒေအရ စည်းနှောင်မှုရှိစေသည့် သဘောတူညီချက် မဟုတ်သော်လည်း ယင်းအား ဤလူနည်းစုများ၏ အခွင့်အရေးများကို အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းရာတွင် အဓိကကျသည့် စာတမ်းအဖြစ် အသိအမှတ်ပြု ယူဆထားပါသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ