၅.၂

မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်)

၅.၂.၁
တရားဝင်နိုင်ငံသား အဆင့်အတန်းကို ရရှိပိုင်ခွင့်


အကြိုလေ့လာချက်

  1. မြန်မာနိုင်ငံတွင် အခြေချနေထိုင်ကြသူအားလုံးသည် ဥပဒေအရ တရားဝင်နိုင်ငံသား ဖြစ်သည်ဟု သတ်မှတ်သင့်ပါသလား။
  2. နိုင်ငံသားဖြစ်ခွင့်တွင် မတူညီသော၊ မညီမျှသော အဆင့်အတန်းများ ခွဲခြားထားသင့်ပါသလား။

မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံတွင် တရားဝင်​နိုင်ငံသားဖြစ်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးဆုံးဖြတ်သော အဓိက ဥပဒေဖြစ်သည်။ ယင်းဥပဒေကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ​အခြေခံဥပဒေ အတည်ပြုပြီးနောက်တွင် မဆလအစိုးရမှ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားဥပဒေသည် လက်ရှိတရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၃၅ စုနှင့် ပတ်သက်၍ အတိအကျ ဖော်ပြထားခြင်း မရှိသေးပါ။ သို့ရာတွင် သတ်မှတ်တိုင်းရင်းသား မျိုးနွယ်စုဝင်များကို နိုင်ငံသားအပြည့်အဝဖြစ်ပြီးသူများအဖြစ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံသားဥပဒေသည် လူတစ်ယောက်အား နိုင်ငံတစ်နိုင်ငံထက်ပို၍ တရားဝင်နိုင်ငံသားဖြစ်ခွင့်မပြုထားပါ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံသားခံယူထားသူတစ်ဦးသည် အခြားနိုင်ငံတွင် တရားဝင်နိုင်ငံသားအဖြစ် ခံယူနိုင်မည် မဟုတ်သလို အခြားနိုင်ငံတွင် နိုင်ငံသားအဖြစ် ခံယူထားသူ​သည်လည်း မြန်မာနိုင်ငံတွင် တရားဝင်နိုင်ငံသားအဖြစ် ခံယူ၍​မရပါ။

မြန်မာနိုင်ငံတွင် နိုင်ငံသား အမျိုးအစား ၃ မျိုးရှိသည် -

နိုင်ငံသားများ (နိုင်ငံသား အပြည့်အဝဖြစ်ပြီးသူများ) ဆိုသည်မှာ အခွင့်အရေးများနှင့် ဥပဒေ၏ အကာအကွယ်ပေးမှု​တို့ကို အမြင့်ဆုံးအဆင့်ထိ လက်လှမ်းမီရရှိနိုင်သူများကို ရည်ညွှန်းသည်။ မြန်မာနိုင်ငံသားဥပဒေကို အတည်ပြုသည့်​အချိန်တွင် တင်းပြည့်နိုင်ငံသားဖြစ်ပြီးသူများကို ထိုအတိုင်း ဆက်လက်၍ နိုင်ငံသား အပြည့်အဝဖြစ်ပြီးသူများအဖြစ် ဆက်လက်သတ်မှတ်သည်။

အခန်း (၂)၊ ပုဒ်မ (၃) အရ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေ​တစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်

ဤအချက်အရ အခြားတိုင်းရင်းသား မျိုးနွယ်စုများအနေဖြင့် မြန်မာနိုင်ငံတွင် အခြေချနေထိုင်နိုင်ကြသော်လည်း ၎င်းတို့ တိုင်းရင်းသားဖြစ်သည် မဖြစ်သည် ကို ဆုံးဖြတ်ခြင်းမှာ (ပုဒ်မ ၄) ပါ အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်သည်။

လူမျိုးစုတစ်စုအား တိုင်းရင်းသား အဖြစ် အသိအမှတ်​ပြုခြင်းကို နည်းလမ်းနှစ်မျိုးဖြင့် ပြုလုပ်နိုင်သည်။ ထိုနည်းလမ်း​နှစ်မျိုးမှာ ၁၈၂၃ ခုနှစ် မတိုင်မီကတည်းက အခြေချနေထိုင်သည့် သက်သေအထောက်အထား (ပုဒ်မ ၃) အရ အသိအမှတ်ပြုခြင်း သို့မဟုတ် ပြည်ထောင်စုအစိုးရ သမ္မတက (ပုဒ်မ ၄) အရ အသိအမှတ်ပြုခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုဝင်​ဖြစ်ကြောင်း ဆုံးဖြတ်ပုံနှင့် ပတ်သက်၍ ထိုဥပဒေတွင် သတ်မှတ်​ဖော်ပြထားခြင်း မရှိပါ။ ဥပမာဆိုရသော် ချင်းလူမျိုးတစ်ဦးသည် တရားဝင်နိုင်ငံသားဖြစ်ကြောင်း ဥပဒေက ဖော်ပြထားသည်။ သို့သော်လည်း မည်သည့်အချက်ကြောင့် လူတစ်ဦး​တစ်ယောက်ကို ချင်းလူမျိုးဖြစ်ကြောင်း သတ်မှတ်ပုံ သို့မဟုတ် ဥပဒေအရဆောင်ရွက်သူက လူတစ်ဦးတစ်ယောက်အား ချင်းလူမျိုးဖြစ်ကြောင်း သတ်မှတ်ပုံတို့နှင့် ပတ်သက်သော အချက်အလက်များကို သတ်မှတ်ပြဌာန်းထားခြင်းမရှိပါ။

အောက်ပါပုဂ္ဂိုလ်များကို နိုင်ငံသားအပြည့်အဝဖြစ်ပြီးသူအဖြစ် ဥပဒေအရ အသိအမှတ်ပြုသည် -

  • မိဘနှစ်ဦးစလုံးသည် နိုင်ငံသားအပြည့်အဝဖြစ်ပြီးသူများ ဖြစ်ပါက ၎င်းတို့သည်လည်း နိုင်ငံသားအပြည့်အဝ ဖြစ်ပြီးသူဖြစ်သည်။
  • မိဘတစ်ဦးသည် နိုင်ငံသားအပြည့်အဝဖြစ်ပြီးသူ၊ နောက်တစ်ဦးသည် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား​ပြုခွင့်ရသူ ဖြစ်ပါက ၎င်းတို့သည်လည်း နိုင်ငံသား​အပြည့်အဝဖြစ်ပြီးသူများဖြစ်သည်။
  • မိဘနှစ်ဦးစလုံးနှင့်အတူ အနည်းဆုံး ဘိုးဘွားနှစ်ဦးသည် ဧည့်နိုင်ငံသားများ သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူများ ဖြစ်ပါက ၎င်းတို့သည်လည်း နိုင်ငံသားအပြည့်အဝ ဖြစ်ပြီးသူများဖြစ်သည်။

မြန်မာနိုင်ငံသားဥပဒေအရ တိုင်းရင်းသားလူမျိုးစု အဖြစ် သတ်မှတ်ထားသည့် တိုင်းရင်းသား သို့မဟုတ် ဌာနေ​တိုင်းရင်းသားများကို မွေးရာပါနိုင်ငံသားဟု အလိုအလျောက် သတ်မှတ်သည်။ ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများနှင့် နှိုင်းယှဉ်ပါက ဤအချက်သည် တိုင်းရင်းသား လူမျိုးစုများ​အတွက် တရားဝင်နိုင်ငံသားဖြစ်မှုနှင့် ဆက်နွယ်သော အထူး​အခွင့်အရေးတစ်ရပ်ဖြစ်သည်။ အရှေ့တောင်အာရှလေ့လာရေး​ပညာရှင် ဒေါက်တာ နစ်ခ်ချိစ်မန်း (Dr. Nick Cheesman) က မြန်မာနိုင်ငံသားဥပဒေသည် တိုင်းရင်းသား လူမျိုးစုဝင် ဖြစ်ခြင်းသည် နိုင်ငံသားဖြစ်မှုအတွက် အထူးစံနှုန်းဖြစ်ပြီး လက်ရှိမြန်မာ (ယခင် ဗမာ) နိုင်ငံဟူသော နိုင်ငံရေး​အသိုင်းအဝိုင်းတစ်ခုတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခွင့်ရရန် တောင်းဆိုသူ၏ အခွင့်အရေးများကို စဉ်းစားဆုံးဖြတ်ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်သည် ဟု နိဂုံးချုပ်မှတ်ချက်ချ​ထားသည်။ (Cheesman 2017:11)

နိုင်ငံသားများအား ပန်းရောင်နိုင်ငံသားစိစစ်ရေးကဒ်ပြား (CSC) ပေးထားသည်။

ဧည့်နိုင်ငံသားများဆိုသည်မှာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု​မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေအရ ၎င်းတို့၏ တရားဝင်နိုင်ငံသားအဆင့်အတန်းကို သက်သေပြမည့် အထောက်အထားများကို လျှောက်ထားပြီးခဲ့သူများဖြစ်ပြီး ၁၉၈၂ ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေ ပြဌာန်းခဲ့သည့် အချိန်၌ ၎င်းတို့၏ လျှောက်ထားချက်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မရရှိသေးသူများကို ရည်ညွှန်းသည်။

ဧည့်နိုင်ငံသားများ၏ သားသမီးများသည်လည်း ဗဟိုအဖွဲ့က ၎င်းတို့အမည်များကို မိဘများ၏ အပြာရောင် ဧည့်နိုင်ငံသား​စိစစ်ရေးကဒ်ပြား (ACSC) ၌ ထည့်သွင်းထားပေးလျှင် ဧည့်နိုင်ငံသားများအဖြစ် ခံယူနိုင်သည်။ ဗဟိုအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး​ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့​အင်အားဝန်ကြီးဌာနတို့မှ ဝန်ကြီးများနှင့်အတူ အတွင်းရေးမှူးက ခန့်အပ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးပါဝင်သည်။

နိုင်ငံသားပြုခွင့်ရသူများဆိုသည်မှာ ဥပဒေအရ နိုင်ငံသား​အပြည့်အဝ ဖြစ်ပြီးသူများအဖြစ် အသိအမှတ် မပြုထားသော ပုဂ္ဂိုလ်အမျိုးအစား အမျိုးမျိုးကို ရည်ညွှန်းသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မတိုင်မီကာလတွင် မြန်မာနိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်ခဲ့သူများသည်လည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေ ပြဌာန်းခဲ့သည့်အချိန်၌ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ ၎င်းတို့၏ တရားဝင်နိုင်ငံသား အဆင့်အတန်းကို သက်သေပြမည့် အထောက်အထားများ လျှောက်ထားခြင်း မရှိသေးသူများသည်​လည်းကောင်း နိုင်ငံသားပြုခွင့်ရသူများအဖြစ် တရားဝင်​လျှောက်ထားပိုင်ခွင့်ရှိသည်။

 ဤဥပဒေအရ မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း၌ဖြစ်စေ၊ နိုင်ငံပြင်ပ၌ဖြစ်စေ မွေးဖွားခဲ့သည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ​သည်လည်း နိုင်ငံသားပြုခွင့်ကို တရားဝင် လျှောက်ထားပိုင်ခွင့်​ရှိသည် -

  • နိုင်ငံသားဖြစ်ပြီးသူ မိဘတစ်ဦးနှင့် ဥပဒေအရ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မဟုတ်သော နိုင်ငံခြားသား မိဘတစ်ဦးရှိသူများ။
  • ဧည့်နိုင်ငံသား မိဘတစ်ဦးနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘတစ်ဦး ရှိသူများ။
  • ဧည့်နိုင်ငံသား မိဘတစ်ဦးနှင့် ဥပဒေအရ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မဟုတ်သော နိုင်ငံခြားသား မိဘတစ်ဦးရှိသူများ။
  • နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးရှိသူများ။
  • နိုင်ငံသားပြုခွင့်ရသူ မိဘတစ်ဦးနှင့် ဥပဒေအရ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မဟုတ်သော နိုင်ငံခြားသား မိဘတစ်ဦးရှိသူများ။

နိုင်ငံသားပြုခွင့်ရသူဖြစ်ကြောင်း သက်သေပြမည့် အထောက်အထားများကို လျှောက်ထားသူများသည် အောက်ပါ​စံနှုန်းသတ်မှတ်ချက်များနှင့်လည်း ကိုက်ညီရမည် -

  • အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း။
  • တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုး ကို ကောင်းမွန်စွာ ပြောတတ်ခြင်း။
  • အကျင့်စာရိတ္တ ကောင်းမွန်ခြင်း
  • ရူးသွပ်သူမဟုတ်ခြင်း

သို့သော်လည်း ဤစံနှုန်းသတ်မှတ်ချက်များကို ဥပဒေတွင် ထပ်မံရှင်းပြထားခြင်းမရှိပါ။ ထို့ပြင် အချို့သော လူပုဂ္ဂိုလ်များ​အပေါ် ခွဲခြားဆက်ဆံသည့်ပုံစံ ဖြစ်နေနိုင်သည်။

နိုင်ငံသားဖြစ်ပြီးသူကိုဖြစ်စေ၊ ဧည့်နိုင်ငံသားကိုဖြစ်စေ၊ နိုင်ငံသားပြုခွင့်ရသူကိုဖြစ်စေ လက်ထပ်ထိမ်းမြားထားသူများနှင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပြဌာန်းခဲ့သည့်အချိန်၌ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ခဲ့ဖူးသူများ​သည်လည်း အောက်ဖော်ပြပါ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် နိုင်ငံသားပြုခွင့်ရသူ အဆင့်အတန်းအတွက် လျှောက်ထားနိုင်သည် -

  • အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း။
  • အကျင့်စာရိတ္တ ကောင်းမွန်ခြင်း
  • ရူးသွပ်သူမဟုတ်ခြင်း
  • တစ်လင်တစ်မယားဖြစ်ခြင်း။
  • တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်းဆုံး သုံးနှစ် အဆက်မပြတ် နေထိုင်ခဲ့ခြင်း။

နိုင်ငံသားပြုခွင့်ရသူများ၏ သားသမီးများသည်လည်း ဗဟို​အဖွဲ့က ၎င်းတို့အမည်များကို မိဘများ၏ အစိမ်းရောင် နိုင်ငံသားပြုခွင့်ရသူ စိစစ်ရေးကတ်ပြား (NCSC) ၌ ထည့်သွင်း​ထားလျှင် နိုင်ငံသားပြုခွင့်ရသူများအဖြစ် ခံယူနိုင်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားပြုခွင့်ရသူ ဟူသော ဝေါဟာရသည် နိုင်ငံတကာဥပဒေတွင် အသိအမှတ်ပြုထားသော နိုင်ငံသားပြုခွင့်​ရယူခြင်းဆိုင်ရာ ဥပဒေလုပ်ငန်းစဉ်နှင့် အဓိပ္ပာယ်ချင်း ကွဲပြား​ခြားနားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားပြုခွင့်ရသူ သည် နိုင်ငံသားအမျိုးအစားတစ်မျိုးကို ရည်ညွှန်းသည်။ ဤနိုင်ငံသား​အမျိုးအစားသည် နိုင်ငံသားဖြစ်ပြီးသူများကဲ့သို့ အခွင့်အရေးများ​နှင့် ကာကွယ်မှု အများအပြားကို မရရှိကြပါ။ နိုင်ငံတကာဥပဒေ​အရ နိုင်ငံသားပြုခွင့်ရယူခြင်းသည် အခြားသော တရားဝင်​နိုင်ငံသားများနှင့် တန်းတူအခွင့်အရေးများ ပိုင်ဆိုင်သည့် တရားဝင်နိုင်ငံသားတစ်ယောက် ဖြစ်လာမည့် လုပ်ငန်းစဉ်ကို ရည်ညွှန်းလေ့ရှိသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. မြန်မာနိုင်ငံတွင် သင်၏ တရားဝင်နိုင်ငံသား အဆင့်အတန်းမှာ အဘယ်နည်း။
  2. မြန်မာနိုင်ငံတွင် နိုင်ငံသားအမျိုးအစား သုံးမျိုးဟူ၍ ကွဲပြားနေရခြင်းမှာ အဘယ်ကြောင့်ဟု ထင်ပါသနည်း။
  3. အုပ်စုတစ်စုကို တိုင်းရင်းသားလူမျိုးစု ဟုတ်မဟုတ် ပြည်ထောင်စုအစိုးရသမ္မတက ဆုံးဖြတ်ပိုင်ခွင့်ရှိနေခြင်းမှာ တရားမျှတမှုရှိသည်ဟု ထင်ပါသလား။ တရားမျှတမှုမရှိဟု ထင်ပါသလား။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ