၁.၁.၅

ကွဲပြားစုံလင်မှု၊ ဗဟုဝါဒနှင့် လူမှုတရားမျှတမှု

အကြိုလေ့လာချက်

‘ကွဲပြားစုံလင်မှု’၊ ‘ဗဟုဝါဒ’ နှင့် ‘လူမှုတရားမျှတမှု’ ဆိုသည့် စကားလုံးများကို ရှင်းပြရန် စာကြောင်းတစ်ကြောင်းစီ ရေးသားပါ။

ကွဲပြားစုံလင်မှုဆိုသည်မှာ ခြားနားချက်များစွာနှင့် ကွဲပြား​စုံလင်မှု ရှိကြောင်းကို ဆိုလိုပါသည်။ လူသားဆိုင်ရာ ကွဲပြားစုံလင်မှု​ဆိုသည်မှာ လူသားများတွင် မတူညီသော သွင်ပြင်လက္ခဏာများ ရှိခြင်းကို ဆိုလိုပါသည်။ ကွဲပြားစုံလင်မှု​ရှိခြင်းကြောင့် လူသားများ၊ ထိုသူတို့၏ အခြားသူများနှင့် ဆက်ဆံရေး၊ ထိုသူတို့၏ လူမှုအသိုက်အဝန်းနှင့် ထိုသူတို့​နေထိုင်ရာ လူ့အဖွဲ့အစည်းတို့အတွက် အလွန်တန်ဖိုးရှိနိုင်​ပါသည်။

ဗဟုဝါဒသည် ထင်မြင်ချက်များ၊ ပါဝင်နေသူများနှင့် အတွေးအခေါ်များ ကွဲပြားစုံလင်မှုသည် လူ့အဖွဲ့အစည်းအတွက် သင့်လျော်ကောင်းမွန်ပြီး၊ လူထုကို ပိုမို၍ ကိုယ်စားပြုသော နိုင်ငံရေးစနစ်တစ်ခုဆီသို့ ဦးတည်သွားနိုင်သည်ဟူသော အယူဝါဒဖြစ်ပါသည်။ ဗဟုဝါဒသည် လူနည်းစုဝင်များ​အပါအဝင် ပြည်သူအားလုံးကို ပိုမိုကောင်းမွန်စွာ ကိုယ်စားပြုခြင်းကို ဖြစ်စေနိုင်သော်လည်း ပို၍အဓိပ္ပာယ်​ပြည့်၀သော ပူးပေါင်းပါဝင်မှုအဖြစ်သို့ သေချာပေါက် ကူးပြောင်းသွားမည် မဟုတ်ပါ။ လူနည်းစုများ ရင်ဆိုင်နေ​ရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်စွမ်းလည်း ရှိချင်မှ ရှိပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဗဟုဝါဒကိုယ်တိုင်က လူများစုနှင့် လူနည်းစုတို့အကြား အာဏာမျှခြေ​ပျက်ယွင်းမှုကို မဖြေရှင်းသည့်အတွက်ကြောင့် ဖြစ်ပါသည်။ လူများစုသည် ၎င်းတို့၏အာဏာကို အသုံးချ၍ လူနည်းစုကို ကူညီထောက်ပံ့မပေးသည့်အပြင် လူနည်းစု၏ အကျိုးစီးပွားကိုပင် ထိခိုက်စေနိုင်သော ဆုံးဖြတ်ချက်များ ချမှတ်ကောင်း ချမှတ်နိုင်ပါသေးသည်။

လူမှုတရားမျှတမှုသည် လူအုပ်စုအချင်းချင်းကြား အာဏာမျှခြေ​ပျက်ယွင်းမှုကို ဖြေရှင်းပေးရန် ကြိုးပမ်းသည့်အတွက် လူမှုအသိုက်အဝန်းများနှင့် လူ့အဖွဲ့အစည်းတို့ကို ပိုမို၍ သာတူညီမျှဖြစ်လာစေသည်။ လူမှုတရားမျှတမှုသည် အောက်ပါတို့ကို လူသားတိုင်း ရရှိခံစားနိုင်ကြရန်အတွက် ခွဲခြားဆက်ဆံခံရခြင်း၊ ဆင်းရဲမွဲတေမှု အစရှိသည့် စနစ်နှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အတားအဆီးများကို ဖယ်ရှားပေးသည်။

  • ၎င်းတို့၏ အခွင့်အရေးများကို ရရှိစေရန်။
  • တူညီသော အခွင့်အလမ်းများကို ရရှိခံစားရစေရန်။
  • လူ့အဖွဲ့အစည်း၏ အရင်းအမြစ်များကို ရယူသုံးစွဲနိုင်ရန်။
  • ၎င်းတို့အပေါ် သက်ရောက်မှုရှိစေသည့် ဆုံးဖြတ်ချက်​ပြုလုပ်ရာတွင် တက်ကြွစွာ ပါဝင်နိုင်စေရန်။
  • ၎င်းတို့၏ လူမှုအသိုက်အဝန်းများတွင် တက်ကြွစွာ ပါဝင်နိုင်စေရန်နှင့်
  • လူသားတို့၏ အခြေခံလိုအပ်ချက်များ ပြည့်၀စေနိုင်ရန်။

လူအများအနေဖြင့် လူနည်းစုအခွင့်အရေးများကို ကာကွယ်ပေးခြင်း၊ အားပေးကူညီခြင်းနှင့် ခိုင်မာစေခြင်းဖြင့် လူမှုတရားမျှတမှုကို မည်သို့ ပံ့ပိုးကူညီနိုင်သည်ဟူသော အယူအဆများကို ဤစာအုပ်တွင် တင်ပြပေးသွားပါမည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

ဗဟုဝါဒသည် လူများစုနှင့် လူနည်းစုအကြား အာဏာမျှခြေ​ပျက်ယွင်းမှုကို ရင်ဆိုင်ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်တိုင် လူမှုတရားမျှတမှုကို ဖြစ်မြောက်နိုင်ရန် ကောင်းမွန်သော ပထမ​ခြေလှမ်းတစ်ခု ဖြစ်ပါသည်။

၁။ ဤဖော်ပြချက်ကို သင် သဘောတူညီပါသလား၊ ကန့်ကွက်ပါသလား။ အဘယ်ကြောင့်နည်း။

၂။ လူမှုတရားမျှတမှုကို ပံ့ပိုးပေးနိုင်မည့် ကိစ္စတစ်စုံတစ်ခုကို သင်စွမ်းဆောင်ခဲ့ဖူးပါသလား။ အထက်တွင် bullet point ဖြင့် ဖော်ပြထားခဲ့သော အချက်များကို အသုံးပြု၍ တွေးခေါ်ပါ။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ