၂.၄

ဘာသာရေးလူနည်းစုများ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ

အကြိုလေ့လာချက်

ဘာသာရေးလူနည်းစုများ ရင်ဆိုင်ရနိုင်သည့် စိန်ခေါ်မှုများမှာ မည်သည့်အရာများ ဖြစ်သနည်း။

နိုင်ငံအချို့တွင် ကိုးကွယ်ယုံကြည်ရာ နိုင်ငံတော်ဘာသာ​တစ်ရပ်ကို သတ်မှတ်ထားတတ်ကြသည်။ ထိုနိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ယေဘုယျဖော်ပြချက်အရ ကိုးကွယ်​ယုံကြည်ရာ ဘာသာတစ်ရပ်တွင် အခြားဘာသာများအပေါ် လွှမ်းမိုးသည့် ဂုဏ်ထူးဝိသေသရှိနေသည်။ ဘာသာရေး​လူများစုဝင်တို့သည် လွတ်လပ်မှုများ၊ လူ့အခွင့်အရေးများနှင့် အခွင့်အလမ်းများကို ဘာသာရေးလူနည်းစုဝင်များထက် ပိုမိုရရှိတတ်ကြသည်။ ဥပမာဆိုရသော် နိုင်ငံအကြီးအကဲသည် ထိုဘာသာရေးလူများစုဝင် ဖြစ်နေရခြင်း၊ အစိုးရ​အဖွဲ့အစည်းများတွင် လူများစုကိုးကွယ်သော ဘာသာအတွက် အထူးဝန်ကြီးဌာနများ သို့မဟုတ် ဦးစီးဌာနများ ဖွဲ့စည်းထား​ရှိခြင်း၊ လူများစုကိုးကွယ်သော ဘာသာကို အားပေးမြှင့်တင်ရန်​အတွက် ဘဏ္ဍာငွေများ ပိုမိုသုံးစွဲခြင်း သို့မဟုတ် အစိုးရသင်ရိုး​ညွှန်းတမ်းတွင် လူများစုကိုးကွယ်သော ထိုဘာသာရေး​အကြောင်းကို အလေးပေးဖော်ပြထားခြင်းဟူသော အချက်များ ပါဝင်သည်။ ဘာသာရေးလူနည်းစုဝင်များအနေဖြင့် လူများစု​ကိုးကွယ်သော ဘာသာသို့ ကူးပြောင်းရန် အကျပ်ကိုင်ခြင်း​ စသည်ဖြင့် ဖိအားပေးခံရနိုင်သည်။

ဘာသာရေးလူနည်းစုများသည်လည်း ခွဲခြားဆက်ဆံခံရနိုင်ပြီး အောက်ပါတို့ကို လုပ်ဆောင်ရာတွင် ကန့်သတ်ခံရနိုင်သည် -

  • ဝတ်ပြုဆုတောင်းရန် အဆောက်အဦးများ တည်ဆောက်ခြင်း၊ ဘာသာရေးအလေ့အထများကို အခြေခံ၍ ထိုသူတို့၏ ကလေးများကို ပြုစုပျိုးထောင်ခြင်းတို့ အပါအဝင် ၎င်းတို့၏ ဘာသာရေး​အလေ့အထများကို လေ့ကျင့်ခြင်း။
  • ဘာသာတစ်ရပ်နှင့် နီးစပ်သော အမည်နာမများ မှည့်ခေါ်ခြင်း သို့မဟုတ် ဘာသာစကားများကို အသုံးပြုခြင်း။
  • ယုံကြည်သက်ဝင်မှုကို ပြောင်းလဲခြင်း။
  • ဘာသာမတူ ထိမ်းမြားလက်ထပ်ခြင်း။
  • သမားရိုးကျ ပညာရေးစနစ်တွင် ကျောင်းအပ်နှံခြင်း။
  • နိုင်ငံရေးလှုပ်ရှားမှုများနှင့် လူမှုရေး လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ခြင်း။
  • အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခြင်း။

မြန်မာ့ရေးရာ -

မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးကျောင်းများ


အစ္စလာမ်ဘာသာရေးကျောင်းဆိုသည်မှာ အစ္စလာမ်ကိုးကွယ်​ယုံကြည်မှုဆိုင်ရာ စာသင်ကျောင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးကျောင်း အရေအတွက်နှင့် ပတ်သက်၍ အကိုးအကားပြုနိုင်သည့်၊ အတိအကျထုတ်ပြန်ခဲ့သော စာရင်းအင်းများ သို့မဟုတ် လက်ရှိစာရင်းအင်းများ မရှိပါ။ သို့သော်လည်း ၁၉၉၆ ခုနှစ်ထုတ် စာအုပ်တစ်အုပ်တွင် ထိုနှစ်၌ အစ္စလာမ်ဘာသာရေးကျောင်း (၇၅၉) ကျောင်း ရှိခဲ့သည်ဟု ခန့်မှန်းဖော်ပြထားခဲ့သည်။ မွတ်ဆလင်ခေါင်းဆောင်များကမူ ၁၉၆၂ ခုနှစ်မှ စတင်၍ အစိုးရက အစ္စလာမ်ဘာသာရေး​ကျောင်းများနှင့် ဗလီအသစ်များ ဖွင့်လှစ်ခွင့်မပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ အစ္စလာမ်ဘာသာရေးကျောင်းများနှင့် ဗလီများကို မူလအတိုင်း သစ်လွင်နေစေရန် ပြုပြင်ရာတွင်လည်း အခက်အခဲများရှိခဲ့သည်။

မြန်မာ - အာရဗီ သိပ္ပံကျောင်းကို ၁၉၃၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကျောင်းသားဦးရေ (၁,၀၀၀) ခန့်ရှိသော ထိုကျောင်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး အစ္စလာမ်​ဘာသာရေးကျောင်း ဖြစ်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် ထိုကျောင်းကို ဒေါ်မိ အမည်ရှိ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦး လှူဒါန်းခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ရှိ ပရဝုဏ်သစ်​အတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထိုအစ္စလာမ်ဘာသာရေး​ကျောင်း၏ ရန်ပုံငွေအားလုံးနီးပါးကို အလှူရှင်များက လှူဒါန်းထားပြီး အများစုမှာ မွတ်ဆလင်ရပ်ရွာအစုအဖွဲ့ရှိ အလှူရှင်များဖြစ်သည်။ ထိုကျောင်းသည် နှစ်စဉ်ကြေးအဖြစ် ငွေ ၃,၀၀၀ ကျပ် ကောက်ခံပြီး ကျောင်းတက်နေသော ကျောင်းသားများအတွက် အခမဲ့နေရာထိုင်ခင်းနှင့် စားသောက်ဖွယ်ရာများကို ပံ့ပိုးပေးသည်။

အစ္စလာမ်ဆိုင်ရာ သင်ကြားမှုများကို နေ့စဉ်ဘ၀တွင် အသုံးချပုံ​ကဲ့သို့သော အစ္စလာမ်ဆိုင်ရာ ပညာရပ်များကို အလေးပေး​သင်ကြားသည်။ မြန်မာနိုင်ငံရှိ အူရ်ဒူဘာသာစကား သို့မဟုတ် မြန်မာဘာသာစကားဖြင့် သင်ကြားလေ့ရှိသော အခြားအစ္စလာမ်ဘာသာရေးကျောင်းများကဲ့သို့ မဟုတ်ဘဲ အာရဗီဘာသာစကားဖြင့် သင်ကြားပေးခြင်းဖြစ်သည်။ ကျောင်းသားများအားလုံးသည် အမျိုးသားများဖြစ်သော်လည်း အစ္စလာမ် ဘာသာရေးကျောင်းမှ ဆရာများသည် ကန့်ဘလူမြို့ရှိ ဗလီများတွင် အမျိုးသမီးများအတွက် အတန်းများကိုလည်း ဖွင့်လှစ်ပေးထားသည်။

မြန်မာ - အာရဗီ သိပ္ပံကျောင်းသည် အောင်မြင်ခဲ့စေကာမူ မြန်မာနိုင်ငံရှိ အခြားနယ်မြေဒေသများတွင် အစ္စလာမ်​ဘာသာရေးကျောင်းများအတွက် စီမံခန့်ခွဲရာတွင် အခက်အခဲများ​နှင့် ရင်ဆိုင်နေရသည်။ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့၌ အစွန်းရောက်အမျိုးသားရေးဝါဒီ အယောက် (၅၀) ခန့်ပါရှိသော အုပ်စုသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ဒေသန္တရအစိုးရ အရာရှိများကို အစ္စလာမ်ဘာသာရေးကျောင်း နှစ်ကျောင်းပိတ်စေရန် ဖိအားပေးခဲ့သည်။ ထိုအုပ်စုက မွတ်ဆလင်များသည် စာသင်ကျောင်းများကို တရားမဝင် အသုံးချ၍ ဆုတောင်းခြင်းများ ပြုလုပ်နေသည်ဟု ဆိုခဲ့သည်။

အစ္စလာမ်သာသနာရေးရာကောင်စီ၏ တွဲဖက်အထွေထွေ​အတွင်းရေးမှူးဖြစ်သူ ဦးဝဏ္ဏရွှေက မြန်မာနိုင်ငံ၌ အစ္စလာမ်​ဘာသာရေးကျောင်းများနှင့် ဗလီများ ပိတ်သိမ်းခြင်းသည် ရှားပါးဖြစ်စဉ်မဟုတ်ဟု ဆိုခဲ့သည်။ ‘မိမိတို့၏ အတွေ့အကြုံ​အရ ချိပ်ပိတ်ခံခဲ့ရသော သို့မဟုတ် ပိတ်သိမ်းခံခဲ့ရသော အစ္စလာမ်ဘာသာရေးကျောင်းများသည် အားလုံးနီးပါးကို ထပ်မံဖွင့်လှစ်နိုင်ခြင်းမရှိ’ ဟု ဆိုခဲ့သည်။ ထို့အပြင် သူသည် ခရစ်ယာန်ဘာသာဝင်များကဲ့သို့ အခြား ဘာသာရေး​လူနည်းစုများသည်လည်း ဘာသာရေးစာသင်ကျောင်းများနှင့် ဆုတောင်းဝတ်ပြုရာ နေရာများတွင် အလားတူ ခွဲခြား​ဆက်ဆံခံရခြင်းများကို ကြုံတွေ့နေရသည်ဟု ဖြည့်စွက်​ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံတွင်း ပိတ်ပင်ဖျက်ဆီးခံရသော ဗလီကျောင်းများအား ပြန်လည်​တည်ဆောက်ရေးကော်မတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၁) ခုရှိ အစ္စလာမ်ဘာသာရေး ကျောင်းများနှင့် ဗလီ (၆၄) ကျောင်း ပါဝင်သော စာရင်းတစ်ရပ်ကို ပြုစုခဲ့သည်။ ကော်မတီသည် ထိုအစ္စလာမ်ဘာသာရေးကျောင်းများနှင့် ဗလီကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အဆိုပြုပေးလျက်​ရှိသည်။ ထိုဘာသာရေးအဆောက်အအုံများနှင့် ဆုတောင်း​ဝတ်ပြုရာနေရာ (၆၄) ကျောင်းအနက် အများစုမှာ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများကြောင့် ပိတ်ပင်ခံရခြင်းဖြစ်ပြီး အချို့မှာ သဘာ၀ဘေးအန္တရာယ်များ သို့မဟုတ် မီးမတော်တဆမှုများကြောင့် ပိတ်ပင်ခံရခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ကန့်ဘလူမြို့နယ်အပါအဝင် အထွေထွေ​အုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်ဌာန - GAD) မြို့နယ်ရုံးများမှ အစ္စလာမ်ဘာသာရေးကျောင်းများတွင် မြန်မာဘာသာ​စကားကိုသာ သုံးနှုန်းပြောဆိုရန်နှင့် ဘာသာရေးသင်တန်းများ​ကိုလည်း သတ်မှတ်နေရာများတွင်သာ ဖွင့်လှစ်ရန် အမိန့်​ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ထုတ်ပြန်ချက်ကို အစ္စလာမ်​ဘာသာရေး အဖွဲ့အစည်းခေါင်းဆောင်များက ဝေဖန်ခဲ့ပြီး ထိုအမိန့်ထုတ်ပြန်ချက်သည် သူတို့၏ လွတ်လပ်စွာ ကိုးကွယ်​ယုံကြည်ပိုင်ခွင့်ကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။ ၂၀၂၀ ခုနှစ်တွင်မူ ထွေအုပ်ဌာနသည် ထိုအမိန့်ထုတ်ပြန်ချက်ကို လိုက်နာစေရန် အရေးယူဆောင်ရွက်သည်ဟူသော သက်သေ​အထောက်အထားများ မတွေ့ရပါ။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

သင်နေထိုင်ရာဒေသတွင် အစ္စလာမ်ဘာသာရေးကျောင်းများ သို့မဟုတ် ဗလီများ ရှိပါသလား။ သင်နေထိုင်ရာဒေသတွင် အစ္စလာမ်ဘာသာရေးကျောင်းများ သို့မဟုတ် ဗလီများ ပိတ်ပင်ခံခဲ့ရပါသလား။ အဘယ်ကြောင့် ပိတ်ပင်ခံခဲ့ရသနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ