၃.၃.၄

ဘာသာရေးဆိုင်ရာ လူနည်းစုများအတွက် လူ့အခွင့်အရေး ဥပဒေများ

အကြိုလေ့လာချက်

ဘာသာရေးဆိုင်ရာ လူနည်းစုများအတွက် မည်သို့သော အခွင့်အရေးမျိုးကို လိုအပ်မည်နည်း။

ဘာသာရေးဆိုင်ရာ လူနည်းစုများ၏ အခွင့်အရေးများနှင့် သက်ဆိုင်သော ကြေညာစာတမ်းတစ်ခု ရှိပါသည်။ အဆိုပါကြေညာစာတမ်းနှင့် အရေးကြီးသော ကြေညာစာတမ်းပါ အပိုဒ်အချို့ကို အောက်တွင်ဖော်ပြထားပါသည်။

ဘာသာရေး သို့မဟုတ် ကိုးကွယ်ယုံကြည်မှုကို အခြေပြု၍ ခွဲခြားဆက်ဆံမှုနှင့် ချုပ်ချယ်မှုအမျိုးမျိုးကို တိုက်ဖျက်ရေး ကြေညာစာတမ်း (၁၉၈၁)

ဤကြေညာစာတမ်းကို ၁၉၈၁ ခုနှစ်တွင် အတည်ပြုလက်ခံကျင့်သုံးခဲ့သည်။ မြန်မာနိုင်ငံတွင်မူ ကြေညာစာတမ်းတစ်ခုအနေဖြင့် ဥပဒေအရ စည်းနှောင်မှုရှိရန် မလိုပါ။ ဤကြေညာစာတမ်းတွင် ပါဝင်သော ဘာသာရေးအရ လူနည်းစုဖြစ်သော အုပ်စုများနှင့် ဆက်နွယ်သည့် လူ့အခွင့်အရေးများမှာ - 

  • အပိုဒ် ၁ နှင့် ၆ - လွတ်လပ်စွာ ဝတ်ပြုပိုင်ခွင့်၊ စုဝေးပိုင်ခွင့်၊ ခေါင်းဆောင်များ ခန့်အပ်ပိုင်ခွင့်တို့သာမက အားလပ်ရက်များနှင့် ပွဲတော်များ လွတ်လပ်စွာ ကျင်းပပိုင်ခွင့်တို့ အပါအဝင် မိမိကြိုက်နှစ်သက်ရာ ကိုးကွယ်ယုံကြည်မှုကို ရွေးချယ်ကျင့်သုံးပိုင်ခွင့်။
  • အပိုဒ် ၂ - ခွဲခြားဆက်ဆံမှုနှင့် ချုပ်ချယ်မှုတို့မှ ကင်းလွတ်ခွင့်။
  • အပိုဒ် ၅ - မိဘများနှင့် အုပ်ထိန်းသူများအနေဖြင့် မိမိတို့ သားသမီးများ၏ ပညာရေး အပါအဝင် မိမိတို့၏ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် ဘာသာအပေါ် အခြေပြု၍ ဆုံးဖြတ်ချက်ချပိုင်ခွင့်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

ဘာသာရေး လူနည်းစုများ၏ အခွင့်အရေးများအတွက် သီးသန့်ရေးဆွဲထားသော ဥပဒေအရ တရားဝင် တာဝန်ခံစေသည့် စာရွက်စာတမ်း မရှိသေးသည်မှာ အဘယ်ကြောင့်ဖြစ်သည်ဟု ထင်ပါသနည်း။


သင်တန်းဆရာမှတ်စုများ

သဘောတူစာချုပ်သစ်များ မူကြမ်းရေးဆွဲခြင်းနှင့် ပြဌာန်းခြင်းလုပ်ငန်းစဉ်သည် နှစ်များစွာကြာမြင့်လေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းလုံးမှ အစိုးရများနှင့် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များပါဝင်ကြောင်းကို မှတ်သားထားပါ။ သဘောတူစာချုပ်သစ် စာသားများကို မူကြမ်းရေးဆွဲရန် တာဝန်ပေးအပ်ခံရသူများသည် အပိုဒ်များ၏ စကားလုံးအသုံးအနှုန်း အတိအကျကို သူတို့အကြား သဘောတူထားရှိကြရမည်ဖြစ်ပြီး ၎င်းမှာ ခက်ခဲပြီး အချိန်ကုန်ကာ သဘောထားကွဲလွဲစေတတ်သော တာဝန်တစ်ရပ်ဖြစ်သည်။ ထိုသူများသည် သူတို့ ထည့်သွင်းလိုသော သို့မဟုတ် ချန်လှပ်ထားလိုသော အခွင့်အရေးများကို လွှမ်းမိုးထားသည့် အလွန်ခိုင်မာသော ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ယုံကြည်ချက်များလည်း ရှိနေနိုင်သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးများမူဘောင်ပါ သဘောတူစာချုပ်များသည် အားလုံးနှင့် သက်ဆိုင်ပြီး ကမ္ဘာ့နိုင်ငံအားလုံးတွင် အသုံးပြုနိုင်ရမည် ဖြစ်သောကြောင့် သဘောတူစာချုပ်များ၏ နောက်ဆုံးအချောသတ်စာသားသည် နိုင်ငံကိုယ်စားလှယ်များနှင့် ကွဲပြားစုံလင်သော အစိုးရများအတွက် လက်ခံနိုင်ရမည်ဟု ဆိုလိုပါသည်။ အားလုံးလက်ခံနိုင်သော လူ့အခွင့်အရေးများ၏ အနည်းဆုံး တစ်စုံတစ်ခုအပေါ် သဘောတူညီမှုကို ရယူရန် ခဲယဉ်းနိုင်ပါသည်။

သဘောတူစာချုပ်သစ်များသည်လည်း ၎င်းတို့ကို ပြဌာန်းပြီးနောက် ချက်ချင်းအကျိုးမသက်ရောက်ပါ။ ၎င်းအစား သဘောတူစာချုပ်များ အကျိုးသက်ရောက်မှုရှိစေရန်အတွက် အဆိုပါ သဘောတူစာချုပ်များအား ပါဝင်လက်မှတ်ရေးထိုးရမည့် အနည်းဆုံးအဖွဲ့ဝင် နိုင်ငံအရေအတွက်ကို သတ်မှတ်ပေးထားသော အပိုဒ်များပါရှိတတ်သည်။ လိုအပ်သော ပါဝင်လက်မှတ်ရေးထိုးသည့် နိုင်ငံအရေအတွက်အရ အတည်ပြုလက်မှတ်ရေးထိုးပြီးမှသာ သဘောတူစာချုပ်တစ်ခုက ဥပဒေအရ တရားဝင်တာဝန်ခံစေမည်ဖြစ်သည်။ ဆိုလိုသည်မှာ ယုံကြည်ကိုးကွယ်မှုပိုင်းဆိုင်ရာ လူနည်းစုများ အခွင့်အရေး သဘောတူစာချုပ်ကို ကုလသမဂ္ဂတွင် ပြဌာန်းထားခဲ့လျှင်တောင်မှ ၎င်းသည် ချက်ချင်းဥပဒေအရ တရားဝင်တာဝန်ခံစေခြင်း ဖြစ်မသွားဘဲ နှစ်များစွာ ဥပဒေအရ တရားဝင်တာဝန်မခံစေဘဲ ဖြစ်နေနိုင်သည်။

 

မြန်မာ့ရေးရာ -

နှင်းဆီဖြူကမ်ပိန်း


၂၀၁၉ ခုနှစ် မေလ၊ အစ္စလာမ်ဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ရာမဒန်ဥပုသ်လအတွင်း အစွန်းရောက် အမျိုးသားဝါဒီ ၂၀၀ ခန့်ပါဝင်သော အုပ်စုတစ်စုသည် ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုကိုးကွယ်ရာနေရာ သုံးနေရာသို့သွားရောက်ကာ ဝတ်ပြုကိုးကွယ်ခြင်းအား ဖိအားပေးရပ်ဆိုင်းခိုင်းသည်။ ထိုကဲ့သို့ဖြစ်ပြီး နောက်ရက်များတွင် ရဲတပ်ဖွဲ့ဝင်များသည် ဝတ်ပြုကိုးကွယ်သူများအား အကာအကွယ်ပေးပြီး အကြမ်းဖက်လှုပ်ရှားမှုကို ခေါင်းဆောင်သူများထဲ နှစ်ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ပြည်သူများအား 

''ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်စေခြင်း'' တို့ ဖြစ်စေမှုဖြင့် ဖမ်းဆီးအရေးယူခဲ့ပါသည်။

ထိုအဖြစ်အပျက်များဖြစ်ပြီး နောက်တစ်နေ့တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် အရှင်စိန္တိတသည် ထိုသို့ ဖိအားပေးရပ်ဆိုင်းခြင်းခံခဲ့ရသော အစ္စလာမ်ဘာသာဝင်များကို နှင်းဆီဖြူများ ဝေငှခဲ့သည်။ ''မနေ့ညက ကိစ္စဖြစ်ပြီးတဲ့နောက်မှာ စုပေါင်းညီညွတ်မှုနှင့် လူသားချင်း၏ စာနာထောက်ထားမှု စိတ်ဓာတ်ကို ပြဖို့လာခဲ့တာဖြစ်တယ်'' ဟု လေးစားအတုယူဖွယ်ကောင်းသည့် အဆိုပါဘုန်းတော်ကြီးက မိန့်ဆိုခဲ့ပါသည်။ ''ကျွန်ုပ်တို့ရဲ့ အစ္စလာမ်ဘာသာဝင် ညီအစ်ကိုအားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ပြသချင်တယ် ... ဒါဟာ အကြမ်းဖက်လှုပ်ရှားသူတွေကို ငြိမ်းချမ်းရေးအတွက် ကိုယ်နှုတ်အမူအရာဖြင့် ပြသခြင်းသက်သက်မဟုတ်ဘဲ အခြားနိုင်ငံသားအားလုံးကိုလည်း စိတ်ကောင်းထားဖို့ သတင်းစကားပါးတာဖြစ်တယ်။''

အဆိုပါလုပ်ရပ်မှစ၍ ရာမဒန်ဥပုသ်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာ ၂၃ နေရာတွင် အစ္စလာမ်ဘာသာဝင်များအား စေတနာ့ဝန်ထမ်း ၁၀၀ ကျော်ပါသည့် အဖွဲ့တစ်ဖွဲ့မှ နှင်းဆီပွင့်ပေါင်း ၁၅ç၀၀၀ ခန့်ကို လိုက်လံဝေငှပေးသည့် နှင်းဆီဖြူကမ်ပိန်း ဖြစ်လာခြင်းဖြစ်သည်။ ပြည်တွင်းကမ်ပိန်း စီစဉ်ကွပ်ကဲသူဖြစ်သည့် မစုချစ်သည် ''ဒီကမ်ပိန်းဟာ ရန်ကုန်မြို့က အစ္စလာမ်ဘာသာ ဝတ်ပြုကိုးကွယ်ရာနေရာ သုံးခုကို ဖိအားပေးရပ်ဆိုင်းခိုင်းတာနှင့် စပ်လျဉ်းပြီးတော့ စစ်ကိုင်းမှာရှိတဲ့ ကျွန်မတို့ရဲ့ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းတွေကို ချစ်ခင်ကြင်နာကြောင်း ပြသဖို့ ရည်ရွယ်ပါတယ်'' ဟု ပြောခဲ့ပါသည်။ ကမ်ပိန်းတွင် ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ပါဝင်ခဲ့ပြီး ဝါဖြေညစာစားပွဲတွင်လည်း ပူးတွဲဆုတောင်းခြင်းလည်း ပါဝင်ပါသည်။ ဝါဖြေညစာစားပွဲမှာ ရာမဒန်ဥပုသ်လအတွင်း နေဝင်ချိန်တွင် အစ္စလာမ်ဘာသာဝင်များ စားသုံးရသော စားတော်ပွဲဖြစ်ပါသည်။

ကမ်ပိန်းတွင် ပါဝင်လုပ်အားပေးခဲ့သော ကိုသက်ဆွေဝင်းမှ ပြောကြားသွားသည်မှာ ''ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ အစွန်းရောက်သူတွေကို ပြည်သူများစွာက သူတို့ရဲ့တရားမမျှတတဲ့ အမြင်တွေနဲ့ သဘောမတူဘူးဆိုတာ ပြသတဲ့ သတိပေးချက်တစ်ခုပဲ'' ဟူ၍ ဖြစ်ပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

နှင်းဆီဖြူကမ်ပိန်းသည် ဘာသာပေါင်းစုံ ကမ်ပိန်းတစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ်ပိန်းတွင် ဘာသာရေးအုပ်စုအမျိုးမျိုးမှ အဖွဲ့ဝင်များ အတူတကွ လက်တွဲလုပ်ဆောင် ပါဝင်သောကြောင့်ဖြစ်ပါသည်။ ဤတွင် ဘာသာရေးလူများစုဝင်များသည် ဘာသာရေး လူနည်းစုအမျိုးမျိုးနှင့် ဘာသာရေး လူနည်းစုတစ်စုအတွက် အားပေးပံ့ပိုးမှုကို ပြသရန် အတူတကွ လက်တွဲလုပ်ဆောင်ပါသည်။

ဘာသာရေး လူနည်းစုများ၏ အခွင့်အရေးများကို မြှင့်တင်ရာတွင် ဘာသာပေါင်းစုံ လှုပ်ရှားမှုများသည် အရေးပါသည်ဟု ထင်ပါသလား။ အဘယ်ကြောင့် ထင်ပါသနည်း (သို့မဟုတ်) အဘယ်ကြောင့် မထင်ရသနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ