၄.၁

မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဥပဒေများနှင့် လူနည်းစု အခွင့်အရေးများ

၄.၁.၁

မြန်မာနိုင်ငံ၏ တရားစီရင်ရေး


အကြိုလေ့လာချက်

၁။  ‘တရားစီရင်ရေး’ ဆိုသည်မှာ အဘယ်နည်း။ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို ရေးပါ။

၂။  တရားစီရင်ရေး၏ တာဝန်များမှာ အဘယ်နည်း။ တရားစီရင်ရေးသည် အဆိုပါ တာဝန်များကို မည်သို့ ဖြည့်ဆည်းပေးသနည်း။ ၎င်းတို့အား စာရင်းပြုစုပါ။

 

နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေးသည် ဥပဒေများအား အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် အာဏာတည်စေရန် တာဝန်ရှိပါသည်။ တရားစီရင်ရေးတွင် တရားရုံးအဆင့်အမျိုးမျိုးပါဝင်သည်။ ပြည်တွင်းပြည်ပ ဥပဒေနှင့် စံသတ်မှတ်ချက်ပေါင်းစုံ ဖတ်ရှုလေ့လာထားခြင်းကို အခြေခံပြီး ဥပဒေရေးရာအမှုများတွင် ချမှတ်လိုက်သော တရားရုံးဆုံးဖြတ်ချက်များမှတစ်ဆင့် ဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ဤတရားရုံးဆိုင်ရာအမှုများအပေါ် အဆိုပါ တရားရုံးများ၏ ဆုံးဖြတ်ချက်များသည် အနာဂတ်တွင် တရားရုံးဆိုင်ရာအမှုများအား ဖြေရှင်းပုံကို လမ်းညွှန်ပေးနိုင်သည်။ ရာဇဝတ်မှုဆိုင်ရာ တရားရုံးများသည် အပြစ်ရှိမရှိကို သတ်မှတ်ဆုံးဖြတ်ခြင်း၊ တရားရုံးအမှုများတွင် တင်သွင်းလာသည့် သက်သေအထောက်အထားများအရ အမိန့်ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခြင်းအားဖြင့် ဥပဒေများကို အသက်ဝင်စေသည်။

အကယ်၍ လူပုဂ္ဂိုလ်တစ်ဦးသည် အဆင့်နိမ့်တရားရုံးမှ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် မှားယွင်းသည်ဟု ယူဆပါက အဆိုပါတရားရုံးထက် အဆင့်ပိုမြင့်သော တရားရုံးသို့ အယူခံဝင်နိုင်ပါသည်။ ဆိုလိုသည်မှာ ထိုပုဂ္ဂိုလ်၏ အမှုကို အဆင့်မြင့်တရားရုံးတွင် ထပ်မံတရားစီရင်နိုင်ပြီး ဆုံးဖြတ်ချက်အသစ်တစ်ရပ်ကို ချမှတ်နိုင်သည်။ အဆင့်နိမ့် တရားရုံးများသည် နိုင်ငံရေး ဖိအားများ သို့မဟုတ် အကျင့်ပျက်ခြစားမှုများကို ခုခံနိုင်စွမ်းနည်းသည်ဖြစ်ရာ အယူခံဝင်နိုင်ခွင့်မှာ အရေးကြီးလှသည်။ ဤနည်းဖြင့် တရားသူကြီးများ၏ သမာသမတ်ကျမှုကို မှတ်ကျောက်တင်စစ်ဆေးနိုင်ပြီး အမှားအယွင်းများ ရှိခဲ့သော် အမှန်ပြန်ပြင်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တရားရုံးအဆင့်သုံးဆင့် ရှိပါသည် -

  1. မြို့နယ်တရားရုံးများ သို့မဟုတ် ခရိုင်တရားရုံးများသည် ဥပဒေချိုးဖောက်သည်ဟု စွပ်စွဲခံရသူ အများစုအတွက်ဖြစ်သည်။
  2. ဟိုက်ကုတ်တရားရုံးများ (တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ) သည် မြို့နယ်နှင့် ခရိုင်တရားရုံးများကို ကြီးကြပ်ပြီး ထိုအဆင့်မှ အယူခံမှုများကို လက်ခံဖြေရှင်းပေးရသည်။
  3. ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဟိုက်ကုတ်တရားရုံးများမှ အယူခံများကို လက်ခံဖြေရှင်းသည်။ ထို့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများအကြား ချုပ်ဆိုထားသည့် သဘောတူစာချုပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများကြားရှိ ဥပဒေရေးရာ ကိစ္စရပ်များနှင့်၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအချင်းချင်းကြားရှိ ဥပဒေရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း စီရင်ချက်များ ချမှတ်ပေးပါသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် စာချွန်တော်အမိန့်များ ထုတ်ဆင့်ပိုင်ခွင့်အာဏာရှိသည်။ စာချွန်တော်အမိန့်ဆိုသည်မှာ လုပ်ဆောင်သူ လူပုဂ္ဂိုလ်တစ်ဦးတစ်ယာက်အား ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ရန် သို့မဟုတ် ဆိုင်းငံ့ရန် အမိန့်ပေးသည့်အနေဖြင့် တရားရုံးတစ်ခုမှ ထုတ်ဆင့်သည့်စာဖြင့် ရေးသားထားသောအမိန့်ဖြစ်သည်။ ပြည်သူများသည် မိမိတို့၏ အခွင့်အရေးများကို ခုခံကာကွယ်သည့်အနေဖြင့် စာချွန်တော်အမိန့်များကို ထုတ်ပေးပါရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အသနားခံစာတင်နိုင်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၂၉၆ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါစာချွန်တော်အမိန့်များကို ထုတ်ပိုင်ခွင့်အာဏာရှိသည် -

  • ရှေ့တော်သွင်း စာချွန်တော်အမိန့် - တရားမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူတစ်ဦးအား လွတ်မြောက်ခွင့်ပေးစေသည့် အမိန့်ဖြစ်သည်။
  • အာဏာပေး စာချွန်တော်အမိန့် - အဆင့်နိမ့် တရားရုံးတစ်ရုံးရုံးကိုသော်လည်းကောင်း၊ အစိုးရဌာန တစ်ခုခုကိုသော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးဦးကိုသော်လည်းကောင်း ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်လျှင် တရားဥပဒေနှင့်အညီ လုပ်ဆောင်ရန် သို့မဟုတ် လုပ်ဆောင်ခြင်းမှရှောင်ကြဉ်ရန် အမိန့်ပေးသည့် အမိန့်စာဖြစ်သည်။
  • တားမြစ်စေ စာချွန်တော်အမိန့် - အဆင့်နိမ့်တရားရုံးတစ်ရုံးက တရားစီရင်မှုသဘော သက်ဝင်သည့် ကိစ္စရပ်တစ်ခုခုတွင် တရားစီရင်ပိုင်ခွင့်အာဏာကျော်လွန်၍ ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် တားမြစ်သည့် အမိန့်စာ သို့မဟုတ် အစိုးရဌာနတစ်ခုခုက သို့မဟုတ် အစိုးရအရာရှိတစ်ဦးဦးက ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်ခြင်းမပြုရန် တားမြစ်သည့် အမိန့်စာဖြစ်သည်။
  • အာဏာပိုင်မေး စာချွန်တော်အမိန့် - လူပုဂ္ဂိုလ်တစ်ဦးဦး၏ ရာထူးရာခံရယူပိုင်ခွင့် သို့မဟုတ် အစိုးရနှင့်ဆိုင်သော အထူးအခွင့်အရေးရပိုင်ခွင့်ကို ကန့်ကွက်သည့် အမိန့်စာဖြစ်သည်။
  • အမှုခေါ် စာချွန်တော်အမိန့် - အဆင့်နိမ့်တရားရုံး သို့မဟုတ် ခုံရုံးတစ်ခုခုမှ ထုတ်ပြန်ပြီးသား အမိန့်စီရင်ချက်ကို တားမြစ်သည့် အမိန့်စာဖြစ်သည်။

မြန်မာနိုင်ငံတွင် အထူးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အခြားတရားရုံး နှစ်မျိုးနှစ်စား ရှိပါသေးသည်-

  • စစ်ဘက်ဆိုင်ရာခုံရုံးများသည် မြန်မာ့တပ်မတော်သားများ ပါဝင်သည့် အမှုများအတွက် ဖြစ်ပါသည်။
  • နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်သည့် အမှုကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်များ ချမှတ်သည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

၁။  နိုင်ငံတစ်နိုင်ငံတွင် တရားရုံးအဆင့်များစွာရှိရခြင်းမှာ အဘယ်ကြောင့်ဟု ထင်သနည်း။

၂။  မြန်မာနိုင်ငံတွင် စစ်တပ်နှင့် သက်ဆိုင်သည့် တရားရုံး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်သည့် တရားရုံးဟူ၍ သီးသန့်တရားရုံးများ ရှိရခြင်းမှာ အဘယ်ကြောင့်ဟု ထင်သနည်း။


သင်တန်းဆရာမှတ်စုများ

၂။ ၂၀၁၀ ခုနှစ်တွင် ပြင်ဆင်မွမ်းမံခဲ့သည့် ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေသည် မြန်မာနိုင်ငံအတွင်းရှိ လက်ရှိအသုံးပြုနေသော စစ်ဘက်ဆိုင်ရာ တရားရုံးစနစ်ကို ချမှတ်ပေးခဲ့သည့် ဥပဒေဖြစ်သည်။ အဆိုပါ စစ်ဘက်ဆိုင်ရာ တရားရုံးစနစ်ကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၂၉၃ (ခ) နှင့် ပုဒ်မ ၃၁၉) တို့တွင် ထပ်မံအတည်ပြုခဲ့ပါသည်။

တပ်မတော် အက်ဥပဒေပုဒ်မ ၁၃၀ အရ စစ်မှုထမ်းများပါဝင်သော ဥပဒေရေးရာ အမှုအခင်းများကို ပြည်သူ့တရားရုံးများတွင် ပြည်လည်ရင်ဆိုင်ကြားနာခွင့် ပြုထားပါသည်။ သို့သော် ၂၀၁၀ ခုနှစ် စစ်မှုထမ်းအက်ဥပဒေ ပြင်ဆင်မွမ်းမံခြင်းတွင်မူ ယင်းသို့ ပြန်လည်ရင်ဆိုင်ကြားနာနိုင်ခွင့် ရရှိနိုင်ခြေကို ဖယ်ရှားခဲ့ပါသည်။ ဆိုလိုသည်မှာ လက်ရှိအချိန်တွင် တပ်မတော်မှ စစ်မှုထမ်းများပါဝင်သည့် ဥပဒေရေးရာ အမှုအခင်းများကို ကာကွယ်ရေးဦးစီးချုပ်တွင် အမြင့်ဆုံးအာဏာရှိသည့် စစ်ဘက်ဆိုင်ရာ တရားရုံးများတွင်သာ ပြန်လည်ရင်ဆိုင်ကြားနာမှု ပြုနိုင်မည်ဖြစ်သည်။ တရားလွှတ်တော်ချုပ်သို့ အယူခံစာ တင်သွင်းခြင်းများလည်း ပြုလုပ်နိုင်မည် မဟုတ်ပါ။ (ICJ 2019:2)

မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ တရားရုံးများကို “မြန်မာနိုင်ငံအနှံ့အပြား စစ်သားများက လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်” ရရှိစေသည့် “တာဝန်ခံမှု” ကို ရှောင်လွှဲရန် နည်းလမ်းတစ်ခုအဖြစ်’ အသုံးချနေသည်ဟု အပြည်ပြည် ဆိုင်ရာ ဥပဒေပညာရှင်များ အဖွဲ့ (ICJ) က ကောက်ချက်ချခဲ့ပါသည်။ ( ICJ ၂၀၁၉ ခုနှစ်) 

၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့် ဆက်နွယ်သော အမှုအခင်းများတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ချက်များ ချမှတ်ပါသည်။ ယင်းကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရေးဆွဲခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် “ဥပဒေကြောင်းအရ စည်းနှောင်မှုရှိစေလိုလျှင် ပြုမူဆောင်ရွက်ချက်တစ်ရပ် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်သည် မည်သည့်အခါတွင် အခြေခံဥပဒေနှင့် သွေဖည်သည်ကို ဆုံးဖြတ်ခြင်း၊ ယင်းသွေဖည်မှုအတွက် ကုစားမှုပေးရန် ဆုံးဖြတ်ပေးခြင်းဖြင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာတည်စေမည့် နည်းလမ်းတစ်မျိုးမျိုးရှိစေရမည်” ဟု ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း (နိုင်ငံတကာ IDEA) က ရှင်းလင်းထုတ်ပြန်ခဲ့ပါသည်။ (Harding 2017:1)

ဤကဲ့သို့သော အစီအမံများကို ‘ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိ သုံးသပ်ချက်’ ဟု ခေါ်ဆိုကြသည့် လုပ်ငန်းစဉ်မှတစ်ဆင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံအသီးသီးတွင် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိ သုံးသပ်ရန် စနစ်အမျိုးမျိုးကို အသုံးပြုကြသော်လည်း ယေဘုယျအားဖြင့် အဓိကသုံးသပ်ချက်နှစ်မျိုးကိုသာ အသုံးပြုကြပါသည်။ ပထမစနစ်တစ်မျိုးမှာ ဗဟိုချုပ်ကိုင်မှုပိုရှိသော စနစ်ဖြစ်ပြီး အထူးပြုဖန်တီးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး သို့မဟုတ် ခုံရုံးကို အသုံးပြုပါသည်။ ဒုတိယစနစ်တစ်မျိုးမှာ ဗဟိုချုပ်ကိုင်မှုနည်းပါးသော စနစ်ဖြစ်ပြီး “ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးကိစ္စများသက်သက်အတွက်သာမဟုတ်ဘဲ တရားမဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများ ကိစ္စရပ်များ အားလုံးအပေါ်အထွေထွေစီရင်ပိုင်ခွင့်ရှိသည့် တရားရုံးတစ်ရပ်” ကို အသုံးပြုသုံးသပ်ပါသည် (International IDEA 2017:1)။ မြန်မာနိုင်ငံတွင်ဗဟိုချုပ်ကိုင်မှုပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးစနစ်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာ IDEA စာတမ်း (2017:2) တွင် အောက်ပါတို့ကို မှတ်ချက်ပြုထားပါသည် -

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရှိသည့် နိုင်ငံအများစုတွင် ပြီးခဲ့သည့်နှစ်သုံးဆယ်အတွင်း ကျင့်သုံးခဲ့ကြသည့် အခြေခံဥပဒေရေးဆွဲခြင်း (သို့မဟုတ် ထိုင်ဝမ်နိုင်ငံမှာကဲ့သို့ ရှိရင်းစွဲ အဖွဲ့အစည်းများကို သိသိသာသာ ပြုပြင်ပြောင်းလဲပြီး ဖွဲ့စည်းခြင်းမျိုး) ဖြစ်စေ၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်ဖြစ်စေ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ဖွဲ့စည်းခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီစနစ် တည်ထောင်ခြင်းကဲ့သို့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးများ အမြစ်တွယ်ပြီး အောင်မြင်မှုရရှိစေရန် မရှိမဖြစ် ယန္တရားများအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးများအား ရှုမြင်ကြသည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးများကို တည်ထောင်ခဲ့ကြသည့် နိုင်ငံများသည် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး အောင်မြင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးများကို ကျယ်ကျယ်ပြန့်ပြန့် တည်ထောင်ခဲ့ကြသည်။ အကြောင်းမှာ စစ်အာဏာရှင်စနစ် သို့မဟုတ် အကြွင်းမဲ့အာဏာရှင် အုပ်ချုပ်ရေးကာလအပြီး အခြေခံဥပဒေခုံရုံးများသည် ဒီမိုကရေစီဆန်သော အင်စတီကျူးရှင်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကျင့်သုံးခြင်းကို လက်ခံယုံကြည်မှုနှင့် မူလအခွင့်အရေးများကို စောင့်ရှောက်သူများအဖြစ် ထိုနိုင်ငံများက ရှုမြင်ခြင်းကြောင့်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ် အတည်ပြုပြဌာန်းပြီးချိန်၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအပေါ် အထူးပြုလုပ်ဆောင်ပြီး ခိုင်မာသော အလေးထားမှုရှိစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ သို့မဟုတ် ခုံရုံးများကို ဖွဲ့စည်းလေ့ရှိသည်။ တရားလွှတ်တော်ချုပ်ကဲ့သို့သော တည်ရှိပြီး တရားရုံးများက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးကိစ္စများအား အပြည့်အဝ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဟု ယူဆသော အခြေအနေမျိုးတွင် ထိုကဲ့သို့ တရားရုံးများကို ဖွဲ့စည်းလေ့ရှိပါသည်။ (Harding 2017:၂-၆)

သို့သော်ငြားလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ သို့မဟုတ် ခုံရုံးများမှာလည်း အလွန်အာဏာသက်ရောက်မှုရှိပြီး “နိုင်ငံတော်အစိုးရ၏ စတုတ္ထမဏ္ဍိုင်အဖြစ်” ပင် ရပ်တည်နိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး တရားသူကြီးများတွင် လွတ်လပ်စွာ ဆုံးဖြတ်ချက်ချနိုင်ခြင်းနှင့် ဘက်မလိုက်ခြင်းတို့ နည်းပါးနိုင်သည့်အပြင် နိုင်ငံရေးအရ အရေးပါသော သို့မဟုတ် ထိခိုက်လွယ်သော ဥပဒေရေးရာ အမှုအခင်းများတွင် အချို့သော ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ဖိအားပေးခံရခြင်းမျိုးလည်း ကြုံတွေ့နိုင်ပါသည်။ ထို့အပြင် ဗဟိုချုပ်ကိုင်မှုရှိသော စနစ်များ၏ တရားရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးကိစ္စများနှင့် စပ်လျဉ်းသော အမှုအခင်းများကို အနိမ့်ဆုံးအဆင့်တရားရုံးများတွင် ကြားနာရင်ဆိုင်ခြင်းမပြုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ သို့မဟုတ် ခုံရုံးများတွင်သာ ကြားနာရင်ဆိုင်ကြပါသည်။ ဆိုလိုသည်မှာ နိုင်ငံရေးအရ အရေးပါသော သို့မဟုတ် ထိခိုက်လွယ်သော ဥပဒေရေးရာအမှုအခင်းများမှာ တစ်ကြိမ်သာလျှင် ကြားနာရင်ဆိုင်မှုပြုမည်ဖြစ်ပြီး အနိမ့်ဆုံးအဆင့် တရားရုံးများက တင်ပြမှုပြုနိုင်သည့် အကြောင်းပြချက်ပေးခြင်းကဲ့သို့သော အကျိုးခံစားခွင့် မရရှိနိုင်ပေ။ (Harding 2017:၂)


အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ