၄.၁.၃

ဖွဲ့စည်းပုံအခြေခံဥပဒေများ

အကြိုလေ့လာချက်

အစိုးရ၏ အခွင့်အာဏာသည် မည်သည့်နေရာမှ ဆင်းသက်သင့်သနည်း။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် အမြင့်ဆုံးဥပဒေ ဖြစ်ပါသည်။ ၎င်းသည် အစိုးရ၏ အချုပ်အခြာမဏ္ဍိုင်သုံးရပ်ဖြစ်သော ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားရေးမဏ္ဍိုင်တစ်ခုချင်းစီ၏ ဖွဲ့စည်းပုံနှင့် အာဏာတို့ကို ရေးသားဖော်ပြထားသည်။ ထို့အပြင် ၎င်းသည် အစိုးရက ဥပဒေများကို ရေးဆွဲပြဌာန်းခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် အသက်ဝင်စေခြင်းတို့အား လုပ်ဆောင်ပုံဖြစ်စဉ်ကိုလည်း ရေးသားဖော်ပြပါသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားဝင်နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များကိုလည်း သတ်မှတ်နိုင်ပါသေးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အောက်ပါအပိုင်းများ ပါရှိနိုင်ပါသည် -

  • နိုင်ငံနှင့် အဖွဲ့အစည်းများ၏ သမိုင်းကြောင်းနှင့်တကွ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးသားသူများမှ အားပေးလိုသော ယုံကြည်မှုများနှင့် တန်ဖိုးထားမှုများကို ရေးသားဖော်ပြထားသော နိဒါန်း။
  • တရားဝင်နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို စာရင်းပြုစု ဖော်ပြထားသော အခြေခံအခွင့်အရေးများနှင့် အစိုးရအာဏာ အကန့်အသတ်ဆိုင်ရာ ဖော်ပြချက်များ။
  • “အစိုးရ အဖွဲ့အစည်းများနှင့် ရာထူးတာဝန်များ” ဆိုသည့် အပိုင်းတွင် အစိုးရ၏ ဖွဲ့စည်းပုံသာမက အစိုးရအဖွဲ့အစည်းများ၏ အာဏာများနှင့် တာဝန်ဝတ္တရားများကိုလည်း ရေးသားဖော်ပြထားပါသည်။
  • “ပြင်ဆင်ချက်များ” ဆိုသည့် အပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လိုက်နာရမည့် စည်းမျဉ်းများကို ရေးသားဖော်ပြထားပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေဖြစ်သည်။ ထို့ကြောင့် နိုင်ငံတွင် ပြဌာန်းထားသော အခြားဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲဆန့်ကျင်၍ မရပါ။ အကယ်၍ အခြားဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲဆန့်ကျင်နေပါက အဆိုပါ ဥပဒေများသည် အခြေခံဥပဒေနှင့် မကိုက်ညီပါ။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

နိုင်ငံတစ်နိုင်ငံလုံးအတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်တည်းသာ ရှိသင့်ပါသလား။ သို့မဟုတ် နိုင်ငံတွင်းရှိ တိုင်းဒေသများတွင်လည်း ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရှိသင့်ပါသလား။


သင်တန်းဆရာမှတ်စုများ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးများအပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် တရားဥပဒေအရ ချည်နှောင်မှုရှိသည်ကို မှတ်သားထားပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အစိုးရအဖွဲ့အစည်းများအတွက် ၎င်းတို့ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေများ အတည်ပြုပြဌာန်းကျင့်သုံးပိုင်ခွင့်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော ရပိုင်ခွင့်ကို ချမှတ်ထားပေးခြင်း မရှိပါ။

သို့သော်လည်း ထပ်ဆောင်း ဖွဲ့စည်းပုံအခြေခံဥပဒေများကို မူကြမ်းရေးသားရန်နှင့် အတည်ပြုပြဌာန်းရန် ကြိုးပမ်းမှုများစွာရှိခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) တို့ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရ လက်ထက်အတွင်း၌ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ ပြည်နှင်ဒဏ်ပေးခံရသော နိုင်ငံရေးသမားများ၊ အခြားတက်ကြွလှုပ်ရှားသူ များစွာတို့က အခြားရွေးချယ်စရာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတစ်ရပ်ကို ပြုစုခဲ့ပါသည်။ ယခင်ခေတ်ကတည်းကပင် တိုင်းရင်းသားအခြေပြု လက်နက်ကိုင်အဖွဲ့အသီးသီးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းပြုစုရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကွဲပြားသော လှုပ်ရှားသူများကလည်း တနင်္သာရီအမျိုးသားများ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်ကြိုးပမ်းခဲ့ကြပါသည်။
(ဥမ္မာဇင် & Zulueta-Fülscher  ၂၀၁၈ ခုနှစ်)

 

မြန်မာ့ရေးရာ - 

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများ၏ သမိုင်းကြောင်း


လွတ်လပ်ရေးရပြီးသည့် အချိန်ကတည်းကပင် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ရပ် ရှိခဲ့ပါသည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့၌ စစ်အစိုးရအာဏာသိမ်းသည့် အချိန်တွင် ဖျက်သိမ်းခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိသာမက ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ မရှိခဲ့ပါ။ လက်ရှိအသုံးပြုနေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်မှသာ အတည်ပြု လက်ခံကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)

မြန်မာနိုင်ငံ၏ ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်၊ မေလတွင် ရေးဆွဲခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် ကော်မတီဝင် ၇၅ ဦးကို ဦးဆောင်ခဲ့ပြီး လွှတ်တော်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း အကျဉ်းချုံးရှင်းပြခဲ့သည်။ အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အတည်ပြုလက်ခံ ကျင့်သုံးခဲ့ပါသည်။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ၁၉၄၈ ခုနှစ်မှနေ၍ ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်အာဏာသိမ်းမှုကြောင့် အစိုးရအပြောင်းအလဲဖြစ်သည့် ၁၉၆၂ ခုနှစ်အထိ အသက်ဝင်ခဲ့ပါသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)

မြန်မာနိုင်ငံ၏ ဒုတိယဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ရေးဆွဲခဲ့သည်။ ယင်းအား ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျင်းပခဲ့သော လူထုဆန္ဒခံယူပွဲမှတစ်ဆင့် အတည်ပြု လက်ခံကျင့်သုံးခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေသည် “မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ” ဆိုသည့် ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် ဆိုရှယ်လစ်ဒီမိုကရေစီလူမှုဘောင်ကို ထူထောင်ရန် ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် ကော်မတီကို သမ္မတဦးစန်းယုနှင့် အဖွဲ့ဝင် ၉၇ ဦးတို့မှ ဦးဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အနွမ်းပါးဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ရုံသာမက တစ်ကမ္ဘာလုံးတွင် ဖွံ့ဖြိုးမှုအနည်းပါးဆုံးသော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာခဲ့သည်။ ဤအခြင်းအရာကြောင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော်မှ စစ်အာဏာသိမ်းစဉ် နိုင်ငံတော်အစိုးရကို အာဏာစွန့်ရသည်အထိ ဖြစ်စေခဲ့သော နာမည်ကျော် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ်အရေးအခင်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်မှာပင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

၁၉၉၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ ၁၃ နှစ်ကြာ ဆွေးနွေးပြီးနောက် စစ်အစိုးရသည် ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ကို ရေးဆွဲရန် အမျိုးသားညီလာခံတစ်ခုကို ကြီးမှူးကျင်းပခဲ့သည်။ အစိုးရ၏ ကြေညာချက်တစ်ခုအရ အဆိုပါ ညီလာခံကို နိုင်ငံရေးပါတီအမျိုးမျိုးမှ ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားလှယ်များအပါအဝင် ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် ပတ်သက်သည့် မည်သည့် ဆွေးနွေးချက်တွင်မျှ ပါဝင်ဆွေးနွေးခဲ့ခြင်း မရှိပါ။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလတွင် အဖွဲ့ဝင် ၅၄ ဦး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးအောင်တိုးမှ ဦးဆောင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို သတ်မှတ်ကျင့်သုံးနိုင်ရန်အတွက် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်၊ မေလတွင် ကျင်းပခဲ့သည်။ လူထုဆန္ဒခံယူပွဲ ကျင်းပမည့် သတ်မှတ်ရက်မတိုင်မီ တစ်ပတ်အလိုတွင် လူပေါင်း ၁၀၀ယ၀၀၀ ကျော်ကို သေဆုံးစေခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာ၀တီတိုင်းရှိ မြို့နယ် ၇ ခုနှင့် ရန်ကုန်တိုင်းရှိ မြို့နယ် ၄၀ တွင် မဲပေးခြင်းအား မေလ ၂၄ ရက်နေ့သို့ နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ရသည်။ စစ်အစိုးရသည် မေလ ၂၉ ရက်နေ့တွင် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ယင်းအား မဲပေးသူဦးရေ ၂၆ သန်းမှ ၉၂ ရာခိုင်နှုန်းသည် ထောက်ခံမဲ ပေးခဲ့သည်ဟု အဆိုပြုခဲ့သည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

ဤအခြင်းအရာများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ချင်းစီကို အတည်ပြုကျင့်သုံးပုံမှာ တရားမျှတမှုရှိသည်ဟု ထင်ပါသလား။ အဘယ်ကြောင့် ထင်သနည်း သို့မဟုတ် အဘယ်ကြောင့် မထင်သနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ