၄.၂

ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် လူနည်းစုအခွင့်အရေးများ

၄.၂.၁

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ


အကြိုလေ့လာချက်

ဇယားကို ပြည့်စုံအောင် ဖြည့်ပါ။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်း ကျွန်ုပ် ဧကန်မုချသိထားသော အရာများ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ကျွန်ုပ်သိသည်ဟုထင်သော အရာများ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်ုပ်သိလိုသော အရာများ

 

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူနည်းစုများအတွက် အကျိုးဖြစ်ထွန်းစေနိုင်သော အထွေထွေပုဒ်မအချို့သာမက ခွဲခြားဆက်ဆံမှုမပြုရေး၊ တန်းတူညီမျှမှုတို့နှင့် ဆက်နွယ်နေသည့် အထွေထွေပုဒ်မအချို့လည်း ပါဝင်ပါသည် -

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အချို့လူနည်းစုများကို အမည်ဖြင့် အတိအကျ ဖော်ပြထားပြီး ၎င်းတို့ခံစားပိုင်ခွင့်ရှိသည့် ဥပဒေအရ အကာအကွယ်ပေးမှုနှင့် အခွင့်အရေးများကို ဖော်ပြထားသည်။ သို့သော် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မဖော်ပြထားသော လူနည်းစုအချို့ ရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူနည်းစုအခွင့်အရေးအချို့ကို ကန့်သတ်ခြင်း သို့မဟုတ် ချိုးဖောက်ခြင်းများလည်းရှိသည်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသားများအဖြစ် ယူဆထားသော တိုင်းရင်းသားများကို ညွှန်းဆိုသည်ဟု အနက်ဖွင့်လေ့ရှိသည့် “တိုင်းရင်းသားလူမျိုးများ” နှင့် “တိုင်းရင်းသားပြည်သူ” ဆိုသည့် အသုံးအနှုန်းများကို ဖော်ပြထားသည်။ ယင်းတွင် ဌာနေတိုင်းရင်းသားမဟုတ်သည့် အုပ်စုများကို အတိအကျ ဖော်ပြထားခြင်းမျိုးမရှိပေ၊ သို့သော် တစ်ခါတစ်ရံတွင် “ပြည်သူများ” သို့မဟုတ် “နိုင်ငံသားများ” ဟု ညွှန်းဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများကို ဥပဒေအရ အကာအကွယ်ပေးမှုနှင့် ၎င်းတို့၏ အခွင့်အရေးများမှာ -

  • နေထိုင်ရာ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများရှိ အရေအတွက်အားဖြင့် လူနည်းစုဖြစ်ပြီး မြန်မာနိုင်ငံရှိ လူဦးရေ စုစုပေါင်း၏ ၀.၁ ရာခိုင်နှုန်းနှင့်အထက်ရှိသော တိုင်းရင်းသားများ ဖြစ်ပါက အဆိုပါ တိုင်းရင်းသားများအတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိသည်။
  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများတွင် နေထိုင်သော တိုင်းရင်းသားများသည် အဆိုပါဒေသ သို့မဟုတ် တိုင်းတွင်နေထိုင်သူဦးရေ ၁၀ယ၀၀၀ နှင့်အထက်ရှိပါက ထိုဒေသ၏ အစိုးရအဖွဲ့တွင် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ယောက် ထားပိုင်ခွင့်ရှိသည်။
  • ၎င်းတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးတို့ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးအတွက် အစိုးရထံမှ ကူညီထောက်ပံ့မှုများ ရပိုင်ခွင့်ရှိသည်။ တိုင်းရင်းသားများသည် အခြားသူများ၏ အခွင့်အရေးများကို မချိုးဖောက်သရွေ့ ဤအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိသည်။
  • ပုဒ်မ ၃၉၁ တွင် တိုင်းရင်းသားလူနည်းစုဝင်ဖြစ်သော တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းများကို ရွေးကောက်တင်မြှောက်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့် ပေးထားသည်။
  • ထူးချွန်သော ကျောင်းသားများအား တိုင်းရင်းသားလူမျိုးဖြစ်မှုကို အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမပြုရ။ ထို့အပြင် ၎င်းတို့သည် အစိုးရထံမှ အသိအမှတ်ပြုခြင်းနှင့် ထောက်ပံ့ခြင်းကို ရပိုင်ခွင့်ရှိသည်။

တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများကို ကန့်သတ်ချက်များနှင့် ချိုးဖောက်မှုများ -

  • နိဒါန်းတွင် “တိုင်းရင်းသားပြည်သူများ” ကို အသားပေးဖော်ပြထားသော်လည်း အဆိုပါ အသုံးအနှုန်းသည် တိုင်းရင်းသားတစ်စုကို သီးသန့်ညွှန်းဆိုပြီး အခြားသူများကို ညွှန်းဆိုခြင်းမဟုတ်ဟု ယူဆလေ့ရှိသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဌာနေတိုင်းရင်းသားဟု မယူဆသည့် တိုင်းရင်းသားများကို ချန်လှပ်ထားသည်။
  • ပုဒ်မ ၃၇ တွင် နိုင်ငံတော်ရှိ မြေအားလုံးနှင့် သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်အဖြစ် နိုင်ငံတော်အား ပိုင်ဆိုင်ခွင့်ပေးထားသည်။
  • မြန်မာစာသည် ရုံးသုံးစာဖြစ်သည်ဟု ပုဒ်မ ၄၅၀ တွင် ရေးသားဖော်ပြထားသည်။
  • “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” ကို ထိပါးနှောင့်ယှက်မည်ဟု ယူဆပါက စာပေ၊ အနုပညာ၊ ဓလေ့ထုံးတမ်းနှင့် ရိုးရာဓလေ့တို့ကို ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့်အား ပုဒ်မ ၃၆၅ အရ ကန့်သတ်နိုင်သည်။
  • အစိုးရအဖွဲ့အတွင်း ခေါင်းဆောင်ပိုင်းရာထူးအချို့ကို ရနိုင်သည့်သူများအား ၎င်းတို့၏ တိုင်းရင်းသားဖြစ်မှုသည် ဌာနေတိုင်းရင်းသားဟုတ် မဟုတ်ဟူသော အချက်ကိုသာမက ၎င်းတို့၏ အိမ်ထောင်ဖက်သည် မြန်မာနိုင်ငံသား ဖြစ်မဖြစ်တို့ကိုပါ အခြေခံ၍ ထည့်သွင်းစဉ်းစားသည့် ကန့်သတ်ချက်များရှိသည်။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ ခန့်အပ်ခြင်းအပါအဝင် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ဗဟိုဦးစီးချုပ်ကိုင်သော အလေ့အထများရှိသည်။
  • အခန်း (၈) ပုဒ်မ ၃၈၃ မှ ၃၉၀ ပါ နိုင်ငံသားများ၏ တာဝန်များကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အစုအဖွဲ့များအနေဖြင့် သဘောတူလက်ခံနိုင်ခြင်း ရှိချင်မှ ရှိပေလိမ့်မည်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ဗုဒ္ဓဘာသာသာသနာတော်” ကို မြန်မာနိုင်ငံ၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော “ဂုဏ်ထူးဝိသေသ” နှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု အသိအမှတ်ပြုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နတ်ကိုးကွယ်သောဘာသာ၊ ခရစ်ယာန်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် အစ္စလာမ်ဘာသာသာသနာ တို့ကိုလည်း အသိအမှတ်ပြုသည်။ သို့သော်လည်း ဤဘာသာများကို “ဂုဏ်ထူးဝိသေသ” သတ်မှတ်ပေးခြင်း မရှိသည့်အပြင် အခြားဘာသာ အယူဝါဒများကိုလည်း အသိအမှတ်ပြုထားခြင်း လုံး၀မရှိပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာရေးလူနည်းစုများကို အကာအကွယ်ပေးခြင်းနှင့် ၎င်းတို့၏ အခွင့်အရေးများ -

  • “နိုင်ငံသားများ” အနေဖြင့် ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နှင့် ဆောက်တည်ပိုင်ခွင့်၊ အခြားသူများ၏ အခွင့်အရေးများကို မချိုးဖောက်သရွေ့ မိမိတို့၏ ဘာသာရေးကို အားပေးမြှင့်တင်ပိုင်ခွင့်။
  • အစိုးရထံမှ ဘာသာရေးကို အထောက်အပံ့ပေးခြင်းနှင့် အကာအကွယ်ပေးခြင်းတို့ ရယူပိုင်ခွင့်။
  • နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားပြုခြင်းမှ ကင်းစင်စေခြင်း။
  • ပြည်သူ့စီမံခန့်ခွဲရေးကဏ္ဍများတွင် တာဝန်ပေးအပ်ခြင်းခံရလျှင်သော်လည်းကောင်း၊ တာဝန်ချထားခြင်း ခံရလျှင်သော်လည်းကောင်း ခွဲခြားဆက်ဆံခံရခြင်းမှ ကင်းလွတ်ခွင့်။
  • ထူးချွန်သော ကျောင်းသားများအား တိုင်းရင်းသားလူမျိုးဖြစ်မှုကို အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မပြုရ။ ထို့အပြင် ၎င်းတို့သည် အစိုးရထံမှ အသိအမှတ်ပြုခြင်းနှင့် ထောက်ပံ့ခြင်းကို ရပိုင်ခွင့်ရှိသည်။

ဘာသာရေးလူနည်းစုဝင်များ၏ အခွင့်အရေးများကို ကန့်သတ်ချက်များနှင့် ချိုးဖောက်မှုများ -

  • ပုဒ်မ ၃၆၁ တွင် ဗုဒ္ဓဘာသာကို “ဂုဏ်ထူးဝိသေသ” သတ်မှတ်ပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ယင်းဘာသာသည် လူများစုကိုးကွယ်သည့် ဘာသာဖြစ်သောကြောင့်ဖြစ်သည်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကိုသာ အမည်နာမအားဖြင့် အသိအမှတ်ပြုပြီး မြန်မာနိုင်ငံရှိ  အခြားဘာသာများနှင့် ဘာသာမဲ့ဝါဒများကို ချန်လှပ်ထားသည်။
  • ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်၊ ကျင့်သုံးပိုင်ခွင့်တို့နှင့် စပ်လျဉ်းသော ကန့်သတ်ချက်များသည် ကျယ်ပြန့်ပြီး ရှုပ်ထွေးဝေဝါးနေသည်။ ထို့ကြောင့် ကြုံကြိုက်သလို အနက်ဖွင့်ခြင်းများ ဖြစ်စေနိုင်သည်။
  • ကိုးကွယ်သည့်ဘာသာကို အခြေပြု၍ မဲပေးရန် အခြားသူများကို လှုံ့ဆော်သောသူများသည် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာခွင့်မရှိပေ။
  • သာသနာ့ဝန်ထမ်းများသည် နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခွင့် မရှိပေ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ပြည်သူများ” နှင့် “နိုင်ငံသားများ” ကို ရည်ညွှန်းဖော်ပြထားသော်လည်း “နိုင်ငံမဲ့များ” ကို ရည်ညွှန်းဖော်ပြထားခြင်း၊ ၎င်းတို့ ရပိုင်ခွင့်ရှိသည့် မည်သည့် အခွင့်အရေးကိုမျှ ရည်ညွှန်းဖော်ပြထားခြင်းတို့ မရှိပါ။ “ပြည်သူများ” ဆိုသည်မှာ “တိုင်းရင်းသားလူမျိုးများ” ခေါ် “တိုင်းရင်းသားပြည်သူများ” ဟု ယူဆသည့် အုပ်စုများ၊ သို့တည်းမဟုတ် မြန်မာနိုင်ငံအတွင်းရှိ လူတိုင်းကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။ “နိုင်ငံသားများ” ဆိုသည့် အသုံးအနှုန်းကို ပုဒ်မ ၃၄၅ တွင် တိုင်းရင်းသားမိဘနှစ်ပါးလုံးမှ မွေးဖွားလာသူများ သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများဟု ဖော်ပြထားသည်။ သို့သော် ပုဒ်မ ၃၄၆ အရ နိုင်ငံသားဖြစ်မှုကို “ဥပဒေဖြင့် ပြဌာန်းသည့်အတိုင်း” ပိုမိုကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်နိုင်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသုံးပြုထားသော “နိုင်ငံသားများ” ဆိုသည့် စကားလုံးသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် ပါဝင်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအတွက် သုံးသည့်စကားလုံးနှင့် အတူတူပင်ဖြစ်သည်။ လုံးကောက် အဓိပ္ပာယ်ဖွင့်ဆိုရပါက နိုင်ငံသားဆိုသည်မှာ နိုင်ငံသားဖြစ်ပြီးသူများကို ညွှန်းဆိုထားပြီး ၎င်းတို့မှာ အခွင့်ထူးခံများဖြစ်ကြကာ၊ ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများမှာမူ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပေးအပ်ထားသော အခွင့်အရေးအချို့မှ ချန်လှပ်ခံထားရသည့် သဘောမျိုးဖြစ်နေသည်။

နိုင်ငံမဲ့သူများ၏ အခွင့်အရေးများကို ကန့်သတ်ချက်များနှင့် ချိုးဖောက်မှုများ -

  • “နိုင်ငံသားများ” ဆိုသည့် စကားလုံးကို အသုံးပြုခြင်းသည် မြန်မာနိုင်ငံတွင် နေထိုင်သော နိုင်ငံမဲ့များအနေဖြင့် ရရှိသင့်သည့် အချို့အခွင့်အရေးများကို ရယူပိုင်ခွင့်အား ဖယ်ထုတ်ထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မသန်စွမ်းသူများကို ထည့်သွင်းဖော်ပြထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ မသန်စွမ်းသူများအတွက် အခွင့်အရေးတစ်ခုမှာ -

  • မသန်စွမ်းသူများအနေဖြင့် အစိုးရထံမှ ကြည့်ရှုစောင့်ရှောက်မှုကို ရယူပိုင်ခွင့်။

မသန်စွမ်းသူများအပေါ် ကန့်သတ်ချက်များနှင့် ချိုးဖောက်မှုများ - 

  • “သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်” နှင့် အသက်မွေးပညာကို (အခမဲ့) သင်ယူနိုင်စေရန်ဟူသော အခွင့်အရေးများကို မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ဖူးသော မသန်စွမ်းသူများအတွက် အခွင့်အရေးအဖြစ် သီးသန့်သတ်မှတ်ထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် SOGIE လူနည်းစုများကိုသော်လည်းကောင်း၊ ၎င်းတို့အတွက် သီးသန့်အခွင့်အရေးများကိုလည်းကောင်း ထည့်သွင်းဖော်ပြထားခြင်း မရှိပါ။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

သင့်အနေဖြင့် SOGIE လူနည်းစုများနှင့် ၎င်းတို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်အခွင့်အရေးများကို ထည့်သွင်းပေးလိုသနည်း။



သင်တန်းဆရာမှတ်စုများ

သင်တန်းသားများအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ၎င်းတို့ ထပ်ပေါင်းထည့်လိုသည့် SOGIE လူနည်းစုအုပ်စုများ၊ ယင်းအုပ်စုဝင်များနှင့် သက်ဆိုင်သော အခွင့်အရေးများကို ဖော်ထုတ်ရာတွင် အခက်အခဲရှိနေပါက သင်သည် သင်၏ သင်တန်းသားများကို သင်တန်းသားလက်စွဲ စာအုပ်အတွင်းရှိ အခန်း (၃) ၏ အပိုင်းငယ် ၃.၃.၇။ “လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသလက္ခဏာဖော်ပြမှု (SOGIE) လူနည်းစုများအတွက် လူ့အခွင့်အရေးဥပဒေများ” ကို ဖတ်ရှုရန် ညွှန်းဆိုနိုင်ပါသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ