၃.၃.၆

မသန်စွမ်းပုဂ္ဂိုလ်များအတွက် လူ့အခွင့်အရေး ဥပဒေများ

အကြိုလေ့လာချက်

မသန်စွမ်းသူများသည် မည်ကဲ့သို့သော အထူးအခွင့်အရေးများ လိုအပ်မည်နည်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် သက်ဆိုင်သည့် သဘောတူစာချုပ်တစ်ခု ရှိပါသည်။ အဆိုပါ သဘောတူစာချုပ်နှင့် စာချုပ်ပါ အရေးကြီးအပိုဒ်အချို့ကို အောက်တွင်ဖော်ပြထားပါသည်။

မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (CRPD, 2006 )

UNGA သည် CRPD ကို ၂၀၀၆ ခုနှစ်တွင် အတည်ပြုလက်ခံကျင့်သုံးခဲ့ပြီး ယင်းသည် ၂၀၀၈ ခုနှစ်တွင် အသက်ဝင်လာခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၁ တွင် CRPD ကို လက်ခံသဘောတူခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း၌ ဤစာချုပ်သည် ဥပဒေအရ တရားဝင်တာဝန်ခံရမည့် စာချုပ်ဖြစ်ပါသည်။ ဤသဘောတူစာချုပ်တွင် ပါဝင်သော မသန်စွမ်းပုဂ္ဂိုလ်များနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးအချို့မှာ -

  • အပိုဒ် ၉ - သတင်းအချက်အလက်၊ ဆက်သွယ်ပြောဆိုရေးနှင့် အများပြည်သူသုံးနေရာများကို အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ရေး။
  • အပိုဒ် ၁၁ - လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားချိန်၊ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးများနှင့် သဘာ၀ဘေးအန္တရာယ်ဖြစ်ချိန်တွင် မသန်စွမ်းပုဂ္ဂိုလ်များအား အကာအကွယ်နှင့် လုံခြုံရေးပေးရန်။
  • အပိုဒ် ၁၂ - တရားဥပဒေရှေ့မှောက်တွင် တန်းတူညီမျှအသိအမှတ်ပြုခံရပိုင်ခွင့်၊ မြေရာပိုင်ဆိုင်ခြင်းနှင့် ငွေကြေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများတွင်လည်း တန်းတူညီမျှ အသိအမှတ်ပြုခံရပိုင်ခွင့်။
  • အပိုဒ် ၁၃ - တရားမျှတမှု ရရှိပိုင်ခွင့်။
  • အပိုဒ် ၁၅ နှင့် ၁၆ - ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ခြင်း၊ လူမဆန်ခြင်း သို့မဟုတ် လူ့သိက္ခာညှိုးနွမ်းအောင် ပြုမူခြင်း သို့မဟုတ် အပြစ်ပေးခြင်းတို့မှ ကင်းလွတ်ခွင့်နှင့် ခေါင်းပုံဖြတ်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် နှိပ်စက်ခြင်းတို့မှ ကင်းလွတ်ခွင့်။
  • အပိုဒ် ၁၇ - လူပုဂ္ဂိုလ်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာကို အကာအကွယ်ပေးခံရပိုင်ခွင့်။
  • အပိုဒ် ၁၈ - အခြေချနေထိုင်ပိုင်ခွင့်၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ခွင့်၊ နိုင်ငံသားခံယူနိုင်ခွင့်နှင့် ကလေးများအတွက် မွေးစာရင်းလက်မှတ်ရပိုင်ခွင့်။
  • အပိုဒ် ၁၉ - မိမိကြိုက်နှစ်သက်ရာနေရာတွင် ရှင်သန်ရပ်တည်ပိုင်ခွင့်။
  • အပိုဒ် ၂၀ - တစ်ကိုယ်ရေ လှုပ်ရှားသွားလာပိုင်ခွင့်။
  • အပိုဒ် ၂၁ - မျက်မမြင်လက်စမ်းစာနှင့် လက်သင်္ကေတပြဘာသာစကားများ အပါအဝင် သတင်းအချက်အလက်များကို အလွယ်တကူ ရယူပိုင်ခွင့်။
  • အပိုဒ် ၂၂ - ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်။
  • အပိုဒ် ၂၃ - လွတ်လပ်စွာ လက်ထပ်ထိမ်းမြားသားဖွားပိုင်ခွင့်။
  • အပိုဒ် ၂၄ - အားလုံးပါဝင်သင်ကြားနိုင်သည့် ပညာရေးကိုရပိုင်ခွင့်။
  • အပိုဒ် ၂၅ နှင့် ၂၆ - သင့်တင့်မျှတသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ထူထောင်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို ရရှိပိုင်ခွင့်။
  • အပိုဒ် ၂၇ - အလုပ်အကိုင်နှင့် အများနည်းတူ သင့်တင့်မျှတသော လုပ်ခလစာ ရပိုင်ခွင့်။

ပြန်လည်သုံးသပ်ချက်/ ဆွေးနွေးချက်

သင်သည် မြန်မာနိုင်ငံ၏ CRPD ပါ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးရမည့် အစိုးရအရာရှိ ဆိုပါက အဆိုပါ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဖြည့်ဆည်းပေးရန် မည်သည့် လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်မည်နည်း။

 

မြန်မာ့ရေးရာ -

မသန်စွမ်းခြင်းသည် မစွမ်းဆောင်နိုင်ခြင်းမဟုတ်


၂၀၁၈ ခုနှစ်တွင် ရန်ကုန်အခြေစိုက် Myanmar Centre for Responsible Business (MCRB) နှင့် Association for Aid and Relief Japan (AARJ) တို့ ပူးပေါင်းပြီး မသန်စွမ်းသူများအား အလုပ်ခန့်ခြင်း - မြန်မာနိုင်ငံအလုပ်ရှင်များအတွက် လက်စွဲလမ်းညွှန် (Employing Persons with Disabilities - A Handbook for Employers in Myanmar) ဆိုသည့် ရင်းမြစ်တစ်ခုကို ထုတ်ဝေခဲ့သည်။ ဤရင်းမြစ်သည် နိုင်ငံတွင်းရှိ အလုပ်ရှင်များအား လွယ်ကူစွာ လျှောက်ထားနိုင်သော အလုပ်အကိုင် အခွင့်အလမ်းများကို မည်သို့ ဖန်တီးနိုင်ကြောင်းနှင့် မသန်စွမ်းသူများကို လုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် စုဆောင်းခေါ်ယူမှုများနှင့် ဆက်လက်ခန့်ထားခြင်းတို့အား မြှင့်တင်ရန် လက်တွေ့ကျသည့် အကြံပြုချက်များပါဝင်ပါသည်။

''ကုမ္ပဏီများနဲ့ အခြားအဖွဲ့အစည်းတွေက အားလုံးပါဝင်နိုင်တဲ့ ယဉ်ကျေးမှုတစ်ခုကို ဖန်တီးပြီး တန်းတူညီမျှရပိုင်ခွင့်ကို ရပ်တည်ကာကွယ်ပေးရင် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အလုပ်ရှင်အားလုံးကို ကွဲပြားစုံလင်ပြီး မတူညီတဲ့ ပင်ကိုယ်ပါရမီအမျိုးမျိုးရှိကြတဲ့ လူစုတွေကို လက်ခံယုံကြည်ဖို့ အားပေးတိုက်တွန်းချင်ပါတယ်'' ဟု AARJ ၏ ရန်ကုန်ကိုယ်စားလှယ်ဖြစ်သည့် ရိုရှီရို နာကာဂါဝါ (Yoshio Nakagawa) က ပြောကြားခဲ့ပါသည်။

အဆိုပါ ရင်းမြစ်တွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအကြောင်း စစ်တမ်းအချက်အလက်များ၊ လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံမှု ဥပမာများ၊ မသန်စွမ်းသူများအား အကာအကွယ်ပေးခြင်းနှင့် လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ ပါဝင်လှုပ်ရှားမှုအား အားပေးမြှင့်တင်ခြင်းဆိုင်ရာ မြန်မာ့တရားဥပဒေမူဘောင်နှင့် အလုပ်ရှင်များအား အကြုံပြချက်တို့ ပါဝင်ပါသည်။ အဆိုပါ လမ်းညွှန်စာအုပ်တွင် မသန်စွမ်းသူများအား အောင်မြင်စွာအလုပ်အကိုင် ခန့်အပ်နိုင်ရေးအတွက် အဆင့်လေးဆင့် - အစီအစဉ်ချခြင်း၊ ပြင်ဆင်ခြင်း၊ အလုပ်ခန့်ခြင်းနှင့် ကြာရှည်ဆက်လက် ခန့်ထားခြင်းတို့ကို ဖော်ထုတ်ထားပါသည်။ (MRCB & AARJ 2018: 35-37)

ရန်ကုန်တွင် မသန်စွမ်းသူများကို မိမိတို့ဝန်ထမ်းအဖြစ် ခန့်အပ်ရန် အထူးသီးသန့် ပစ်မှတ်ထားသည့် အလုပ်ရှင်အချို့ပင် ရှိပါသည်။ The New Style ဆံသဆိုင်သည် 

''မသန်စွမ်းခြင်းသည် မစွမ်းဆောင်နိုင်ခြင်းမဟုတ်'' ဆိုသည့် ၎င်းတို့ဆိုင်၏ ဆောင်ပုဒ်အောက်တွင် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုလုံး မသန်စွမ်းသူများအား ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့ပါသည်။ The Able ဆိုသည်မှာလည်း မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သော လက်သင်္ကေတပြ ဘာသာစကားအသုံးပြု ကော်ဖီဆိုင်လေးဖြစ်ပြီး အာရုံခံမသန်စွမ်းသူများမှ ဦးစီးဆောင်ရွက်နေသော ဆိုင်လေးဖြစ်ပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ''မတူညီမှုများကို လက်ခံပြီး အားလုံးပါဝင်နိုင်မှုကို အားပေးရန်'' ဖြစ်ပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

အကယ်၍ မသန်စွမ်းသူများ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားမှုများ မြင့်တက်လာပါက လူ့အဖွဲ့အစည်းအတွက် အကျိုးအမြတ်အချို့မှာ မည်သည်တို့ ဖြစ်မည်နည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ