အကြိုလေ့လာချက်
လူများစုနှင့် လူနည်းစုအကြား ကွာခြားမှုအချို့မှာ မည်သည့်အရာများ ဖြစ်နိုင်သနည်း။
လူသားတစ်ဦး၏ ပင်ကိုယ်စရိုက်လက္ခဏာများကို တိုင်းရင်းသားဖြစ်ခြင်းနှင့် ဌာနေတိုင်းရင်းသားဖြစ်ခြင်း၊ ကိုးကွယ်ယုံကြည်မှု၊ တရားဝင်နိုင်ငံသားဖြစ်မှု၊ စွမ်းရည်၊ လိင်စိတ်တိမ်းညွတ်မှု၊ ကိုယ်ပိုင်လိင်ဝိသေသခံယူချက်နှင့် ကိုယ်ပိုင်လိင်ဝိသေသလက္ခဏာ ဖော်ပြချက်စသည့် အမျိုးအစားအရ ခွဲခြားသတ်မှတ်နိုင်ပါသည်။ ထိုကဲ့သို့ ခွဲခြားသတ်မှတ်လိုက်သည့်အခါ အမျိုးအစားတစ်ခုချင်းစီအတွက် ပင်ကိုယ်စရိုက်လက္ခဏာ တူညီသူများကို ပေါင်းစည်းထားသည့် လူမျိုးစုများ ဖြစ်ပေါ်လာကြပါသည်။ ဥပမာဆိုရသော် တိုင်းရင်းသားဖြစ်တည်မှု ခံယူချက်ပေါ် အခြေခံ၍ လူမျိုးစုအမျိုးမျိုး ထွက်ပေါ်လာနိုင်ပါသည်။
လူများစုနှင့် လူနည်းစုဟူသည် သမိုင်းတစ်လျှောက်တစ်ခုသော ခေတ်ကာလ၊ တစ်ခုသော နေရာဒေသမှ ပင်ကိုယ်စရိုက်လက္ခဏာအခြေပြု လူမျိုးစုတို့၏ မတူညီသော လူဦးရေပမာဏကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ လူများစုဆိုသည်မှာ ပင်ကိုယ်စရိုက်လက္ခဏာ အမျိုးအစားတစ်ခုအရ လူထုတစ်ရပ်လုံးတွင် အခြားသော ပင်ကိုယ်စရိုက်လက္ခဏာအခြေပြု လူမျိုးစုများထက် ပါဝင်သူဦးရေ ပို၍များပြားသော ပင်ကိုယ်စရိုက်လက္ခဏာအခြေပြု လူမျိုးစုကို ဆိုလိုပါသည်။ လူနည်းစုသည် လူများစုထက် ပါဝင်သူဦးရေနည်းသော ပင်ကိုယ်စရိုက်လက္ခဏာအခြေပြု လူမျိုးစုကို ဆိုလိုပါသည်။ အဆိုပါ ပင်ကိုယ်စရိုက်လက္ခဏာအမျိုးအစား အောက်၌ပင် လူများစုနှင့် လူဦးရေအရ နှိုင်းစာကြည့်ပါက လူနည်းစုဖြစ်နေသော လူမျိုးစုအမျိုးမျိုး ရှိနေနိုင်ပါသေးသည်။ ဥပမာဆိုရသော် တိုင်းရင်းသား လူများစုတစ်စုနှင့် မြောက်မြားလှစွာသော တိုင်းရင်းသား လူနည်းစုများ ရှိနေနိုင်ပါသည်။
လူနည်းစုအဖြစ် မည်သူတို့ကို သတ်မှတ်၍ရနိုင်သည်ဟူသော အကြွင်းမဲ့မှန်ကန်သည့် အဓိပ္ပာယ်သတ်မှတ်ချက်မျိုး မရှိသေးသော်လည်း ကုလသမဂ္ဂအဆိုအရမူ ဘုံတူညီသည့် လက္ခဏာရပ်များဖြင့် သတ်မှတ်လေ့ရှိပါသည်။ ယေဘုယျအားဖြင့် လူနည်းစုတစ်စုသည် -
(က) လူမှုအသိုက်အဝန်းတစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံရှိ လူများစုထက် ပါဝင်သူဦးရေ နည်းနေခြင်း။
(ခ) လူမှုအသိုက်အဝန်းတစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံတွင် လွှမ်းမိုးကြီးစိုးနိုင်ခြင်းမရှိသည့်အလျောက် ထိခိုက်လွယ်ခြင်း သို့မဟုတ် ဖယ်ကြဉ်ချန်လှပ်ခံရနိုင်ခြေရှိနေခြင်း။
(ဂ) လူဦးရေအတွင်းရှိ အခြားသူများနှင့် ကွဲပြားခြားနားသော ထင်ရှားပြတ်သားသည့် တူညီပင်ကိုယ်စရိုက်လက္ခဏာများ ပိုင်ဆိုင်ထားခြင်းနှင့်
(ဃ) လူနည်းစုအတွင်း သူတို့၏ ဘုံလူနေမှုဘ၀ပုံစံကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရန်နှင့် မြှင့်တင်ပေးရန် အလို့ငှာ သွေးစည်းညီညွတ်မှု ရှိကြခြင်းတို့ ဖြစ်ပါသည်။
လူမျိုးစုတစ်စုအနေဖြင့် လူမှုအသိုက်အဝန်းအဆင့်တွင် လူများစုဖြစ်နိုင်ပြီး နိုင်ငံအဆင့်တွင် လူနည်းစု ဖြစ်သွားနိုင်ပါသည်။ ထိုနည်းတူစွာ ဆန့်ကျင်ဘက်အနေဖြင့် လူမှုအသိုက်အဝန်းအဆင့်တွင် လူနည်းစုဖြစ်နေသော်လည်း နိုင်ငံအဆင့်တွင် လူများစုဖြစ်နေသော လူမျိုးစုများလည်း ရှိနိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေတွင်ကား လူမှုအသိုက်အဝန်းအဆင့်ထက် နိုင်ငံအဆင့်ကို ပို၍ ဦးစားပေးတတ်ကြပါသည်။
အချိန်ကြာလာသည်နှင့်အမျှ လူများစုသည် လူနည်းစုဖြစ်သွားနိုင်သလို လူနည်းစုသည်လည်း လူများစု ဖြစ်သွားနိုင်ပါသည်။ လူတစ်ဦးတစ်ယောက်အနေဖြင့် တစ်ခုသောဒေသ၌ နေထိုင်စဉ် လူများစုတွင် ပါဝင်နေနိုင်ပြီး အခြားနေရာဒေသသို့ ပြောင်းရွှေ့သွားသောအခါ လူနည်းစုအဆင့်သို့ ရွှေ့လျောသွားနိုင်ပါသည်။ သို့ဖြစ်၍ လူများစုနှင့် လူနည်းစု အဆင့်အတန်းကို စိစစ်သုံးသပ်ရာတွင် နေရာဒေသနှင့် အချိန်ကာလကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။
အမျိုးသားရေးဝါဒီ
လှုပ်ရှားသွားလာနိုင်မှု
အမွေအနှစ်
ကိုလိုနီဝါဒ
ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်
၁။ လူမှုအသိုက်အဝန်းအဆင့်တွင် လူများစုဖြစ်ပြီး နိုင်ငံအဆင့်တွင် လူနည်းစုဖြစ်နေသည့် လူမျိုးစုတစ်ခုခုကို သင်သိပါသလား။
၂။ လူမှုအသိုက်အဝန်းအဆင့်တွင် လူနည်းစုဖြစ်ပြီး နိုင်ငံအဆင့်တွင် လူများစုဖြစ်နေသည့် လူမျိုးစုတစ်ခုခုကို သင်သိပါသလား။
အမျိုးသားရေးဝါဒီ
လှုပ်ရှားသွားလာနိုင်မှု
အမွေအနှစ်
ကိုလိုနီဝါဒ