၁.၁.၃

ကိုယ်ပိုင်ပြဌာန်းချက်

အကြိုလေ့လာချက်
လူတစ်ဦးတစ်ယောက်က သင့်တွင်မရှိသော ပင်ကိုယ်စရိုက်​လက္ခဏာတစ်ခုအား ရှိသည်ဟု ယူဆခဲ့ပါက သို့မဟုတ် သတ်မှတ်ပေးအပ်ခဲ့ပါက သင်မည်သို့ ခံစားရမည်နည်း။

မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူချက်ဆိုသည်မှာ လူတစ်ဦးချင်းနှင့် လူမျိုးစုများက မိမိကိုယ်ကို ဖော်ညွှန်းရန်​အတွက် မည်သည့် အမှတ်အသား၊ အမည်နာမ သို့မဟုတ် နာမ်စားကိုမဆို အသုံးပြုနိုင်သည့် အခွင့်အရေးကို ဆိုလို​ပါသည်။ အခြားသူများအနေဖြင့်လည်း ထိုလူတစ်ဦးချင်းနှင့် လူမျိုးစုများ ရွေးချယ်ထားသော အမှတ်အသား၊ အမည်နာမ သို့မဟုတ် နာမ်စားကို အသုံးပြုပေးခြင်းဖြင့် လေးစားမှုကို ပြသသင့်ပါသည်။ လူသားတို့တွင် ပင်ကိုယ်စရိုက်လက္ခဏာ​တစ်ခုထက် ပို၍ရှိကြရာ အချို့မှာ လူနည်းစုဆိုင်ရာ ပင်ကိုယ်စရိုက်လက္ခဏာများ ဖြစ်နေနိုင်သကဲ့သို့ လူများစု​ဆိုင်ရာ ပင်ကိုယ်စရိုက်လက္ခဏာအချို့လည်း ရှိနေနိုင်ပါသည်။ လူသားတိုင်းတွင် မိမိကိုယ်ကို သတ်မှတ်ဖော်ပြနိုင်ခွင့်ရှိသကဲ့သို့ မိမိကိုယ်ကို လူနည်းစုဝင်ဖြစ်ကြောင်း ပွင့်လင်းစွာ ဖော်ပြနိုင်ခွင့် ရှိပါသည်။

သို့ရာတွင် တစ်ခါတစ်ရံ၌ နေရာဒေသတိုင်း၊ အချိန်ကာလ​တိုင်းတွင် မိမိကိုယ်ကို လူနည်းစုဝင်ဖြစ်ကြောင်း ဆန္ဒအလျောက် သတ်မှတ်ဖော်ပြနိုင်မှုကို တားမြစ်​ပိတ်ပင်ခံရခြင်းသော်လည်းကောင်း၊ အန္တရာယ်ရှိသော သို့မဟုတ် မဖြစ်နိုင်သော အခြေအနေများ ကြုံတွေ့ရခြင်းသော်​လည်းကောင်း ဖြစ်နိုင်ပါသည်။ ဥပမာဆိုရသော် ဥပဒေအရ လူနည်းစုဆိုင်ရာ ပင်ကိုယ်စရိုက်လက္ခဏာတစ်ခုကို ပြစ်မှုမြောက်သည်ဆိုပါက ထိုလူမျိုးစုဝင်များအနေဖြင့် အများပြည်သူရှေ့တွင် သူတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများကို ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုရန် မဖြစ်နိုင်ပါ။ အခြားသော အကြောင်းပြချက်တစ်ခုကား လူများစုဝင်များက လူနည်းစု ပင်ကိုယ်စရိုက်လက္ခဏာတစ်ခု ရှိသူများအား ခြိမ်းခြောက်ခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။

လူမျိုးစုတစ်စုအနေဖြင့် လူနည်းစုဖြစ်တည်မှုအပြင် လူနည်းစု​အခွင့်အရေးများကို တောင်းဆိုနိုင်ပါသည်။ သို့ရာတွင် ထိုလူမျိုးစုနေထိုင်ရာဒေသရှိ နိုင်ငံရေးအခြေအနေသည် ထိုသူတို့​အနေနှင့် မိမိကိုယ်ကို လူနည်းစုအဖြစ် သတ်မှတ်ဖော်ပြခြင်း၊ လူနည်းစုအခွင့်အရေးများ တောင်းဆိုခြင်းနှင့် ရယူကျင့်သုံးခြင်း​တို့တွင် လွတ်လပ်မှု မည်မျှ ရှိနိုင်မည်ကို ကန့်သတ်ထားနိုင်​ပါသည်။

တစ်ခါတစ်ရံ၌ အာဏာပိုင်များ၊ အရေးဆိုပေးသည့် အဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများ စသည်တို့က လူမျိုးစုတစ်စုကို လူနည်းစုအဖြစ် သတ်မှတ်​ပေးနိုင်ပါသည်။ ၎င်းအခြေအနေတွင် ထိုလူမျိုးစုဝင်များက တစ်ဦးတစ်ယောက်ချင်းအနေဖြင့် မိမိကိုယ်ကို မည်သို့ သတ်မှတ်ခံယူထားကြောင်း ရှာဖွေလေ့လာရန် အရေးကြီး​ပါသည်။ လူမျိုးစုဝင်များအနေဖြင့် မိမိလူမျိုးစုအတွက် သတ်မှတ်ထားသော အမည်နာမ၊ အမှတ်အသား သို့မဟုတ် လူမျိုးစုဝင်များ၏ တူညီသော ပင်ကိုယ်စရိုက်လက္ခဏာများ​အပေါ် ဘုံသဘောတူညီချက် မရခြင်းမျိုးလည်း ရှိနေတတ်​ပါသည်။ ထိုသို့သော လူမျိုးစုဝင် တစ်ဦးချင်းစီသည် မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူရာတွင် အခြားသူများနှင့် ခြားနားနေနိုင်ပါသည်။ လူနည်းစုအခြေအနေအဖြစ် အခြားသူများ၏ သတ်မှတ်ခြင်းကို ခံထားရသူအချို့သည် ထိုလူနည်းစုဝင်အဖြစ် မိမိကိုယ်ကို သတ်မှတ်ခံယူမထားခြင်း​မျိုးလည်း ဖြစ်တတ်ပါသည်။

လူမျိုးစုဝင်များသည် လူနည်းစုအဖြစ် သတ်မှတ်မခံလိုသည့် အကြောင်းအရင်းများလည်း ရှိနေနိုင်ပါသည်။ ထိုသူများအတွက် ‘လူနည်းစု’ ဟူသော စကားလုံးမှာ အပျက်သဘောကို​ဆောင်နေသည် သို့မဟုတ် လူမှုရေးအမည်းစက် ဖြစ်စေသည်ဟု ခံယူထားတတ်ပါသည်။ မိမိကိုယ်ကို လူနည်းစုအဖြစ် သို့မဟုတ် လူနည်းစုတစ်စုတွင် ပါဝင်သူအဖြစ် သတ်မှတ်ဖော်ပြ​ခံယူခြင်းကြောင့် ခွဲခြားဆက်ဆံခံရနိုင်ခြေ သို့မဟုတ် ဖယ်ကြဉ်​ချန်လှပ်ခံရနိုင်ခြေ ပိုများလာမည်ဟု ယူဆထားတတ်ပါသည်။ ထိုသူများသည် မိမိတို့ လူများစုဝင်ဖြစ်သည့် နေရာဒေသကို အစွဲပြု၍ မိမိကိုယ်ကို သတ်မှတ်ခံယူသည့် နည်းလမ်းကိုလည်း ရွေးချယ်ကောင်း ရွေးချယ်လာနိုင်ပါသည်။

လူတစ်ဦးတစ်ယောက်တွင် ရှိနေနိုင်သည့် လူနည်းစုပင်ကိုယ်​စရိုက်လက္ခဏာများ အပါအဝင် အခြားသော ပင်ကိုယ်စရိုက်​လက္ခဏာအမျိုးမျိုးကို ကြိုးစား၍ အသိအမှတ်ပြုနိုင်ရန်၊ လေးစားသမှုပြုနိုင်ရန် အရေးကြီးပါသည်။ ထိုသူများအတွက် အမှတ်အသား၊ အမည်နာမ၊ နာမ်စားများကို မှန်မှန်ကန်ကန် အသုံးပြုရန်နှင့် ထိုသူတို့အား ထိခိုက်နာကျင်စေမည့်၊ မလေးစားသည့်သဘောကို သက်ရောက်စေသော အမှတ်အသား၊ အမည်နာမ၊ နာမ်စားများကို အသုံးမပြုကြရန် အရေးကြီး​ပါသည်။ လူတစ်ဦးချင်းနှင့် လူမျိုးစုဝင်များအကြောင်းကို မိမိသဘောအတိုင်း ယူဆသည်ထက် ထိုသူတို့အကြောင်း လေ့လာသင်ယူရန်မှာလည်း အရေးကြီးလှပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

၁။ လူနည်းစုပင်ကိုယ်စရိုက်လက္ခဏာဟု သင်ယူဆထားသည့် သင့်တွင်ရှိသော ပင်ကိုယ်စရိုက်လက္ခဏာများကို ဖော်ပြပါ။

၂။ ထိုပင်ကိုယ်စရိုက်လက္ခဏာများအပေါ် သင်မည်သို့ ခံစားရသနည်း။

၃။ အစိုးရက လူနည်းစုပင်ကိုယ်စရိုက်လက္ခဏာဟု ယူဆထားသည့် ပင်ကိုယ်စရိုက်လက္ခဏာများ သင့်တွင် ရှိပါသလား။

၄။ ရှိပါက ထိုသွင်ပြင်လက္ခဏာများအပေါ် သင်မည်သို့ ခံစားရသနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ