၃.၃.၃

တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများ​အတွက် လူ့အခွင့်အရေးဥပဒေများ

အကြိုလေ့လာချက်

တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသားများသည် မည်သည့် အထူးအခွင့်အရေးများကို လိုအပ်မည်နည်း။

ပိုမိုယေဘုယျဆန်သော သဘောတူစာချုပ်များနှင့် အလွန်ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို တားမြစ်သော သဘောတူစာချုပ်များအပြင် တိုင်းရင်းသားများ၊ ဌာနေတိုင်းရင်းသား လူနည်းစုများနှင့် ဆက်နွယ်သည့် သဘောတူစာချုပ်များလည်း ရှိပါသည်။ အဆိုပါ သဘောတူစာချုပ်များကိုလည်းကောင်း၊ အရေးပါသည့် အပိုဒ်အချို့ကိုလည်းကောင်း အောက်တွင်ဖော်ပြထားပါသည်။

လူမျိုးအပေါ်အခြေခံ၍ ခွဲခြားဆက်ဆံမှုအမျိုးမျိုးကို တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် (ICERD-1965)

UNGA သည် ICERD ကို ၁၉၆၅ ခုနှစ်တွင် အတည်ပြုလက်ခံကျင့်သုံးခဲ့ပြီး ယင်းသည် ၁၉၆၉ ခုနှစ်တွင် အသက်ဝင်လာခဲ့ပါသည်။ မြန်မာနိုင်ငံသည် ICERD တွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုလက်မှတ်ရေးထိုးခြင်း သို့မဟုတ် သဘောတူလက်ခံခြင်း မရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း၌ ဤစာချုပ်အား ဥပဒေအရ စည်းနှောင်မှုရှိရန် မလိုပေ။ ဤစာချုပ်တွင်ပါဝင်သော တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးအချို့မှာ -

  • အပိုဒ် ၃ - သီးသန့်ခွဲခြားမှုနှင့် လူမျိုးရေးခွဲခြားမှုတို့မှ အကာအကွယ်ပေးရန်။
  • အပိုဒ် ၄ - ဝါဒဖြန့်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်းနှင့် အခြားဆက်စပ်နေသော အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရန်။
  • အပိုဒ် ၅ - အခွင့်အရေး အမျိုးအစားအားလုံးကို တန်းတူခံစားပိုင်ခွင့်။

လွတ်လပ်သော နိုင်ငံများရှိ ဌာနေတိုင်းရင်းသားများနှင့် တောင်တန်းဒေသနေ လူမျိုးများဆိုင်ရာ ILO သဘောတူညီချက်အမှတ် ၁၆၉ (အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သဘောတူညီချက် ၁၆၉ - ၁၉၈၉)

ILO သည် ILO သဘောတူညီချက်အမှတ် ၁၆၉ ကို ၁၉၈၉ ခုနှစ်တွင် အတည်ပြုလက်ခံကျင့်သုံးခဲ့သည်။ ယင်းကို ILO ၏ ၁၉၅၇ ခုနှစ်တွင် ပြဌာန်းခဲ့သော ဌာနေတိုင်းရင်းသားများနှင့် တောင်တန်းဒေသနေ လူဦးရေများဆိုင်ရာ သဘောတူညီချက်အား အစားထိုးပြဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံသည် ILO သဘောတူညီချက်အမှတ် ၁၆၉ တွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုလက်မှတ်ရေးထိုးခြင်း သို့မဟုတ် လက်ခံသဘောတူခြင်းမရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း၌ ဤစာချုပ်အား ဥပဒေကြောင်းအရ တရားဝင်တာဝန်ခံရန် မလိုပေ။ ILO သဘောတူညီချက်အမှတ် ၁၆၉ တွင် ပါဝင်သော အခွင့်အရေးအားလုံးသည် ဌာနေအုပ်စုများနှင့် သက်ဆိုင်ပါသည်။ ဤသဘောတူစာချုပ်တွင် ပါဝင်သော လူ့အခွင့်အရေးအချို့မှာ -

  • အပိုဒ် ၇ - ဖွံ့ဖြိုးမှု အစီအစဉ်များအတွက် ကိုယ်ပိုင်ဦးစားပေးချက်များကို ဆုံးဖြတ်ပိုင်ခွင့်နှင့် အကျိုးသက်ရောက်မှု စိစစ်အကဲဖြတ်ခြင်းကို ပြုလုပ်ပြီးမှသာ စတင်နိုင်မည့် အဆိုပါ အစီအစဉ်များ၏ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ပါဝင်လှုပ်ရှားပိုင်ခွင့်။
  • အပိုဒ် ၈ နှင့် ၉ - မိမိကိုယ်ပိုင် ရိုးရာယဉ်ကျေးမှုဥပဒေများနှင့် နိုင်ငံတော်အသိအမှတ်ပြု တရားစီရင်ရေးစနစ်များ ထားရှိပိုင်ခွင့်။
  • အပိုဒ် ၁၃ မှ ၁၉ - မြေယာများနှင့် သဘာ၀အရင်းအမြစ်များအား ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်။
  • အပိုဒ် ၂၀ - လုပ်ငန်းခွင်တွင်း လုံခြုံမှုခံစားခွင့်နှင့် တန်းတူညီမျှစွာ အလုပ်လုပ်ကိုင်ခွင့်။
  • အပိုဒ် ၂၁ နှင့် ၂၂ - အသက်မွေးဝမ်းကျောင်းနှင့် အထူးသင်တန်းပေး အစီအစဉ်များ တက်ရောက်ပိုင်ခွင့်။
  • အပိုဒ် ၂၃ - လက်မှုပညာ၊ အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းများအပါအဝင် ဒေသတွင်းရှိ စက်မှုလုပ်ငန်းများကို အကာအကွယ်ပေးရန်။
  • အပိုဒ် ၂၅ - ကျန်းမာရေးစောင့်ရှောက်မှု ရယူပိုင်ခွင့်။ အထူးသဖြင့် ရပ်ရွာအခြေပြုနှင့် ရိုးရာကျန်းမာရေး စောင့်ရှောက်မှုများအား အားပေးမြှင့်တင်ပြီး ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်ရေးဝန်ထမ်းများ ခန့်ထားရေး။
  • အပိုဒ် ၂၇ - အားလုံးအကျုံးဝင် ပညာရေးနှင့် ကိုယ်ပိုင်ပညာရေးစနစ်များ ရရှိပိုင်ဆိုင်နိုင်ခွင့်။
  • အပိုဒ် ၂၈ - မိမိတို့၏ ဌာနေတိုင်းရင်းသား ဘာသာစကားနှင့် တရားဝင် ရုံးသုံးဘာသာစကားကို လေ့လာသင်ယူပိုင်ခွင့်။
  • အပိုဒ် ၃၁ - ပညာရေးဆိုင်ရာ သင်ထောက်ကူများတွင် မျှတသော၊ တိကျသော၊ ဗဟုသုတပေးသော ဖော်ပြချက်များကို ရပိုင်ခွင့်။
  • အပိုဒ် ၃၂ - အုပ်စုဝင်များအချင်းချင်းသာမက အခြားအုပ်စုဝင်များနှင့်ပါ နိုင်ငံဖြတ်ကျော် အပြန်အလှန် ဆက်ဆံခွင့်။

 

ကုလသမဂ္ဂ၏ နိုင်ငံသား၊ တိုင်းရင်းသား၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာဗေဒဆိုင်ရာ လူနည်းစုများအတွင်းရှိ ပုဂ္ဂိုလ်များ၏ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDM – 1992)

UNDM ကို မဲပေးစနစ်အသုံးမပြုဘဲ ချမှတ်သော ဆုံးဖြတ်ချက်မှတစ်ဆင့် ၁၉၉၂ ခုနှစ်တွင် UNGA က အတည်ပြု လက်ခံကျင့်သုံးခဲ့ပါသည်။ ယင်းမှာ မြန်မာနိုင်ငံအတွင်း၌ ကြေညာစာတမ်းတစ်ခုအဖြစ် ဥပဒေအရ စည်းနှောင်ထားခြင်း မရှိပါ။ ဤကြေညာစာတမ်းတွင် ပါဝင်သော တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများအတွက် လူ့အခွင့်အရေး ဥပဒေများမှာ -

  • အပိုဒ် ၁ - တိုင်းရင်းသား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာဗေဒဆိုင်ရာ ဝိသေသလက္ခဏာများအား အကာအကွယ်ပေးပိုင်ခွင့်။
  • အပိုဒ် ၂ - တိုင်းရင်းသား၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာဗေဒအားဖြင့် ကွဲပြားသော လူနည်းစုအနေဖြင့် နေ့စဉ်လူမှုဘ၀တွင် ပါဝင်လှုပ်ရှားရာ၊ မိမိတို့၏ လူနည်းစုများနှင့် မိမိတို့နေထိုင်သည့် နေရာဒေသများနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချရမည့် ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရာတို့တွင် မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမှု၌ မွေ့လျော်ပိုင်ခွင့်၊ ကိုယ်ပိုင်ကိုးကွယ်ယုံကြည်မှုနှင့်အညီ ကျင့်သုံးပိုင်ခွင့်၊ ကိုယ်ပိုင်ဘာသာစကားဖြင့် အသုံးပြုပိုင်ခွင့်နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်။
  • အပိုဒ် ၄ - ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေးရရှိပိုင်ခွင့်၊ မိခင်ဘာသာစကားကို သင်ယူပိုင်ခွင့်၊ လူနည်းစုများ၏ အတွေ့အကြုံများနှင့် ရှုထောင့်များကို သင်ကြားရန် လုံလောက်သော အခွင့်အလမ်းများ ရပိုင်ခွင့်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ပိုင်ခွင့်။

ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP-2007)

UNGA သည် UNDRIP ကို ၂၀၀၇ ခုနှစ်တွင် အတည်ပြု လက်ခံကျင့်သုံးခဲ့ပါသည်။ မြန်မာနိုင်ငံသည် ဤကြေညာစာတမ်းကို အတည်ပြုလက်ခံကျင့်သုံးရန် မဲပေးခဲ့သော်လည်း ယင်းအား ဥပဒေအရ တရားဝင် တာဝန်ခံရန် မလိုပေ။ UNDRIP တွင် ပါဝင်သော အခွင့်အရေးအားလုံးသည် ဌာနေတိုင်းရင်းသားများနှင့် သက်ဆိုင်ပါသည်။ ဤကြေညာစာတမ်းတွင်ပါဝင်သော လူ့အခွင့်အရေးအချို့မှာ -

  • အပိုဒ် ၁ - ဌာနေတိုင်းရင်းသားများ၏ ခွဲခြားဆက်ဆံခံရခြင်းမှ ကင်းလွတ်ပိုင်ခွင့်။
  • အပိုဒ် ၃ နှင့် ၄ - ဌာနေတိုင်းရင်းသားများအတွင်းနှင့် ဒေသတွင်း အရေးကိစ္စများတွင် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်နှင့် ကိုယ်ပိုင်အစိုးရစနစ်ထူထောင်ပိုင်ခွင့်။
  • အပိုဒ် ၅၊ ၁၈၊ ၂၀၊ ၂၃၊ ၃၂၊ ၃၃ နှင့် ၃၄ - ကိုယ်ပိုင်အဖွဲ့အစည်း တည်ထောင်ပိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ မိမိတို့အုပ်စုနှင့် ဆက်နွယ်သော အခြားကိစ္စရပ်များ အပါအဝင် ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ပိုင်ခွင့်။
  • အပိုဒ် ၇ - ဌာနေတိုင်းရင်းသား အုပ်စုများ၏ အုပ်စုဝင်များသည် ဘ၀အခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုနှင့် လုံခြုံရေးတို့နှင့် ပတ်သက်ပြီး တစ်ဦးချင်းအလိုက် အခွင့်အရေးများ ရရှိပိုင်ခွင့်ရှိသည်။ ထို့အပြင် ၎င်းတို့တွင် လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ၊ လုံခြုံစွာ နေထိုင်နိုင်ရန် အုပ်စုအခွင့်အရေးများရှိသကဲ့သို့ ၎င်းတို့အား လူမျိုးတုံးသတ်ဖြတ်မှုမှလည်း အကာအကွယ်ပေးခံရပိုင်ခွင့်။
  • အပိုဒ် ၈ နှင့် ၁၀ - ယဉ်ကျေးမှုပိုင်းဆိုင်ရာ အတင်းအဓမ္မ သွတ်သွင်းခြင်းနှင့် ဖိအားပေး နေရာပြောင်းရွှေ့ခိုင်းခြင်းမှ လွတ်မြောက်ပိုင်ခွင့်။
  • အပိုဒ် ၁၁၊ ၁၂ နှင့် ၁၃ - ယဉ်ကျေးမှုဆိုင်ရာ ရိုးရာနှင့် ဓလေ့ထုံးတမ်းများအား လွတ်လပ်စွာ ကျင့်သုံး၊ ပျိုးထောင်၊ သွန်သင်၊ လက်ဆင့်ကမ်းပိုင်ခွင့်။
  • အပိုဒ် ၁၆ - ဌာနေတိုင်းရင်းသားများတွင် မိမိတို့ကိုယ်ပိုင် ဘာသာစကားများဖြင့် ဖော်ပြသော မီဒီယာများ ထူထောင်ပိုင်ခွင့်နှင့် နိုင်ငံ့မီဒီယာတွင်လည်း ၎င်းတို့၏ ကိုယ်ပိုင်ဓလေ့များကို တိကျစွာဖော်ပြပိုင်ခွင့်။
  • အပိုဒ် ၂၄ - ရိုးရာဆေးဝါးနှင့် ကျန်းမာရေး အလေ့အထများကို အသုံးပြုပိုင်ခွင့်။
  • အပိုဒ် ၂၅ မှ ၂၉ - မြေယာများနှင့် သဘာ၀အရင်းအမြစ်များအား ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်။
  • အပိုဒ် ၃၀ - ဌာနေတိုင်းရင်းသားများနေထိုင်ရာ နေရာဒေသများတွင် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကို ကန့်သတ်တားမြစ်ခြင်း။
  • အပိုဒ် ၃၁ - မိရိုးဖလာ အသိပညာနှင့်စပ်လျဉ်းသည့် ဉာဏပစ္စည်း မူပိုင်ခွင့်။
  • အပိုဒ် ၃၆ - အုပ်စုဝင်အချင်းချင်းသာမက အခြားအုပ်စုဝင်များနှင့် နယ်စပ်ဖြတ်ကျော် အပြန်အလှန်ဆက်ဆံခွင့်။

ပြန်လည်သုံးသပ်ချက်/ ဆွေးနွေးချက်

ဌာနေတိုင်းရင်းသားများသည် ဌာနေတိုင်းရင်းသားမဟုတ်ဟု ယူဆခံရသော တိုင်းရင်းသား လူနည်းစုများထက် အခွင့်အရေးပိုရနိုင်ပါသည်။ ဤသို့ယူဆခြင်းကြောင့် မည်သို့သော အကျိုးဆက်များ ရှိနိုင်သနည်း။


သင်တန်းဆရာမှတ်စုများ

နယ်မြေတစ်ခုတွင် မည်သည့်အုပ်စုများကို 'ဌာနေတိုင်းရင်းသား' အဖြစ် သတ်မှတ်ပြီး မည်သည့်အုပ်စုကို မသတ်မှတ်ကြောင်း ဖော်ပြရန် ခဲယဉ်းနိုင်ပါသည်။ ဤအခက်အခဲသည် 'ဌာနေတိုင်းရင်းသား' မဟုတ်ဘဲ 'တိုင်းရင်းသား' အဖြစ်သာ သတ်မှတ်ခံရသော အုပ်စုများအတွက် အမှန်တကယ် အကျိုးဆက်များရှိသည့် ထင်တိုင်းကြဲ အမျိုးအစားသတ်မှတ်ခြင်းများ ဖြစ်စေသည်။ ဥပမာအားဖြင့် သူတို့သည် 'ဌာနေတိုင်းရင်းသား' အဖြစ် သတ်မှတ်ထားသော အုပ်စုများကဲ့သို့ ကာကွယ်မှုနှင့် အခွင့်အရေးများ မရရှိနိုင်ကြပါ။ သူတို့သည် နိုင်ငံအတွင်း သို့မဟုတ် သူတို့နေထိုင်ရာ နယ်မြေအတွင်း နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခြင်းနှင့် စပ်လျဉ်းသော အခွင့်အရေးများကို မရှိနိုင်ကြပါ။ သူတို့သည် တရားဝင်နိုင်ငံသားဖြစ်မှုကို ငြင်းဆိုခံရနိုင်ခြေ ရှိနိုင်ပါသည်။ ဥပမာအားဖြင့် 'ဌာနေတိုင်းရင်းသား' နှင့် 'တိုင်းရင်းသား' အုပ်စုများအကြား ကွာခြားမှုအရ ဖြစ်လာနိုင်သော အကျိုးဆက်များအပေါ် ဆွေးနွေးချက်ကို ပိုမိုသိရှိလိုပါက Kymlicka 2007, Ferguson 2015  နှင့် Cheesman 2017တို့ကို ကြည့်ရှုပါ။

 

မြန်မာ့ရေးရာ -

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်


ဌာနေကရင်တိုင်းရင်းသား လူမှုအသိုက်အဝန်းများ၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီနှင့် ကရင်သဘာ၀ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN) တို့သည် ၂၀၁၈ ခုနှစ် အဆုံးပိုင်းတွင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို ကရင်ပြည်နယ်၊ (ဖာပွန်) မူတရောခရိုင်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။

ယခုကဲ့သို့ ဥယျာဉ်ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ အခြေခံလူထုစည်းရုံးမှုများ၊ လှုပ်ရှားမှုနှင့် ကမ်ပိန်းတို့ကို ဆယ်စုနှစ်များစွာ ဖြစ်ပါသည်။ ဤဥယျာဉ်ပိုင်နက်သည် အာရှ-ပစိဖိတ်ဒေသတွင် ဇီ၀ကွဲပြားစုံလင်မှု အများဆုံးရှိသောနေရာဖြစ်သည့် သံလွင်မြစ်ဝှမ်း၏ ၅,၄၈၅ စတုရန်း ကီလိုမီတာအထိ အကျုံးဝင်ပါသည်။ ယင်းတွင် ရွာပေါင်း ၃၄၀ ကျော်၊ ကော (Kaw)(ရိုးရာဌာနေဒေသခံတို့၏ မြေများ) ၁၃၉ ခု၊ ရပ်ရွာပိုင်သစ်တော ၂၇ ခု၊ သစ်တောကြိုးဝိုင်း ၄ ခုနှင့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သုံးခုတို့ပါဝင်သည်။ ဥယျာဉ်၏ ရည်မှန်းချက်မှာ ဘိုးဘွားပိုင်မြေများနှင့် ပြည်တွင်းဇီ၀မျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ၎င်းတို့အား စစ်ဘေး၊ သယံဇာတ ခိုးထုတ်ယူခြင်းနှင့် အခြားသော အကြီးစားစီမံကိန်းလုပ်ငန်းများမှ ဖြစ်ပေါ်လာသော ထိခိုက်နိုင်ခြေများမှ အကာအကွယ်ပေးရန် ဖြစ်ပါသည်။

KESAN ၏ ပြောကြားချက်အရ ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းရေးဥယျာဉ်ပေါင်း ၁၈၀ ကျော် ရှိပါသည်။ ငြိမ်းချမ်းရေးဥယျာဉ်များသည် အမျိုးသားဥယျာဉ်များနှင့် ကွဲပြားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ရပ်ရွာကို ပိုမိုအလေးပေးပြီး ငြိမ်းချမ်းရေးဥယျာဉ်များမှတစ်ဆင့် ပြည်တွင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ထိခိုက်ပျက်စီးလွယ်သည့် ဂေဟစနစ်ကို ကာကွယ်ခြင်းအား ဦးတည်သောကြောင့် ဖြစ်ပါသည်။

''ဒီနယ်မြေအတွင်း ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ လုံခြုံရေးတို့ကို သယ်ဆောင်လာပေးဖို့ ရည်ရွယ်ချက်နဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ရှေ့ပြေးလုပ်ဆောင်ချက်တွေကို လုပ်ဆောင်တာဖြစ်ပါတယ်'' ဟု (ဖာပွန်) မူတရော ခရိုင်၏ ဥက္ကဌဖြစ်သည့် ဖဒို Ten Der က အဆိုပြုချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ''ဒီမြေဟာ မူတရော ဌာနေကရင်လူမျိုးတို့ရဲ့ မြေဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရှိပြီးသား ဘိုးဘွားပိုင်မြေတွေ၊ သဘာ၀ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်ဖို့အတွက် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ရှေ့ပြေးခြေလှမ်းကို စတင်ခဲ့တာဖြစ်တယ်။''

၂၀၂၀ ခုနှစ်တွင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ပေးအပ်ချီးမြှင့်သော အီကွေတာဆုကို ရရှိခဲ့သည်။ အဆိုပါဆုသည် ဇီ၀မျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့အောင် အသုံးပြုခြင်းတို့မှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချသည့် ထူးချွန်သော လူမှုအသိုက်အဝန်း အားထုတ်မှုများကို အသိအမှတ်ပြုပေးအပ်ခြင်းဖြစ်သည်။
 

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

မြန်မာနိုင်ငံအစိုးရသည် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို တရားဝင်ဥယျာဉ်တစ်ခုအဖြစ် အသိအမှတ် မပြုသေးပါ။ သင်သည် ဤဥယျာဉ်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု မြင်ယောင်ကြည့်ပါ။ သင့်အနေဖြင့် အစိုးရအား ဥယျာဉ်ကို အသိအမှတ်ပြုရန် မည်သို့ ဖျောင်းဖျပြောဆိုမည်နည်း။


သင်တန်းဆရာမှတ်စုများ

ဤသည်ကို သရုပ်ဆောင်သင်ကြားသင်ယူခြင်း (roleplay) လုပ်ငန်းစဥ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ပါသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ