၄.၁.၂

နိုင်ငံ့ဥပဒေများနှင့် တရားမျှတမှု

အကြိုလေ့လာချက်

အစိုးရအချုပ်အခြာမဏ္ဍိုင်သုံးရပ်မှာ လူနည်းစုအခွင့်အရေးများနှင့် မည်သို့ ဆက်နွယ်မည်နည်း။

နိုင်ငံများသည် လူနည်းစုအခွင့်အရေးများကို တရားမျှတသော ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ နိုင်ငံ့ဥပဒေများနှင့် မူဝါဒများတွင် ကိုးကားကျင့်သုံးခြင်းဖြင့် လူနည်းစုအခွင့်အရေးများအား အကာအကွယ်ပေးမည်ဆိုသော ကတိကဝတ်ကို သရုပ်ဖော်ပြသတတ်ကြသည်။ နိုင်ငံများသည် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ နိုင်ငံ့ဥပဒေများနှင့် မူဝါဒများကို အသက်ဝင်စေရန် ဆောင်ရွက်ရမည့်အပြင် လူနည်းစုအခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးမည့်၊ ပိုမိုခိုင်မာအားကောင်းစေမည့် အစီအစဉ်များကို ရန်ပုံငွေထောက်ပံ့ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့လည်း လုပ်ဆောင်ရန် မုချလိုအပ်သည်။ လူနည်းစုအခွင့်အရေးများကို နိုင်ငံ့ဥပဒေများနှင့် မူဝါဒများတွင် နည်းလမ်းမျိုးစုံဖြင့် အကာအကွယ်ပေးနိုင်ပါသည်။ ယေဘုယျအားဖြင့် လူနည်းစုအခွင့်အရေးများကို အဆိုပါဥပဒေများနှင့် မူဝါဒများက အကာအကွယ်ပေးနိုင်သည်။ ဥပမာဆိုရသော် တန်းတူညီမျှမှု အခြေခံမူများနှင့် ခွဲခြားဆက်ဆံမှု မပြုခြင်းတို့အား ဥပဒေများတွင် ထည့်သွင်းပြဌာန်းခြင်းဖြစ်သည်။

အချို့သော လူနည်းစုများအတွက် ဥပဒေများ ချမှတ်ခြင်းဖြင့်လည်း လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးနိုင်သည်။ ဥပမာဆိုရသော် မသန်စွမ်းသူများအတွက် ဥပဒေများချမှတ်၍ အကာအကွယ်ပေးခြင်းမျိုးဖြစ်သည်။

သို့သော် နိုင်ငံ့ဥပဒေများနှင့် မူဝါဒများတွင် လူနည်းစုအခွင့်အရေးများကို ရေးသားထားရုံမျှဖြင့် ၎င်းတို့အား အကာအကွယ်ပေးနိုင်သည်ဟု အာမမခံနိုင်ပါ။ အစိုးရအဖွဲ့အစည်းများ၏ ထိရောက်သော အကောင်အထည်ဖော်မှုများနှင့် အရေးယူဆောင်ရွက်မှုများကိုလည်း ပြုလုပ်ရန် လိုအပ်ပါသေးသည်။ အစိုးရ ဥပဒေပြုရေးမဏ္ဍိုင်က ဥပဒေများကို ရေးဆွဲပြဌာန်းသည်။ အစိုးရအုပ်ချုပ်ရေးမဏ္ဍိုင်က ဥပဒေများကို ထည့်သွင်းအကောင်အထည်ဖော်သည်။ အစိုးရတရားရေးမဏ္ဍိုင်မှာမူ ဥပဒေများကို အဓိပ္ပာယ်ဖွင့်ဆိုပြီး အသက်ဝင်စေပါသည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် ဥပဒေဖြင့် အကာအကွယ်ပေးထားသော လူနည်းစုအခွင့်အရေးများကို သက်ဆိုင်သူများ ခံစားခွင့်ရစေရန် အတားအဆီးများနှင့် စိန်ခေါ်မှုများရှိနိုင်သည်။

ဥပဒေပြုရေးမဏ္ဍိုင်အတွက် အတားအဆီးများနှင့် စိန်ခေါ်မှုများတွင် အောက်ပါတို့ပါဝင်သည် -

  • လူနည်းစုအခွင့်အရေးများအပေါ် သက်ရောက်နေသည့် ဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးမဏ္ဍိုင်တွင်းတွင် သဘောထားကွဲလွဲမှုများ ရှိနေခြင်း။
  • ဗဟိုချုပ်ကိုင်မှုဖြေလျှော့ခြင်း မရှိသောကြောင့် ဒေသဆိုင်ရာ ဥပဒေပြုရေးမဏ္ဍိုင်များသည် ၎င်းတို့ဒေသများနှင့် ဆက်နွယ်နေသည့် ဥပဒေများကို ရေးဆွဲနိုင်မှု မရှိခြင်း။
  • ဗဟိုချုပ်ကိုင်မှုဖြေလျှော့ပေးထားသော အာဏာများကို အလွဲသုံးစားပြု၍ ဒေသဆိုင်ရာ ဥပဒေပြုရေးမဏ္ဍိုင်များသည် လူနည်းစုများ၏ အခွင့်အရေးများကို ဖိနှိပ်ချုပ်ချယ်သော ဥပဒေများနှင့် မူဝါဒများကို ရေးဆွဲဖန်တီးခြင်း။

အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် အတားအဆီးများနှင့် အခက်အခဲများတွင် အောက်ပါတို့ပါဝင်သည် -

  • ဥပဒေပြုရေးမဏ္ဍိုင်က ဥပဒေများကို ရေးဆွဲပြဌာန်းလိုက်သော်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်က အဆိုပါဥပဒေများအား အကောင်အထည်မဖော်ခြင်း။
  • အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ဥပဒေများကို အကောင်အထည်ဖော်ရန် စွမ်းဆောင်ရည် သို့မဟုတ် အရင်းမြစ်များ မရှိခြင်း။
  • လုပ်ပိုင်ခွင့်ခွဲဝေပေးခြင်း မရှိသောကြောင့် ဒေသတွင်း အုပ်ချုပ်ရေးမဏ္ဍိုင်များသည် နိုင်ငံတွင်းရှိ ၎င်းတို့ဒေသများနှင့် ဆက်နွယ်နေသည့် ဥပဒေများကို အကောင်အထည်ဖော်နိုင်စွမ်း မရှိခြင်း။
  • အုပ်ချုပ်ရေးမဏ္ဍိုင်မှ ဥပဒေများကို အကောင်အထည်ဖော်ဆောင်ခြင်းမရှိပါက ယင်းကို တာဝန်ခံခိုင်းရန် နည်းလမ်းများ မရှိခြင်း။
  • ဒေသန္တရအစိုးရအရာရှိများသည် ဥပဒေများအား မည်သို့ အကောင်အထည်ဖော်ရမည်ကို သိနားလည်မှု မရှိခြင်း။
  • ဒေသန္တရအစိုးရအရာရှိများသည် ဥပဒေများအား အကောင်အထည်မဖော်ခြင်း။
  • ဥပဒေများကို အကောင်အထည်ဖော်ရန် စိုးရိမ်ကြောက်လန့်ခြင်းနှင့် တာဝန်ခံရမည်ကို ကြောက်ရွံ့ခြင်း။

တရားရေးမဏ္ဍိုင်အတွက် အတားအဆီးများနှင့် အခက်အခဲများတွင် အောက်ပါတို့ ပါဝင်သည် -

  • ဒေသန္တရတရားရုံးများမှ တရားသူကြီးများသည် ဥပဒေများအား မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုရမည်ကို သိနားလည်မှု မရှိခြင်း။
  • တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေသောကြောင့် ဥပဒေများသည် လူတိုင်းအပေါ် တန်းတူညီမျှစွာ သက်ရောက်မှု မရှိခြင်း။
  • ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုခွင့်၊ လွတ်လပ်ပြီး သမာသမတ်ကျသော တရားခွင် ရရှိပိုင်ခွင့် အစရှိသည့် မျှတသော တရားစီရင်ရေး အခြေခံမူများကို လေးစားလိုက်နာမှု မရှိခြင်း။

အစိုးရအချုပ်အခြာမဏ္ဍိုင်အားလုံးရှိ အဟန့်အတားများနှင့် အခက်အခဲများ -

  • မဏ္ဍိုင်တစ်ရပ်ရပ်အတွင်း၌ အကျင့်ပျက် ခြစားမှုများရှိနေခြင်း။
  • အစိုးရ၏ လုပ်ဆောင်မှုများကို ဩဇာလွှမ်းမိုးလိုသော အုပ်စုများမှ ဖိအားပေးခြင်း၊ အနိုင်အထက်ပြုခြင်း သို့မဟုတ် လာဘ်ပေးလာဘ်ယူခြင်း။

ပြည်သူများက ဖြစ်ပေါ်စေသော အဟန့်အတားများနှင့် အခက်အခဲများ -

  • အစိုးရအနေဖြင့် လူနည်းစုအခွင့်အရေးများဆိုင်ရာ ဥပဒေများ ရေးဆွဲပြဌာန်းခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုရန် ပြည်သူများက လွှမ်းမိုးဖိအားပေးခြင်း။
  • ပြည်သူများအနေဖြင့် လူနည်းစုများအပေါ် မလိုမုန်းထားမှုများ ရှိနေနိုင်ပြီး ထို့ကြောင့်ပင်လျှင် လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးသော ဥပဒေများအား လိုက်နာလိုစိတ် မရှိခြင်း။
  • ပြည်သူများသည် အခြားသူများအား လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးသော ဥပဒေများကို လိုက်နာလိုစိတ်မရှိအောင် ပြုလုပ်ခြင်း သို့မဟုတ် အဆိုပါဥပဒေများရှိ လူနည်းစုအခွင့်အရေးများကို ဖယ်ရှားမည့် လုပ်ဆောင်ချက်များကို အားပေးထောက်ခံခြင်း။
  • ပြည်သူများသည် အစိုးရက ရေးဆွဲပြဌာန်းသော၊ အကောင်အထည်ဖော်သော၊ အဓိပ္ပာယ်ဖွင့်ဆိုသော ဥပဒေများနှင့် ပတ်သက်ပြီး အစိုးရကို တာဝန်ခံလာအောင် မပြုလုပ်ခြင်း။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. မြန်မာနိုင်ငံတွင် ဤအဟန့်အတားများနှင့် အခက်အခဲများသည် မည်မျှ ဖြစ်လေ့ဖြစ်ထရှိသည်ဟု ထင်ပါသနည်း။

  2. သင့်အနေဖြင့် ဤအဟန့်အတားများနှင့် အခက်အခဲများကို မြင်ဖူး၊ ကြားဖူး သို့မဟုတ် ကြုံတွေ့ဖူးပါသလား။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ