၁.၂.၂

ဘာသာရေး လူနည်းစုများ

အကြိုလေ့လာချက်

‘ဘာသာရေး လူနည်းစုများ’ ကို သင်မည်သို့ ဖော်ပြမည်နည်း။

သင်တန်းဆရာမှတ်စုများ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ ကိုးကွယ်ယုံကြည်မှုနှင့် အယူဝါဒဆိုင်ရာ လွတ်လပ်ခွင့်၊ အတွေးအခေါ်နှင့် အသိတရား လွတ်လပ်ခွင့်များရှိသည်ဟု မှတ်သားထားပါ။ ဆိုလိုသည်မှာ ကိုးကွယ်ယုံကြည်မှုများကိုသာမက ဘ၀ဒဿနဆိုင်ရာ အယူဝါဒများကို အကာအကွယ်ပေးထားပါသည်။

တစ်ခါတစ်ရံ ‘ကိုးကွယ်ယုံကြည်မှု’ နှင့် ‘ဘ၀ဒဿန’ တို့သည် ဥပဒေ၊ မူဝါဒများနှင့် ပို့ချချက်များတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်း ဖော်ပြခံရသည်။ အဆိုပါ အခေါ်အဝေါ်နှစ်ခုမှာ တူညီချက်အချို့ရှိနေစေကာမူ အမှန်စင်စစ် မတူညီသော အဓိပ္ပာယ်များ ရှိကြသည့် အတွက် ထိုသို့ဖော်ပြခြင်းမှာ မှားယွင်းနေပါသည်။

ဘ၀ဒဿနများသည် ဘုရားသခင်၊ နတ်သမီး သို့မဟုတ် ဝိညာဉ်တို့ကဲ့သို့သော ပုဂ္ဂိုလ်ထူးများ၏ အဆုံးအမများအပေါ်ဖြစ်စေ၊ ဘ၀အပေါ်ဖြစ်စေ အခြေခံမထားရပါ။

ဘ၀ဒဿနများသည် အတွေးအခေါ်များအပေါ်လည်းကောင်း အဆိုအမိန့်များအပေါ်လည်းကောင်း အတိတ်ကာလ သို့မဟုတ် မျက်မှောက်ကာလ သက်ရှိလူသားများ ရေးသားပြုစုထားသော စာပေများအပေါ်သော်လည်းကောင်း အခြေခံထားနိုင်ပါသည်။ အဆိုပါ လူသားများကို ဘ၀ဒဿန ယုံကြည်သူများအကြား စာရိတ္တရေးရာ စံပြပုဂ္ဂိုလ်များအဖြစ် သတ်မှတ်နိုင်ကြသည်။

ဘ၀ဒဿနယုံကြည်သူများသည် ဘ၀တွင် မည်သည်က ‘မှန်သည်’ ‘မှားသည်’ ကို ကိုယ်တိုင်ခွဲခြားနားလည်ခြင်း အပါအဝင် သူတို့၏ စာရိတ္တရေးရာ စံပြပုဂ္ဂိုလ်များ၏ အတွေးအခေါ်များအရသော်လည်းကောင်း၊ အဆိုအမိန့်များအရသော်လည်းကောင်း၊ စာပေများအရ သော်လည်းကောင်း ကြိုးပမ်းနေထိုင်ကြသည်။ အဆိုပါယုံကြည်သူများသည် သာမန်လူသားများအနေဖြင့်လည်း စာရိတ္တရေးရာ စံပြပုဂ္ဂိုလ်များကို အတုယူနေထိုင်ရန် ဖြစ်နိုင်ကြောင်းနှင့် ဘ၀ဒဿနများကို စာရိတ္တရေးရာ စံပြပုဂ္ဂိုလ်များ ကိုယ်တိုင်သာမက လူအများကပါ ကျယ်ပြန့်စွာ လိုက်နာသင့်ကြောင်း ယုံကြည်ထားကြသည်။

ကိုးကွယ်ယုံကြည်မှုများနှင့် ဘ၀ဒဿနများ နှစ်မျိုးလုံး၏ ယုံကြည်သက်ဝင်သူများသည် ၎င်းတို့ နေထိုင်ရာဒေသတွင် အခြားကိုးကွယ် ယုံကြည်မှုများနှင့် ဘ၀ဒဿနများ၏ ယုံကြည်သက်ဝင်သူများထက် အရေအတွက်နည်းပါးပါက လူနည်းစုအနေအထားသို့ ကျရောက်နိုင်ပါသည်။


ဘာသာရေး လူနည်းစုနှင့် စပ်လျဉ်း၍ အကြွင်းမဲ့မှန်ကန်သော အဓိပ္ပာယ်ဖော်ပြချက်မျိုး မရှိပါ။ ဤစာအုပ်တွင်မူ ဘာသာရေး လူနည်းစုဆိုသည်မှာ ကိုးကွယ်ယုံကြည်မှုတစ်ခုဖြင့်ဖြစ်စေ၊ ဘ၀၊ ကျင့်ဝတ်များနှင့် စာရိတ္တတို့ကို ရှင်းလင်းဖွင့်ဆိုသည့် ဘ၀ဒဿနတစ်ခုဖြင့်ဖြစ်စေ၊ မိမိကိုယ်ကို သတ်မှတ်ခံယူထားပြီး လူမျိုးကြီးအုပ်စုထက် လူဦးရေနည်းပါးသော အုပ်စုကို​ဆိုလိုသည်။ ဘာသာတရားများသည် အများအားဖြင့် အကျင့်သီလစင်ကြယ်သော ခေါင်းဆောင်များ သို့မဟုတ် သဘာ၀လွန်တန်ခိုးများ (အထူးသဖြင့် နတ်သား၊ နတ်သမီးများ​နှင့် ဝိညာဉ်များ) ကို ယုံကြည်ခြင်းတို့ဖြင့် ဆက်စပ်နေလေ့​ရှိသည်။ ဘ၀ဒဿနများဟူသည် လောကသစ္စာတရားများနှင့် ထိုလောကသစ္စာတရားများအရ လူသားများသည် ၎င်းတို့၏​ဘ၀ကို မည်သို့နေထိုင်သွားကြသည်တို့ကို ရှင်းလင်းသင်ကြား​ပေးလေ့ရှိသည်။ ကျင့်ဝတ်နှင့် စာရိတ္တများသည် မည်သည်က ‘မှန်သည်’ ‘မှားသည်’ ‘ကောင်းသည်’ “ဆိုးသည်” ဟူသော သဘောတရားများနှင့် ဆက်စပ်နေလေ့ရှိပါသည်။ တူညီသော ကိုးကွယ်ယုံကြည်မှု၊ သို့မဟုတ် တူညီသော ဘ၀ဒဿနများကို လိုက်နာသူများတွင် တူညီသော အလေ့အထများ၊ စည်းမျဉ်းများ​နှင့် အမှတ်သင်္ကေတများကို တွေ့ရလေ့ရှိပါသည်။

တစ်ခါတစ်ရံ၌ ဘာသာတရားများနှင့် ဘ၀ဒဿနများကို ယုံကြည်သူများက အုပ်စုတစ်စုအနေဖြင့် စုဖွဲ့ကျင့်သုံးတတ်​ကြသည်။ ထိုအုပ်စုများတွင် ကိုးကွယ်ရာ ဘာသာတရား သို့မဟုတ် ဘ၀ဒဿနများကို အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်သည်ဟု အများလက်ခံထားသည့် အကြီးအကဲများ ရှိနိုင်ပါသည်။ တစ်ခါတစ်ရံတွင်လည်း မိမိတို့၏ ကိုးကွယ်ယုံကြည်မှုနှင့် ဘ၀ဒဿနများကို တစ်ဦးချင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းများလည်း ရှိနိုင်ပါသည်။ တစ်ဦးချင်း အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အကြီးအကဲများ၏ ဖွင့်ဆိုချက်များနှင့် ခြားနားနေနိုင်ပါသည်။ အုပ်စုတစ်စုအတွင်း ပါဝင်သူတစ်ဦးချင်းစီတွင်လည်း အမျိုးမျိုးသော ဖွင့်ဆိုချက်များသာမက တစ်ခါတစ်ရံ အချင်းချင်း ဆန့်ကျင်ခြားနားသော ဖွင့်ဆိုချက်များလည်း ရှိနေနိုင်ပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. သင့်တွင် ဘာသာတရား သို့မဟုတ် ယုံကြည်ရာ ဘ၀ဒဿန ရှိပါသလား။ မည်သည့်အရာများ ဖြစ်သနည်း။
  2. သင့်အနေဖြင့် ယုံကြည်ရာ အယူဝါဒကို သင့်ဘာသာရေး​အုပ်စု သို့မဟုတ် ဘ၀ဒဿနဆိုင်ရာ အုပ်စုအတွင်းတွင် အကြီးအကဲများနှင့် ခြားနားစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းမျိုး ရှိခဲ့ဖူးပါသလား။
  3. သင်၏ အယူဝါဒများကို အခြားသော အုပ်စုဝင်များနှင့် ခြားနားစွာ အဓိပ္ပာယ်ဖော်သတ်မှတ်ခြင်းမျိုး ရှိခဲ့ဖူးပါသလား။

မြန်မာ့ရေးရာ 
ဘာသာတရား အရေအတွက်


၂၀၁၄ ခုနှစ်က စစ်တမ်းကောက်ယူခဲ့သော မြန်မာနိုင်ငံလူဦးရေ​နှင့် အိုးအိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံအတွင်း နေထိုင်သူဦးရေ ၅၀,၂၇၉,၉၀၀ ဦး ရှိခဲ့သည်ဟု သိရသည်။ လူဦးရေအားလုံး၏ ၂.၃ ရာခိုင်နှုန်း (လူဦးရေ ၁.၂ သန်း) ဝန်းကျင်သည် ထိုနေ့စွဲဖြင့် စစ်တမ်းကောက်ယူခဲ့သော သန်းခေါင်စာရင်းတွင် မပါဝင်ခဲ့ပါ။ ၎င်းတို့တွင် ရခိုင်ပြည်နယ်တွင် ၁,၀၉၀,၀၀၀ ဦး၊ ကရင်​ပြည်နယ်တွင် ၆၉,၇၅၃ ဦးနှင့် ကချင်ပြည်နယ်တွင် ၄၆,၆၀၀ ဦး​တို့ ပါဝင်ကြသည်။

သို့ဖြစ်၍ သန်းခေါင်စာရင်းတွင် စစ်တမ်းကောက်ယူထားသူ​များ၏ ကိန်းဂဏန်းအချက်အလက်များအပြင် စစ်တမ်း​ကောက်ယူရာတွင် မပါဝင်ခဲ့သူများ၏ ခန့်မှန်းကိန်းဂဏန်း​အချက်အလက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၌ စစ်တမ်းကောက်ယူရာ​တွင် မပါဝင်သူဦးရေသည် ပြည်ထောင်စု သို့မဟုတ် နိုင်ငံအဆင့်ရှိ ဘာသာရေးလူများစု အမျိုးမျိုး၏ အချိုးအစားကို ကိန်းဂဏန်းတန်ဖိုးအရ သိသိသာသာ သက်ရောက်နိုင်မည်​မဟုတ်ဟု ယူဆရသည်။ သို့ရာတွင် ရခိုင်ပြည်နယ်ရှိ စစ်တမ်း​ကောက်ယူရာတွင် မပါဝင်သူဦးရေမှာမူ ကိန်းဂဏန်းတန်ဖိုးအရ သိသာထင်ရှားပါသည်။ ရခိုင်ပြည်နယ်ရှိ ပြည်သူများသည် မြန်မာအစိုးရက အသိအမှတ်ပြုထားခြင်းမရှိသော ပင်ကိုယ်​စရိုက်လက္ခဏာတစ်ခုနှင့် မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူ​လိုကြသောကြောင့် စစ်တမ်းကောက်ယူမခံရခြင်း ဖြစ်ပါသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား​ဝန်ကြီးဌာနက ထိုသူအများစုမှာ မွတ်ဆလင်ဘာသာဝင်များ ဖြစ်လိမ့်မည်ဟု ယူဆထားပါသည်။ အောက်တွင်ပြထားသော ပမာဏအတက်အကျပြ ပုံကားချပ်သည် စစ်တမ်းကောက်ယူ​ရာတွင် မပါဝင်သူ ၁.၂ သန်းခန့်ရှိခဲ့သည့် ၂၀၁၄ ခုနှစ် လူဦးရေ​နှင့် အိုးအိမ်အကြောင်းအရာ သန်းခေါင်စာရင်းရလဒ်များကို ဖော်ပြထားသည်။


ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

ပညာရှင်အချို့ကမူ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၌ ဖြေကြားထားသူများသည် သူတို့ ယုံကြည်ကိုးကွယ်မှု အစစ်အမှန်နှင့် မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူလိုစိတ် မရှိခြင်းမျိုး ဖြစ်နေနိုင်ကြောင်း အဆိုပြုဖော်ပြထားသည်။ ဖြေကြားထားသူများသည် အဘယ်ကြောင့် အမှန်တကယ် ယုံကြည်ကိုးကွယ်မှုများကို တင်ပြခဲ့ခြင်းမရှိဟု သင်ထင်သနည်း။ ထိုသို့ ဖြေကြားမှုများကြောင့် စစ်တမ်းပါ အချက်အလက်များအပေါ် မည်သည့် သက်ရောက်မှုများ ရှိစေနိုင်သနည်း

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ