၂ . ၃

တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသားလူနည်းစုများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ

အကြိုလေ့လာချက်

တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများသည် မည်သည့်စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသနည်း။

တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများသည် လူမျိုးစွဲဝါဒကို ရင်ဆိုင်ရနိုင်သည်။ လူမျိုးစွဲဝါဒသည် ဖိနှိပ်မှု​တစ်မျိုးဖြစ်ပြီး မတူညီသော လူမျိုးများ၊ တိုင်းရင်းသားများ​ကြားတွင် မည်သည့်အုပ်စုက မည်သည့်အဆင့် ရှိသော အယူအဆပေါ် အခြေခံသည်။

လူမျိုးနှင့် ပတ်သက်၍ အကြွင်းမဲ့မှန်ကန်သည့် အဓိပ္ပာယ်​ဖွင့်ဆိုချက်မရှိပါ။ လူတို့သည် ၎င်းတို့၏ လူမျိုးဆိုင်ရာ ပင်ကိုယ်စရိုက်လက္ခဏာကို အရေပြားအရောင်ကဲ့သို့သော အရာများအပေါ် အခြေခံ၍ ပုံဖော်ဖန်တီးကြသလို နိုင်ငံသား​ဖြစ်ခြင်း၊ နိုင်ငံသားအဖြစ် ခံယူခြင်း၊ မွေးရပ်ဒေသ၊ မျိုးရိုး၊ ဌာနေတိုင်းရင်းသားဖြစ်ခြင်းနှင့် မိခင်ဘာသာစကားကဲ့သို့သော အချက်များဖြင့်လည်း ပုံဖော်ဖန်တီးနိုင်သည်။

လူမျိုးစွဲဝါဒသည် ‘လူဖြူ’ အဖြစ် သတ်မှတ်ခံထားသူများက ‘လူညို’ သို့မဟုတ် ‘လူမည်း’ အဖြစ် သတ်မှတ်ခံထားသူများထက် ပိုမိုသာလွန်ကောင်းမွန်သည်ဟူသော လူဖြူလွှမ်းမိုးကြီးစိုးရေး​ဝါဒ၏ သဘောတရား အပေါ် အခြေခံထားသည်။ လူတို့သည် ‘လူမျိုးဆိုင်ရာ’ အုပ်စုအမျိုးမျိုးတွင် ပါဝင်နေကြသည်ဟု အစိုးရအဆင့် ဇာတ်ကောင်များ၊ အခြားသူများနှင့် မိမိတို့​ကိုယ်တိုင်က ခွဲခြားသတ်မှတ်တတ်ကြသည်။ လူမျိုးခွဲခြား​သတ်မှတ်ရေး လုပ်ငန်းစဉ်များသည် လူသားတို့၏ အရေပြား​အရောင်အပေါ် အခြေခံလေ့ရှိသည်။ လူမျိုးအုပ်စုများအကြား အာဏာမျှခြေပျက်ယွင်းခြင်းကို တရားဝင်စေရန်နှင့် အားကောင်း​စေရန် လူမျိုးစွဲဝါဒအား ဖန်တီးထားခြင်း ဖြစ်သည်။ လူမျိုးစွဲ​ဝါဒတွင် ‘လူဖြူ’ များကို အထူးအခွင့်အရေးပေးထားသည်။

လူဖြူလွှမ်းမိုးကြီးစိုးရေးဝါဒကို အခြေမခံထားသော်လည်း တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများကို ပစ်မှတ်ထားသည့် အခြားသော ဖိနှိပ်ချုပ်ချယ်မှုပုံစံများလည်း ရှိနိုင်သည်။ အသားအရောင်ခွဲခြားရေးဝါဒသည် အသားအရောင်​ဖြူသူများက အသားအရောင်မည်းသူများထက် ပိုမိုသာလွန်​ကောင်းမွန်သည်ဟူသော ထင်မြင်ယူဆချက်အပေါ် အခြေခံ​ထားသည်။ နိုင်ငံခြားသားများအား မုန်းတီးကြောက်ရွံ့စိတ်​ဆိုသည်မှာ နိုင်ငံခြားသားများအပေါ် သို့မဟုတ် နိုင်ငံခြားသား​ဟု ယူဆသူများအပေါ် မုန်းတီးခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းဖြစ်သည်။ များသောအားဖြင့် လူများစုနှင့် နိုင်ငံခြားသားများကဲ့သို့ အာဏာပိုမိုရရှိထားသော အုပ်စုများသည် တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများ အဓိကနေထိုင်ကျက်စားရာ ဒေသများဆီသို့ ရည်ရွယ်ချက်ရှိရှိ ပြောင်းရွှေ့နေထိုင်တတ်ကြသည်။ ဤသည်ကို အခြေချ ကိုလိုနီဝါဒ ဟုခေါ်သည်။

မြေနေရာ၊ ပြည်တွင်းနိုင်ငံရေး သို့မဟုတ် ပြည်တွင်းစီးပွားရေးကို ထိန်းချုပ်ညွှန်ကြားခွင့်ရရန် သို့မဟုတ် ဩဇာလွှမ်းမိုးစေရန်​ဟူသော ရည်ရွယ်ချက်တို့ဖြင့် ထိုသို့ပြုမူတတ်ကြသည်။ တိုင်းရင်းသားလူများစုတို့အနေဖြင့် ၎င်းတို့သည် တိုင်းရင်းသား​လူနည်းစုများထက် ပိုမိုသာလွန်ကောင်းမွန်သည်ဟူသော ယုံကြည်ချက်ဖြင့် တိုင်းရင်းသားလူနည်းစုများကို ခွဲခြား​ဆက်ဆံလေ့ရှိကြသည်။ ဤကဲ့သို့ ခွဲခြားဆက်ဆံခြင်းပုံစံကို လူမျိုးစုဗဟိုပြုဝါဒဟုခေါ်သည်။ မြို့ပြဒေသတွင် နေထိုင်သူများသည်လည်း ကျေးလက်ဒေသခံများမှာ မိမိတို့​ကဲ့သို့ ‘ခေတ်မဆန်’၊ ‘တိုးတက်ဖွံ့ဖြိုးမှုမရှိ’ ဟူသည့် မာနစွဲ ယုံကြည်လက်ခံမှုတစ်ခုပေါ် အခြေခံပြီး ကျေးလက်ဒေသတွင် နေထိုင်သူများကို ခွဲခြားဆက်ဆံတတ်ကြသည်။ ထိုသို့ ခွဲခြားဆက်ဆံခြင်းဖြင့် မြို့ပြများနှင့် မြို့ကြီးများတွင် နေထိုင်သူများသည် မြို့ပြနေအထူးအခွင့်အရေးကို ရရှိကြသည်။

သို့ရာတွင် တိုင်းရင်းသားလူနည်းစုများနှင့် ဌာနေတိုင်းရင်းသား​လူနည်းစုများသည် ၎င်းတို့နေထိုင်ရာဒေသများတွင် စားဝတ်နေရေးခက်ခဲခြင်း သို့မဟုတ် အခွင့်အလမ်းများ​နည်းပါးခြင်းဟူသော စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်သည်။ ၎င်းတို့သည် ပညာသင်ကြားရေး သို့မဟုတ် ကျန်းမာရေး​စောင့်ရှောက်မှု အစရှိသည့် အခြေခံအဆောက်အအုံ များနှင့် အစိုးရပံ့ပိုးထားသော လူမှုရေးဝန်ဆောင်မှုများကို ရရှိမှုနည်းပါးသည့် ကျေးလက်ဒေသများ သို့မဟုတ် ဘိုးစဉ်ဘောင်ဆက်နယ်မြေများတွင် နေထိုင်လေ့ရှိသည်။ ထိုနယ်မြေဒေသများတွင် အလုပ်အကိုင်များ ရှားပါး၍ဖြစ်စေ၊ သဘာ၀သယံဇာတများကို အတင်းအဓမ္မ ထုတ်ယူခြင်းကြောင့်​ဖြစ်စေ ၎င်းဒေသတွင် နေထိုင်သူ တိုင်းရင်းသားများနှင့် ဌာနေ​တိုင်းရင်းသားများအတွက် အကျိုးခံစားခွင့် အနည်းငယ်သာ ကျန်ခဲ့ခြင်း သို့မဟုတ် လုံး၀မကျန်တော့ခြင်းတို့ကြောင့် စီးပွားရေး အခွင့်အလမ်းများလည်း နည်းပါးနိုင်သည်။ ထိုအခါ တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများသည် အခြားနယ်မြေဒေသများတွင် အလုပ်အကိုင်နှင့် ဝင်ငွေရှာဖွေရန်​အတွက် မိမိတို့နေထိုင်ရာဖြစ်သည့် နယ်မြေအား စွန့်ခွာသွားရ​တော့သည်။

တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများတွင် ၎င်းတို့၏ ဘ၀နေထိုင်မှုပုံစံနှင့် စပ်လျဉ်း၍ ရိုးရာအစဉ်အလာ အသိပညာများ ရှိနေနိုင်ပါသည်။ ထိုရိုးရာအစဉ်အလာ အသိပညာများတွင် ဥပမာအနေဖြင့် တရားစီရင်ရေးစနစ်များ၊ မြေနေရာစီမံခန့်ခွဲခြင်းနည်းလမ်းများ၊ ပညာရေးစနစ်များ၊ စိုက်ပျိုးရေးနှင့် ဆေးဝါးဆိုင်ရာ အလေ့အထများ ပါဝင်ပါသည်။ လူများစုမှနေ၍ ထိုရိုးရာဓလေ့အစဉ်အလာ အသိတရားကို ကောင်းစွာအသိအမှတ်မပြုခြင်း၊ လေးစားသမှု မပြုခြင်းမျိုး ဖြစ်တတ်သည်။ ရံဖန်ရံခါ၌ လူများစုဝင်များသည် တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများကို အသိအမှတ်ပြုခြင်း၊ အလျော်အစားပေးခြင်းများမရှိဘဲ ထိုရိုးရာ​ဓလေ့အစဉ်အလာ အသိတရားအပေါ် အမြတ်ထုတ်နိုင်သည်။ တစ်ခါတစ်ရံတွင် ကုမ္ပဏီများက ရိုးရာဓလေ့အစဉ်အလာ အသိပညာများကို မှတ်ပုံတင်မူပိုင်ခွင့်ယူလိုက်သဖြင့် တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသားများမှာမူ ထိုအသိပညာတို့ကို အသုံးပြုနိုင်စရာ အခွင့်အလမ်း နည်းသွားခြင်း၊ ဥပဒေကြောင်းအရ ထိုအသိပညာတို့ကို အသုံးပြု၍ပင် မရတော့ခြင်းတို့ ဖြစ်တတ်သည်။

လူများစုဝင်များနှင့် အများကြိုက်ယဉ်ကျေးမှုများတွင် တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသားလူနည်းစုများ၏ လူမှုရေးရာအလေ့အထများကို မကောင်းသည့်အမြင်ဖြင့် သရုပ်ဖော်ခြင်း၊ အထင်အမြင်သေးခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်း သို့မဟုတ် ရယ်မောစရာအဖြစ် လှောင်ပြောင်ခြင်းတို့ကို ပြုမူတတ်ကြပါသည်။ ထိုသို့သော လူမှုရေးရာ အလေ့အထများ​ထဲတွင် ဓလေ့ထုံးတမ်း အဝတ်အစားများ၊ ဘာသာစကားများ၊ သီချင်းနှင့် အက၊ လက်ထပ်ထိမ်းမြားခြင်းနှင့် အခြားသော အခမ်းအနားများ ပါဝင်သည်။

တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများတွင် လူများစု အသုံးပြုလေ့ရှိသော ဘာသာစကားနှင့် မတူညီသည့် မိခင်ဘာသာစကား ရှိနေတတ်သည်။ အကယ်၍ လူနည်းစုကလေးငယ်များအနေဖြင့် သမားရိုးကျ ပညာသင်ကြားရေးစနစ်တွင်သာ တက်ရောက်ခွင့်ရပါက သင်ပြရာတွင် အသုံးပြုသော ဘာသာစကားကြောင့် စာသင်ကျောင်းတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

တိုင်းရင်းသား သို့မဟုတ် ဌာနေတိုင်းရင်းသား ပင်ကိုယ်စရိုက်လက္ခဏာအပေါ် အခြေခံထားသည့် ဖိနှိပ်ခြင်းမျိုးကို သင်မြင်တွေ့၊ ကြားသိ၊ ကြုံတွေ့ခဲ့ဖူးပါသလား။ မြင်တွေ့၊ ကြားသိ၊ ကြုံတွေ့ခဲ့ဖူးပါက ထိုဖိနှိပ်ခြင်းအကြောင်းကို ဖော်ပြပါ။

မြန်မာ့ရေးရာ-

လွတ်လပ်ပြီး ကြိုတင်အသိပေးသော သဘောတူညီချက် (FPIC)


ဌာနေတိုင်းရင်းသားလူမျိုးများတွင် သူတို့၏ နယ်မြေ​ဒေသများ၊ သဘာ၀သယံဇာတမျာနှင့် ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ ထိုအခွင့်အရေးကို ‘လွတ်လပ်ပြီး ကြိုတင်အသိပေးသော သဘောတူညီချက်’ ဟု ဆိုလိုသည့် FPIC နိယာမတွင် ဖော်ပြထားသည်။ ဆိုလိုသည်မှာ ဌာနေ​တိုင်းရင်းသားများ နေထိုင်ရာဒေသများရှိ နယ်မြေများ သို့မဟုတ် သဘာ၀သယံဇာတများကို အသုံးပြုလိုသည့် အစိုးရအဖွဲ့အစည်းများ၊ စစ်တပ်များနှင့် လက်နက်ကိုင်​အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ​အနေဖြင့် ဌာနေတိုင်းရင်းသားများ၏ ခွင့်ပြုချက်ကို ဦးစွာ​ရရှိရန် လိုအပ်သည်။ ထိုခွင့်ပြုချက် (သဘောတူညီချက်) ကို အကျပ်ကိုင်ရယူခြင်း လုံး၀မပြုရသည့်အပြင် မည်သည့် သဘာ၀​သယံဇာတများကိုမဆို စတင်ထုတ်ယူခြင်းမပြုမီ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း မစတင်မီ ထိုဌာနေတိုင်းရင်းသားများ​ထံမှ ခွင့်ပြုချက်ရရှိထားရန် လိုအပ်သည်။ ဌာနေတိုင်းရင်းသား​လူမျိုးစုများကိုလည်း စီမံကိန်းအား သဘောတူလက်ခံ၊ လက်မခံဟူသော အသိပေးဆုံးဖြတ်ချက်တစ်ခု ပြုရန်အလို့ငှာ ထိုစီမံကိန်းနှင့် သက်ဆိုင်သော အချက်အလက်များအားလုံးကို ပေးထားရန် လိုအပ်ပါသည်။

ရံဖန်ရံခါ၌ FPIC နိယာမသည် တိုင်းရင်းသားလူမျိုးစုများ​အားလုံးကို ကိုယ်စားမပြုဘဲ ဌာနေတိုင်းရင်းသား လူမျိုးစုများ​အတွက်သာ ကိုယ်စားပြုသည်ဟု ထင်မှတ်ခံရလေ့ရှိသည်။ ဌာနေတိုင်းရင်းသားလူမျိုးစုများ၏ အခြေခံအခွင့်အရေးဖြစ်သည့် ကိုယ်တိုင်ပြဌာန်းပိုင်ခွင့်၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ်၊ နယ်မြေဒေသများနှင့် သဘာ၀​သယံဇာတများကို ကာကွယ်ပိုင်ခွင့်ရှိစေရန်နှင့် ၎င်းတို့ ဦးစားပေးသည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် FPIC နိယာမကို ရေးဆွဲချမှတ်ထားခြင်းဖြစ်သည်။

အစိုးရအဖွဲ့အစည်းများ၊ စစ်တပ်များနှင့် လက်နက်ကိုင်​အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ​သည် သဘောတူညီမှုထက်စာလျှင် လွတ်လပ်ပြီး ကြိုတင်​အသိပေးသော ညှိနှိုင်းတိုင်ပင်ခြင်းကို ပိုမိုလိုလားကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ကိုယ်စားလှယ်များက ဌာနေတိုင်းရင်းသားလူမျိုးစုများနှင့် တွေ့ဆုံပြီး ဆွေးနွေးချက်များကို နားထောင်ခြင်းအား ပိုမိုလိုလားကြခြင်း​ဖြစ်သည်။ သို့သော် ဤနေရာတွင် ဌာနေတိုင်းရင်းသားများသည် အပြီးသတ် ဆုံးဖြတ်ချက်ချသူများ မဟုတ်ကြပါ။

မြန်မာနိုင်ငံဥပဒေတွင် FPIC နိယာမ အပြည့်အဝ မပါရှိ​သော်လည်း ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး​ကာကွယ်စောင့်ရှောက်သည့်ဥပဒေဟု လူသိများသော ၂၀၁၅ ခုနှစ်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်​စောင့်ရှောက်သည့်ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် အကျဉ်းချုပ်စာတမ်း - ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများနှင့် စီးပွားရေးကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဌာနေတိုင်းရင်းသား လူနည်းစုများ၏ နယ်မြေဒေသများတွင် စီမံကိန်းများ​မစတင်မီက ဌာနေတိုင်းရင်းသားလူမျိုးစုနှင့် ညှိနှိုင်း​တိုင်ပင်ခြင်း မရှိခဲ့သည့်အပြင် သဘောတူညီမှုရယူခဲ့ခြင်း မရှိသလောက်ဖြစ်ကြောင်း ဌာနေတိုင်းရင်းသားလူနည်းစု​ကိုယ်စားလှယ်များက ပြောကြားခဲ့သည်ဟု ထိုစာတမ်းတွင် ဖော်ပြထားသည်။ ညှိနှိုင်းတိုင်ပင်စဉ်တွင် ကုမ္ပဏီများက ပေးအပ်ခဲ့သော သတင်းအချက်အလက်များမှာ စီမံကိန်း၏ အကောင်းမြင်ရှုထောင့်များကိုသာ ဖော်ပြထားပြီး ထိုစီမံကိန်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်အားလုံးကို ပေးအပ်ခြင်း​မရှိခဲ့ဟုလည်း အဆိုပါ တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောဆိုခဲ့သည် (MCRB ၂၀၁၆)။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

အဘယ်ကြောင့် အစိုးရအဖွဲ့အစည်းများ၊ စစ်တပ်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ပဏီများက လွတ်လပ်ပြီး ကြိုတင်အသိပေးသော သဘောတူညီချက်ထက်စာလျှင် လွတ်လပ်ပြီး ကြိုတင်အသိပေးသော ညှိနှိုင်းတိုင်ပင်ခြင်းကို ပိုမိုလိုလားလေ့ရှိသည်ဟု ထင်ပါသနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ