၂.၉

လူနည်းစုများ၏ ခွန်အားများ

အကြိုလေ့လာချက်

စိန်ခေါ်ချက်များကို ရင်ဆိုင်ရန် လူနည်းစုဝင်များ၏ အားသာချက်အချို့မှာ မည်သည့်အရာများ ဖြစ်သနည်း။

စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတွင် ပိုမိုခွန်အားကြီးလာခြင်း၊ ပိုမိုကြံ့ကြံ့ခံနိုင်ခြင်းနှင့် ယုံကြည်မှုရှိလာခြင်းတို့ ပါဝင်ပါသည်။ လူတစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ နှစ်မျိုးစလုံးအား ၎င်းတို့ဘ၀၏ မတူညီသော အစိတ်အပိုင်း​များတွင် စွမ်းဆောင်ရည် မြှင့်တင်ပေး၍ ရနိုင်ပါသည်။ ဥပမာ​ဆိုရသော် ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အပိုင်းများတွင် စွမ်းဆောင်ရည် မြှင့်တင်ပေး၍ ရနိုင်ပါသည်။ ၎င်းတို့ကိုယ် ၎င်းတို့ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်သကဲ့သို့ အခြားသူ၏ ပံ့ပိုးပေးမှု​ဖြင့်လည်း စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းခံရနိုင်သည်။

အာဏာကျင့်သုံးခြင်းသည် အခြားသူများ၏ အကျပ်ကိုင်ခြင်းကို မခံရဘဲ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ဆိုလိုသည်။ ဤသည်မှာ လူသားတစ်ဦးအနေဖြင့် ကိုယ်ပိုင်ဘ၀ကို ဆုံးဖြတ်ရာတွင် အခြားသူများက ဖိအားပေးခြင်း မရှိစေဘဲ မိမိကိုယ်တိုင် ထိန်းချုပ်စေစားနိုင်သော အခန်းကဏ္ဍတွင် ပါဝင်ခြင်းဖြစ်သည်။

အပြောင်းအလဲကို ကိုယ်တိုင်ဖန်တီးခြင်းအား နည်းလမ်း​အမျိုးမျိုးတွင် အသုံးချနိုင်သည်။ ဥပမာဆိုရသော် -

  • တိုင်းရင်းသားလူနည်းစုတစ်စုတွင် နယ်မြေတစ်ခုနှင့် သူ၏ ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်အပေါ် ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိနိုင်သည်။
  • ဘာသာရေးလူနည်းစုဝင်များသည် ၎င်းတို့၏ အဝတ်အစားများ၊ အသုံးအဆောင်များနှင့် အဆင်တန်ဆာများမှတစ်ဆင့် ၎င်းတို့၏ ဖြစ်တည်မှုကို ဖော်ပြနိုင်သည်။
  • နိုင်ငံမဲ့သူများသည် ၎င်းတို့၏ အခြေအနေများကို မြှင့်တင်ရန်အတွက် ကိုယ်ပိုင်လိုအပ်ချက်များ၊ အတွေ့အကြုံများ၊ စိတ်ဝင်စားမှုများနှင့် ရပိုင်ခွင့်များတို့ကို ပွင့်လင်းစွာ ပြောကြားနိုင်သည်။
  • မသန်စွမ်းပုဂ္ဂိုလ်များသည် ၎င်းတို့၏ ကိုယ်ပိုင်အိုးအိမ်​နေရာ၊ မိသားစု၊ အလုပ်အကိုင်နှင့် ၎င်းတို့ဘ၀၏ အခြားအစိတ်အပိုင်းများအတွက် ရွေးချယ်နိုင်သည်။ ဤအရာကို အမှီအခိုကင်းစွာနေထိုင်ခြင်းဟုလည်း ရည်ညွှန်းလေ့ရှိသည်။
  • SOGIE လူနည်းစုဝင်များသည် သူတို့၏ဖြစ်တည်မှုအပေါ် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ၎င်းတို့၏ ပင်ကိုယ်စရိုက်​လက္ခဏာများကို ပွင့်လင်းစွာ၊ လွတ်လပ်စွာ ဖော်ထုတ်ပြသနိုင်သည်။

 

လူနည်းစုများသည် အခမ်းအနားကျင်းပဆင်နွှဲခြင်းနှင့် အထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်းတို့မှတစ်ဆင့် အသိအမှတ်ပြုမှု ရရှိနိုင်သည်။ သူတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများကို ရိုးရာဓလေ့များ၊ အခမ်းအနားများ သို့မဟုတ် ပွဲလမ်း​သဘင်များမှတစ်ဆင့် အောင်ပွဲခံနိုင်သည်။ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ခြင်းတွင် လူနည်းစုများမှ အသက်စတေးသွားသူများကို အောက်မေ့သတိရဖွယ် အထိမ်းအမှတ်များ ပြုလုပ်ခြင်း သို့မဟုတ် နေ့ထူးနေ့မြတ်များ သတ်မှတ်ခြင်းတို့ ပါဝင်ပါသည်။

ခုခံတော်လှန်ခြင်းတွင် ဖိနှိပ်မှုများကို ထိပ်တိုက်ရင်ဆိုင်ခြင်း​လည်း ပါဝင်ပါသည်။ ခုခံတော်လှန်ခြင်းတွင် ပုံစံအမျိုးမျိုး​ရှိနိုင်သည်။ အကြမ်းဖက်မှုမပါဝင်ဘဲသော်လည်းကောင်း၊ အကြမ်းဖက်မှု ပါဝင်ခြင်းဖြင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ အကြမ်းဖက်မှု မပါဝင်သော ခုခံတော်လှန်ခြင်းတွင် အထူးသဖြင့် လူနည်းစုများကို ခွဲခြားဆက်ဆံသည့် တရားမျှတမှုမရှိသော ဥပဒေများကို လိုက်နာရန်ငြင်းဆိုခြင်း၊ ဖိနှိပ်ခြင်းအား အများသိမြင်လာစေရန် လူအများရှေ့တွင် ပုံဖော်ပြသခြင်းတို့ ပါဝင်ပါသည်။ အကြမ်းဖက်မှု ပါဝင်သော ခုံခံတော်လှန်ခြင်းတွင်မူ လက်နက်များကို အသုံးပြု၍ ဖိနှိပ်သည့် အုပ်စုများ သို့မဟုတ် အဖွဲ့အစည်းများကို တိုက်ခိုက်ခြင်းတို့ ပါဝင်ပါသည်။

အန္တရာယ်ကင်းရပ်ဝန်းများသည် အုပ်စုတစ်ခု၏ အဖွဲ့ဝင်များက ဖန်တီးထားပြီး ထိုအုပ်စုဝင်များ အတွက်သာ ရည်ရွယ်ထားသော နေရာများကို ဆိုလိုပါသည်။ အန္တရာယ်ကင်းရပ်ဝန်းများသည် ထိုအုပ်စုဝင်များအတွက် ကြောက်ရွံ့စရာမလိုဘဲ ၎င်းတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများကို လွတ်လပ်စွာ ဖော်ပြနိုင်သည့် နေရာတစ်ခုကို ဖြည့်ဆည်းပေးသည်။ အန္တရာယ်ကင်း​ရပ်ဝန်းများတွင် အုပ်စုဝင်များ အနေဖြင့် ၎င်းတို့ကိုယ်ပိုင် စံသတ်မှတ်ချက်များကိုလည်း ဖန်တီးလိုက်နာနိုင်သည်။

စည်းလုံးညီညွတ်မှုသည် ကိုယ်ချင်းစာတရား၊ အရေးယူ​ဆောင်ရွက်မှုတို့ဖြင့် ဆက်စပ်လျက်ရှိသည်။ ယင်းတွင် အခြားအုပ်စုတစ်စု၏ လိုအပ်ချက်များကို နားလည်ခြင်းနှင့် ထိုအုပ်စု၏ လိုအပ်ချက်များ ပြည့်၀စေရေးကို အထောက်အပံ့​ဖြစ်စေရန် အရေးယူဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ စည်းလုံးညီညွတ်မှုသည် အုပ်စုတစ်စုတွင်း၌လည်း ဖြစ်တည်နိုင်သည်။ အုပ်စုတစ်စုတွင် ပါဝင်သူများ အနေဖြင့် အခြားအုပ်စုဝင်များ၏ လိုအပ်ချက်များကို နားလည်ပြီး ယင်းလိုအပ်ချက်များ ပြည့်၀စေရေးကို အကူအညီပေးဖို့ရာ အရေးယူဆောင်ရွက်သင့်သည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

၁။ စာရင်းတွင် ဖော်ပြခဲ့သော အားသာချက်တစ်ခုခုကို မြင်တွေ့ခဲ့၊ ကြားခဲ့၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးပါသလား။ ထိုအားသာချက်ကို မည်ကဲ့သို့ အသုံးပြုခဲ့သနည်း။

၂။ လူနည်းစုများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် အခြားနည်းလမ်းများကို ဖော်ပြပါ။
 


သင်တန်းဆရာမှတ်စုများ

အထူးသဖြင့် တိုင်းရင်းသား၊ ဌာနေနှင့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ လူနည်းစုများသာမက နိုင်ငံမဲ့သူများသည် သူတို့ရင်ဆိုင်ရသော စိန်ခေါ်မှုများကို ဖြေရှင်းရန် အကြမ်းဖက်မှုပါဝင်သော ခုခံတော်လှန်ခြင်းကို အသုံးပြုနိုင်သည်။ အကြမ်းဖက်မှုပါဝင်သော ခုခံတော်လှန်ခြင်းအစားဖြစ်စေ၊ ၎င်းကို ထပ်ပေါင်း၍ဖြစ်စေ သူတို့သည် ရယူလိုသော ကာကွယ်မှုနှင့် အခွင့်အရေးများအပြင် သူတို့၏ စိတ်ဝင်စားမှုများအကြောင်း အပြန်အလှန်ဆွေးနွေးခြင်းများနှင့် စေ့စပ်ညှိနှိုင်းခြင်းများတွင်လည်း ပါဝင်လာနိုင်သည်။

၂၁ ရာစု ပင်လုံညီလာခံများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား၊ ဌာနေနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လူနည်းစုများပါဝင်သော နိုင်ငံရေး အပြန်အလှန်ဆွေးနွေးပွဲ ဥပမာများဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းခြင်းများသည်လည်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည်။ နိုင်ငံရေး အပြန်အလှန် ဆွေးနွေးပွဲများနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲများသည် ဖက်ဒရယ်ဝါဒကဲ့သို့ မြန်မာနိုင်ငံ၏ မတူညီသော အုပ်ချုပ်မှုစနစ်တစ်ခုအတွက် ဖြစ်နိုင်ခြေကို အလေးပေးဖော်ပြလေ့ရှိသည်။ မြန်မာနိုင်ငံရှိ လူနည်းစုဝင်များစွာက ဖက်ဒရယ်ဝါဒသည် သူတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်သည်ဟု ယုံကြည်ကြသည်။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ