၃.၃.၂

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ

အကြိုလေ့လာချက်

၁။ 'လူမျိုးတုံး သတ်ဖြတ်မှု' ဆိုသည်မှာ အဘယ်နည်း။

၂။ 'လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ' ဆိုသည်မှာ အဘယ်နည်း။

၃။ 'စစ်ရာဇဝတ်မှုများ' ဆိုသည်မှာ အဘယ်နည်း။


သင်တန်းဆရာမှတ်စုများ

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် တစ်ခါတစ်ရံ အချို့နိုင်ငံများ၏ နိုင်ငံ့ဥပဒေများတွင် ဖော်ပြသတ်မှတ်ထားသည့် အလွန်ကြမ်းကြုတ်ရက်စက်သော ရာဇဝတ်မှုများ ဖြစ်ကြသည်။ အဆိုပါ အလွန်ကြမ်းကြုတ်ရက်စက်သော ရာဇဝတ်မှုများတွင် ဥပဒေအရ ဖော်ပြထားသည့် အလွန်တိကျသော စံနှုန်းများနှင့် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်များ ရှိကြသည်။ ပိုမိုသိရှိလိုပါက ၂၀၁၄ ခုနှစ်၊ ကုလသမဂ္ဂရုံး၏ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးနှင့် ကာကွယ်ရန်တာဝန်ကို ကြည့်ရှုပါ။


လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများမှာ 'အလွန်ကြမ်းကြုတ်ရက်စက်သော ရာဇဝတ်မှုများ'ဟု သိကြသည့် အပြင်းထန်ဆုံးသော ရာဇဝတ်မှုများထဲတွင် ပါဝင်ပါသည်။ လူမျိုးတုံးသတ်ဖြတ်မှုသည် လူအုပ်စုတစ်စု သို့မဟုတ် လူအုပ်စုအများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ခြင်းကို ဖော်ညွှန်းပါသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများသည် အရပ်သားများစွာပါသည့် လူအုပ်စုကြီးတစ်စုကို စနစ်တကျ ကြိုတင်ကြံစည်ဆောင်ရွက်ပြီး တိုက်ခိုက်ခြင်းမျိုးကို ဖော်ညွှန်းသည်။ စစ်ရာဇဝတ်မှုများမှာ စစ်ပွဲများအတွင်း အရပ်သားများသာမက တိုက်ပွဲဝင်စစ်သားများအပေါ်၌ပါ ကျူးလွန်သည့် ပြစ်မှုများ ဖြစ်ပါသည်။

ဤရာဇဝတ်မှုများသည် လူနည်းစုများကို ပစ်မှတ်ထား၍ ကျူးလွန်ရန် အခွင့်အလမ်းများပါသည်။ ဤသို့သော ရာဇဝတ်မှုများကို တားမြစ်ထားသည့် သဘောတူစာချုပ်များ ရှိပါသည်။ လူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုကို တားဆီးကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ကျခံစေခြင်းဆိုင်ရာ သဘောတူညီချက်သည် လူမျိုးတုံးသတ်ဖြတ်မှုကို အလေးပေး၍ အရေးယူဆောင်ရွက်ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ ရောမပြဌာန်းဥပဒေ (Rome Statute of International Criminal Court)  သည် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်တစ်စုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို အဓိကထား အရေးယူဆောင်ရွက်ပါသည်။

အဆိုပါ စာချုပ်များအတွင်း၌ အဆိုပါ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ခြင်းရှိမရှိ စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုနိုင်သည့် တိကျသောစံနှုန်းများ ရှိပါသည်။ ICC  သည် ရောမပြဌာန်းဥပဒေ (Rome Statute) နှင့် ဆက်နွယ်၍ တိုင်ကြားလာသော ရာဇဝတ်မှုများနှင့် သက်ဆိုင်သော ပြစ်မှုကျူးလွန်သူ တရားခံတစ်ဦးချင်းစီနှင့် စပ်လျဉ်းသည့် တာဝန်ယူရမည့်အရာများကို စုံစမ်းဖော်ထုတ်မှုပြုပါသည်။ ပါဝင်လက်မှတ်ရေးထိုးသည့် နိုင်ငံတစ်နိုင်ငံကဖြစ်စေ၊ UNSC ကဖြစ်စေ စစ်ဆေးရန် တောင်းဆိုလာခဲ့ပါက သို့မဟုတ် ICC ၏ တရားသူကြီးများက အမှုဖွင့်ရန် သက်သေအလုံအလောက်ရှိသည်ဟု ဆုံးဖြတ်လိုက်ပါက အမှုများကို စုံစမ်းစစ်ဆေးနိုင်ပါသည်။

 

လူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုကို တားဆီးကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ကျခံစေခြင်းဆိုင်ရာ သဘောတူညီချက် (လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် - ၁၉၄၈)

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို UNGA သည် ၁၉၄၈ ခုနှစ်တွင် အတည်ပြုလက်ခံကျင့်သုံးခဲ့ပြီး ယင်းသည် ၁၉၅၁ ခုနှစ်တွင် အသက်ဝင်လာခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် ယင်းအား လက်ခံသဘောတူခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း၌ ဤသဘောတူစာချုပ်ကို ဥပဒေအရ စည်းနှောင်မှု ရှိရမည့် စာချုပ်ဖြစ်လာပါသည်။ သို့သော်လည်း မြန်မာသည် အဆိုပါ သဘောတူညီချက်၏ အပိုဒ် (၆) အား ချန်လှပ်ချက်အဖြစ် သတ်မှတ်ထားခဲ့ပါသည်။ အဆိုပါ ချန်လှပ်ချက်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားသော မည်သည့် လူမျိုးတုံးသတ်ဖြတ်သည့်အမှုမဆိုကို နိုင်ငံတော်၏ ခုံရုံးများ သို့မဟုတ် တရားရုံးများမှသာ ဖြေရှင်းသွားမည်ဖြစ်ပြီး မည်သည့်အပြည်ပြည်ဆိုင်ရာ ခုံအဖွဲ့များမှ ဝင်ရောက်ဖြေရှင်းပိုင်ခွင့်မရှိဟု ဖော်ပြထားပါသည်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်သည် အောက်ပါလုပ်ရပ်ခြောက်ရပ်ကို တားမြစ်ထားပါသည်။

၁။ ဦးတည်အုပ်စုတစ်စု၏ အုပ်စုဝင်များအား သတ်ဖြတ်ခြင်း။

၂။ ဦးတည်အုပ်စုတစ်စု၏ အုပ်စုဝင်များအား ကိုယ်ခန္ဓာပိုင်းဆိုင်ရာသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ အပြင်းအထန် ထိခိုက်နာကျင်စေခြင်း။

၃။ ဦးတည်အုပ်စုတစ်စု၏ အုပ်စုဝင်များအား ပြင်းထန်စွာ ထိခိုက်စေလိုသောကြောင့် ၎င်းတို့၏ ဘ၀နေထိုင်မှုအခြေအနေများကို ရည်ရွယ်ချက်ရှိရှိ ဘေးသင့်စေခြင်း။

၄။ ဦးတည်အုပ်စုအတွင်း သားဖွားခြင်းအား တားမြစ်ရေးအစီအမံများ ချမှတ်ခြင်း။

၅။ ဦးတည်အုပ်စုမှ ကလေးများကို အခြားအုပ်စုတစ်စုထံ ဖိအားပေးလွှဲပြောင်းပို့ဆောင်ခြင်း။

အုပ်စုတစ်စုစု၏ ''နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှု၊ လူမျိုးရေး၊ ကိုးကွယ်ယုံကြည်မှု'' စသည်တို့မှ အချက်တစ်ချက်အပေါ် မူတည်၍ ယင်းအုပ်စု၏ ''တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အုပ်စုတစ်စုလုံးကိုသော်လည်းကောင်း ဖျက်စီးရန်'' ရည်ရွယ်ချက်ဖြင့် အထက်ပါလုပ်ရပ်များမှ အချက်တစ်ချက် သို့မဟုတ် အချက်အားလုံးကို ''ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျှင်'' လူမျိုးတုံးသတ်ဖြတ်မှုမြောက်ပါသည်။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူ၊ ကျူးလွန်မှုတွင် ပါဝင်သူ၊ ကျူးလွန်ရန် ကြံစည်သူ၊ စီစဉ်သူ၊ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ရန် တစ်ပါးသူများအား လူသိရှင်ကြား တိုက်ရိုက်လှုံ့ဆော်သူ စသည်တို့မှ မည်သူမဆို ပြစ်ဒဏ်ချမှတ်ခံရမည်။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတရားခံများသည် အုပ်ချုပ်သူများ သို့မဟုတ် အစိုးရအရာရှိများ သို့မဟုတ် သာမန်ပြည်သူများပင် ဖြစ်စေကာမူ ပြစ်ဒဏ်ချမှတ်ခံရမည်ဟု လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ ရောမပြဌာန်းဥပဒေ (ရောမပြဌာန်းဥပဒေ - ၁၉၉၈)

ရောမပြဌာန်းဥပဒေကို ၁၉၉၈ ခုနှစ်တွင် ညီလာခံတစ်ရပ် ပြုလုပ်နေစဉ်အတွင်း အတည်ပြုလက်ခံကျင့်သုံးခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အသက်ဝင်လာခဲ့သည်။ မြန်မာနိုင်ငံသည် ယင်းဥပဒေစာချုပ်တွင် လက်မှတ်ထိုးခြင်း သို့မဟုတ် အတည်ပြုလက်မှတ်ရေးထိုးခြင်း သို့မဟုတ် လက်ခံသဘောတူခြင်း မရှိသေးပါ။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း၌ ဤစာချုပ်အား ဥပဒေအရ စည်းနှောင်မှုရှိရန် မလိုပေ။

ရောမပြဌာန်းဥပဒေသည် အလွန်ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုလေးမျိုးကို တားမြစ်ထားပါသည် -

၁။ လူမျိုးတုံးသတ်ဖြတ်မှု - လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်တွင် ဖော်ပြခဲ့သည့်အတိုင်းဖြစ်သည်။

၂။ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ - ဤရာဇဝတ်မှုများသည် အရပ်သားများအပေါ် ပြင်းထန်သော အကြီးစားတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။ ဤတိုက်ခိုက်မှုများတွင် သတ်ဖြတ်မှု၊ ကျွန်ပြုမှု၊ နှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု^သားမယားပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုမှု၊ အကျဉ်းချမှု၊ အစဖျောက်သုတ်သင်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း၊ လူမျိုးရေးခွဲခြားမှု စသည့်အချက်များမှ မည်သည့်အချက်ကိုမဆို ကျူးလွန်ခြင်းများ ပါဝင်နိုင်ပါသည်။

၃။ စစ်ရာဇဝတ်မှုများ - ဤသည်မှာ စစ်ပွဲ၏ စည်းမျဉ်းများကို ရှင်းပြသော ဂျီနီဗာသဘောတူညီချက်ပါ လေးချက်မှ မည်သည့်အချက်ကိုမဆို ချိုးဖောက်သည့် ရာဇဝတ်မှုများ ဖြစ်ပါသည်။ ဤရာဇဝတ်မှုများတွင် ကလေးစစ်သားများ အသုံးပြုခြင်း၊ အရပ်သားများနှင့် စစ်သုံ့ပန်းများအား သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းတို့သာမက ဆေးရုံများ၊ ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများကဲ့သို့ အများပြည်သူဆိုင်နေရာများအား တိုက်ခိုက်ခြင်းများ ပါဝင်ပါသည်။

၄။ ကျူးကျော်ရန်စမှု - ဤရာဇဝတ်မှုကို ၂၀၁၇ ခုနှစ်တွင် အတည်ပြုလက်ခံကျင့်သုံးခဲ့သော ၂၀၁၀ ခုနှစ်၏ ပြင်ဆင်ချက်တစ်ခုတွင် ထပ်မံရှင်းလင်းဖော်ပြထားသည်။ ဤရာဇဝတ်မှုမှာ နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံတစ်နိုင်ငံကို လက်နက်ကိုင်၍ ကျူးကျော်ရန်စမှုမျိုး ဖြစ်ပါသည်။ ဥပမာ - ကျူးကျော်ဝင်ရောက်ခြင်းဖြစ်စေ၊ သိမ်းပိုက်အုပ်ချုပ်ခြင်းဖြစ်စေ၊ အဓမ္မတိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်စေ စသည်တို့ ပြုလုပ်သည့် အချိန်မျိုးတွင်ဖြစ်သည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ