၆.၁

ဗြိတိသျှကိုလိုနီခေတ် ဥပဒေများ

အကြိုလေ့လာချက်

  1. ရာဇသတ်ကြီးသည် လူနည်းစုအခွင့်အရေးများကို ကာကွယ်ပေးခြင်းရှိ/မရှိ၊ အားပေးမြှင့်တင်ခြင်းရှိ/မရှိ သင်သိပါသလား။ ရာဇသတ်ကြီးသည် လူနည်းစု အခွင့်အရေးများကို တားဆီးပိတ်ပင်ခြင်း ရှိမရှိ သို့မဟုတ် ချိုးဖောက်ခြင်းရှိ/မရှိ သင်သိပါသလား။
  2. မတရားအသင်းများ အက်ဥပဒေအရ တားမြစ်ပိတ်ပင်ခံထား​ရသည့် အသင်းအဖွဲ့များမှာ မည်သည့် အသင်းအဖွဲ့များ​ဖြစ်သည်ဟု ထင်ပါသနည်း။
    • ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အသင်းအဖွဲ့များ။
    • ဆေးရွက်ကြီး သို့မဟုတ် အရက်ထုတ်လုပ်သော၊ အရောင်းမြှင့်တင်သော အသင်းအဖွဲ့များ။
    • လက်နက်များ ထုတ်လုပ်သော၊ အရောင်းမြှင့်တင်သော အသင်းအဖွဲ့များ။
    • တိုင်းရင်းသား လူနည်းစုများ၏ ဘာသာစကားများနှင့် ရိုးရာဓလေ့များကို အားပေးမြှင့်တင်သည့် အသင်းအဖွဲ့များ။

၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး (၂၀၁၆ နှင့် ၂၀၁၉ ခုနှစ်​များတွင် ပြင်ဆင်ခဲ့)

ရာဇသတ်ကြီးသည် မြန်မာနိုင်ငံအတွင်း၌ ရာဇဝတ်ကျူးလွန်မှု​များကို အရေးယူရန်အတွက် ပြဌာန်းသတ်မှတ်ထားသော ပင်မဥပဒေဖြစ်သည်။

ရာဇသတ်ကြီးတွင် ဖော်ပြထားသည့် လူနည်းစုများဆိုင်ရာ လူ့အခွင့်အရေးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်-

  • ရာဇသတ်ကြီးသည် ဘာသာရေးလူနည်းစုဝင် အမျိုးသမီးများအပေါ် ကျူးလွန်သော ရာဇဝတ်မှု၊ ကိုယ်ထိလက်ရောက်မှု၊ စော်ကားမှုနှင့် အသရေဖျက်မှုတို့မှ အကာအကွယ်ပေးထားသည်။
  • ရာဇသတ်ကြီး ပုဒ်မ (၄၉၁) သည် မသန်စွမ်းသူများကို လျစ်လျူရှုခံရသည့်အဖြစ်မှ အကာအကွယ်ပေးရန်ဖြစ်ပြီး ပုဒ်မ (၃၆၁) သည် မသန်စွမ်းကလေးငယ်များအား ၎င်းတို့၏ အုပ်ထိန်းသူများထံမှ ခွင့်ပြုချက်မရဘဲ တရားမဝင် ဖယ်ရှား​ခေါ်ဆောင်သွားခြင်း မခံရစေရန် အကာအကွယ်ပေးထားသည်။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်​အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည်။

  • ပုဒ်မ ၅၊ ပုဒ်မ ၆ နှင့် အခန်း ၄ အရ တပ်မတော်အရာရှိများ၊ ရဲအရာရှိများနှင့် တရားရုံးအရာရှိများသည် တရားဥပဒေ၏ စည်းနှောင်မှုအရ လိုက်နာလုပ်ဆောင်ရသည့်အချိန်၌ လုပ်ရပ်တစ်ခုခုကို ကျူးလွန်မိသည့်အခါ သို့မဟုတ် ပြုလုပ်​သင့်သည်ဟု မိမိဘာသာယူဆပြီး လုပ်ဆောင်မိသည့်အခါ ၎င်းတို့အား အရေးမယူသင့်ဟု ဖော်ပြထားသည်။ ဤအချက်က ၎င်းတို့အနေဖြင့် လူနည်းစု အခွင့်အရေးများ​ကို ချိုးဖောက်နေသည့်တိုင်အောင် ၎င်းတို့ကို လွတ်ငြိမ်းခွင့်​ပေးထားသည်။
  • ဘာသာရေးဆွေးနွေးမှုအပါအဝင် လွတ်လပ်စွာ ထုတ်ဖော်​ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း​လှည့်လည်ခြင်းဆိုင်ရာ လွတ်လပ်ခွင့်များနှင့် ပတ်သက်၍ ကျယ်ပြန့်ရှုပ်ထွေးသော ကန့်သတ်ချက်များရှိသည်။ ထိုကန့်သတ်ချက်များသည် လူနည်းစုများအတွက် စောဒကများကို စုစည်းတိုင်ကြားရာ၌ ခက်ခဲစေနိုင်သည်။
  • တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများသည် လက်နက်ကိုင်အဖွဲ့အစည်းများသို့ ဝင်ရောက်မိပါက နိုင်ငံတော်ပုန်ကန်မှုဖြင့် စွပ်စွဲခံရနိုင်သည်။ (ပုဒ်မ ၁၂၁)
  • တိုင်းရင်းသားလူမျိုးများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများသည် အစိုးရနှင့် ပတ်သက်၍ အဆိုးမြင်​ရေးသားချက်များ သို့မဟုတ် အဆိုးမြင်ပြောဆိုမှုများကို ဖြန့်ဝေလျှင်ဖြစ်စေ၊ အစိုးရအား ထိပ်တိုက်ရင်ဆိုင်နေသော အုပ်စုဝင် ဖြစ်လာလျှင်ဖြစ်စေ၊ အစိုးရအပေါ် “အကြည်ညို​ပျက်စေမှု” နှင့် “သစ္စာဖောက်ဖျက်မှု” ဖြင့် တရားစွဲခံရ​နိုင်သည်။ (ပုဒ်မ ၁၂၄)
  • SOGIE လူနည်းစုဝင်များသည် “ဓမ္မတာနှင့် ဆန့်ကျင်သော” လိင်မှုကိစ္စကျူးလွန်မှုဖြင့် တရားစွဲဆိုခံရနိုင်သည် (ပုဒ်မ ၃၇၇)။
  • ပုဒ်မ ၃၇၅ သည် အမျိုးသမီးများကိုသာ အဓမ္မပြုကျင့်မှုမှ အကာအကွယ်ပေးထားသည်။ အဓမ္မပြုကျင့်ခံရသည့် အခြားလိင်ဝိသေသလက္ခဏာရှိသူများကိုမူ အကာအကွယ်​ပေးခြင်းမရှိပါ။
  • SOGIE လူနည်းစုဝင်များသည် အများပြည်သူပိုင်နေရာ​များတွင် အခြားသူများကို ‘စိတ်အနှောင့်အယှက်ပေး’ သည်ဟု ရှုမြင်ခံရပါက အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေမှုဖြင့် တရားစွဲဆိုခံရနိုင်သည် (ပုဒ်မ ၂၆၈ နှင့် ၂၉၁)။ ထိုကဲ့သို့သော စွပ်စွဲချက်များသည် လိင်တူချစ်ခင်စုံမက်သူများ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံး ချစ်ခင်စုံမက်သူများ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြုမူနေထိုင်သူများနှင့် ပတ်သက်၍ ကြောက်ရွံ့စိတ်လွန်ကဲမှု (homo-, bi- and transphobia) ကဲ့သို့သော သဘောထား​သေးသိမ်မှုများအပေါ် အခြေခံခြင်းကြောင့် ဖြစ်နိုင်သည်။
  • SOGIE လူနည်းစုဝင်များသည် ‘အကျင့်စာရိတ္တ ပျက်ပြား​သည့်’ သို့မဟုတ် စိတ်မခံသာသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု ယူဆရပါက မဖွယ်မရာပြုမှုဖြင့် တရားစွဲဆိုခံရနိုင်သည် (ပုဒ်မ ၂၉၂ နှင့် ၂၉၄)။ ဤစွပ်စွဲချက်များသည် လိင်တူချစ်ခင်စုံမက်သူများ၊ လိင်တူ​လိင်ကွဲနှစ်မျိုးစလုံး ချစ်ခင်စုံမက်သူများ၊ ဆန့်ကျင်ဘက်​လိင်ကဲ့သို့ ပြုမူနေထိုင်သူများနှင့် ပတ်သက်၍ ကြောက်ရွံ့စိတ်လွန်ကဲမှု (homo-, bi-, and transphoiba) အပေါ် အခြေခံနိုင်သည်။ ဤစွပ်စွဲချက်များသည် ၎င်းတို့အား လူနည်းစု SOGIE လိင်ဝိသေသလက္ခဏာများ၊ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများ​အပြင် LGBT အခွင့်အရေးများနှင့် ပတ်သက်၍ သတင်းအချက်အလက်၊ ပညာရေး သို့မဟုတ် အနုပညာ​ပစ္စည်းများ ဖြန့်ဝေခြင်းကို အတားအဆီးဖြစ်စေနိုင်သည်။
  • SOGIE လူနည်းစုဝင်များသည် လက်ထပ်ထိမ်းမြားခြင်း သို့မဟုတ် လက်ထပ်ထိမ်းမြားခြင်းကဲ့သို့သော အခမ်းအနားများ ပြုလုပ်သည်ဟူ၍လည်း စွပ်စွဲခံရနိုင်သည် (ပုဒ်မ ၄၉၆)။ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုသည် ရာဇသတ်ကြီးအရ သို့မဟုတ် မြန်မာနိုင်ငံ၏ အခြား​ဥပဒေများအရ တရားမဝင်ပေ။
  • ပုဒ်မ ၄၁၆ သည် “သူတစ်ပါး အယောင်ဆောင်၍ လိမ်လည်ခြင်း” ကို တားမြစ်ထားသည်ဖြစ်ရာ လိင်ပြောင်းလဲသူများသည် ထိုဥပဒေအရ မိမိကိုယ်ကို မမှန်မကန် ဖော်ပြသည်ဟု စွပ်စွဲခံရနိုင်သည်။

၁၉၀၈ ခုနှစ်၊ မတရားအသင်းများ အက်ဥပဒေ (၁၉၅၄ ခုနှစ်တွင် ပြင်ဆင်ခဲ့သည်)

သမ္မတအနေဖြင့် မတရားအသင်းများ အက်ဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီနေသော အသင်းအဖွဲ့များအား “မတရား” အသင်းများအဖြစ် ကြေညာပိုင်ခွင့်နှင့် မတရား​အသင်းများအား အရေးယူဆောင်ရွက်ရန် အဆိုပြုပိုင်ခွင့်ရှိသည်။ “မတရား” အသင်းဖြစ်ကြောင်း ကြေညာခံရနိုင်သည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည် -

  • ထိုအသင်းအဖွဲ့က “အကြမ်းဖက်မှု သို့မဟုတ် ခြိမ်းခြောက်မှုများဆိုင်ရာ လုပ်ရပ်များကို ကျူးလွန်ရန်” လူအများအား အားပေးအားမြှောက်ပြုလျှင်ဖြစ်စေ၊ ကူညီလျှင်ဖြစ်စေ သို့မဟုတ် အသင်းဝင်များက “ထိုကဲ့သို့သော လုပ်ရပ်များကို ပုံမှန်ကျူးလွန်နေကြလျှင်” ဖြစ်စေ (ပုဒ်မ ၁၅၊ ပုဒ်မ ၂ (က))။
  • အသင်းအဖွဲ့တစ်ခုသည် “တရားဥပဒေစိုးမိုးရေး” ကို ဆောင်ရွက်ရာတွင်ဖြစ်စေ၊ နိုင်ငံတော် “ငြိမ်ဝပ်ပိပြားရေး” ကို ထိန်းသိမ်းဆောင်ရွက်ရာတွင်ဖြစ်စေ ဝင်ရောက်စွက်ဖက်​သည်ဟု သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်​ရှိသည်ဟု နိုင်ငံတော်သမ္မတက ယုံကြည်ပါက (ပုဒ်မ ၁၆)။
  • အသင်းအဖွဲ့တစ်ခုသည် “အများပြည်သူ ငြိမ်းချမ်းရေးကို အန္တရာယ်ဖြစ်စေနိုင်သည်” ဟု နိုင်ငံတော်သမ္မတက ယုံကြည်လျှင် (ပုဒ်မ ၁၆)။

ဤဥပဒေတွင် ပါဝင်သည့် လူနည်းစုများဆိုင်ရာ လူ့အခွင့်အရေး​တစ်ရပ်မှာ -

  • လူနည်းစုများကို ဆန့်ကျင်သည့် သွေးထိုးလှုံ့ဆော်မှုနှင့် ဝါဒဖြန့်မှုတို့တွင် ပါဝင်သော အဖွဲ့အစည်းများအား အရေးယူတားမြစ်ရာတွင် ဤဥပဒေကို အသုံးပြုနိုင်သည်။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်​အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည် -

  • ဤဥပဒေအရ သမ္မတကို အကြွင်းမဲ့အခွင့်အာဏာများ ပေးအပ်ထားသည်။ ဤဥပဒေတွင် လူနည်းစုများ၏ လွတ်လပ်စွာ စည်းရုံးခွင့်ကို မတရားကန့်သတ်ချုပ်ချယ်မှု​များ ဖြစ်စေနိုင်သည့် ကျယ်ပြန့်ရှုပ်ထွေးသော စကားရပ်များလည်း ပါဝင်သည်။ တိုင်းရင်းသား၊ ဌာနေ​တိုင်းရင်းသားများနှင့် ဘာသာခြား လူနည်းစုများသည် ကန့်သတ်ချုပ်ချယ်မှုများ ခံရနိုင်ပြီး အထူးသဖြင့် မိမိတို့၏ တိုင်းရင်းသားအချို့မှာ လက်နက်ကိုင်အဖွဲ့အစည်းများကို ဖွဲ့စည်းထားသူများ ဖြစ်ပါက ထိုကဲ့သို့ ကန့်သတ်​ချုပ်ချယ်မှုများကို ချမှတ်ခံရနိုင်သည်။
  • ပုဒ်မ ၁၇ သည် လူတစ်ဦးတစ်ယောက်ချင်းစီက ပြုမူဆောင်ရွက်သော လုပ်ရပ်အမျိုးမျိုးကို တားမြစ်သည်။ ဥပမာဆိုရသော် “မတရား” အသင်းဝင်ဖြစ်ခြင်း၊ ထိုအသင်း၏ တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊ လုပ်ငန်းများကို စီမံခန့်ခွဲခြင်း သို့မဟုတ် ကူညီခြင်းနှင့် ထိုအသင်းအတွက် ရန်ပုံငွေလက်ခံခြင်း သို့မဟုတ် ကောက်ခံခြင်းတို့ကို တားမြစ်ထားသည်။ ပုဒ်မ ၁၇ (ဂ) တွင် “မတရား” အသင်းဝင်များနှင့် တွေ့ဆုံမေးမြန်းထားသည့် သတင်း​စာနယ်ဇင်းသမားများ၊ သုတေသီများနှင့် အခြား​ပုဂ္ဂိုလ်များကို ပစ်မှတ်ထား၍ ရနိုင်သည့် နယ်မြေ​ကျူးကျော်ခြင်းဆိုင်ရာ တားမြစ်ချက်ပါဝင်သည်။
  • ဥပဒေအရ အစိုးရသည် “မတရား” အသင်းတစ်သင်းထံမှ ယာဉ်များနှင့် အဆောက်အဦးများ ပိုင်ဆိုင်ခွင့်ကို သိမ်းယူ​နိုင်သည်။ အစိုးရအနေဖြင့် ထိုနေရာများမှ ပစ္စည်းဥစ္စာများ​ကို သိမ်းယူပြီး အချို့ကို ပြန်လည်ရောင်းချနိုင်ခွင့်လည်း ရှိသည်။ ဥပမာဆိုရသော် အစိုးရသည် တိုင်းရင်းသား​လက်နက်ကိုင် အဖွဲ့အစည်းများ၏ စခန်းများနှင့် ဘာသာခြား လူနည်းစုများ၏ ဝတ်ပြုရာနေရာများကို သိမ်းယူနိုင်သည်။
  • “မတရား” အသင်းတစ်သင်း၏ ငွေကို အစိုးရက သိမ်းယူ​နိုင်သည်။ ဤနည်းဖြင့် တိုင်းရင်းသားလက်နက်ကိုင်​အဖွဲ့များ သို့မဟုတ် ဘာသာခြားလူနည်းစုများ လက်ခံရရှိ​ထားသည့် လှူဒါန်းငွေများကို အစိုးရကသိမ်းယူနိုင်သည်။
  • “မတရား” အသင်းတစ်သင်းအတွက် ရည်ရွယ်ထားသည့် ရန်ပုံငွေကို ကိုင်ဆောင်ထားသူများအား နည်းအမျိုးမျိုးဖြင့် ကန့်သတ်ချုပ်ချယ်နိုင်သည်။ ဥပမာဆိုရသော် ၎င်းတို့အား ငွေပေးချေမှုဖြစ်စေ၊ ငွေလွှဲမှုဖြစ်စေ မပြုလုပ်ရန် အမိန့်ထုတ်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ နေအိမ်များကိုလည်း ရှာဖွေစစ်ဆေးနိုင်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် လူနည်းစုများနှင့် ပတ်သက်သော အဖွဲ့အစည်းအမျိုးမျိုး၏ ရန်ပုံငွေရရှိမှုအပေါ် သက်ရောက်နိုင်သည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

ဗြိတိသျှကိုလိုနီခေတ်တွင် ကျင့်သုံးခဲ့သော ဥပဒေများ၊ မူဝါဒများနှင့် စည်းမျဉ်းများကို မြန်မာနိုင်ငံတွင် ဆက်လက် အသုံးပြုသင့်သည်ဟု ထင်ပါသလား။ အဘယ်ကြောင့်နည်း။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ