၁.၂.၅

လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသလက္ခဏာဖော်ပြမှု (SOGIE) လူနည်းစုများ

အကြိုလေ့လာချက်

‘မွေးဖွားရာလိင်ဝိသေသ’ ‘လိင်ဝိသေသခံယူမှု’ ‘လိင်ဝိသေသလက္ခဏာ​ဖော်ပြမှု’ တို့အကြား မည်သို့ကွာခြားသနည်း။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ

SOGIE ဆိုသည်မှာ လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှု​နှင့် လိင်ဝိသေသလက္ခဏာဖော်ပြမှုတို့ကို ဆိုလိုသည်။ ဤစာအုပ်တွင် SOGIE လူနည်းစုများအပေါ် အလေးပေး​ဖော်ပြထားသည်။ ထိုလူနည်းစုသည် လူများစုနှင့် မတူညီသော လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသလက္ခဏာ ဖော်ပြမှုတို့ဖြင့် ရပ်တည်နေသူများကို ရည်ညွှန်းသည်။ ထိုလူမျိုးစုများကို တစ်ခါတစ်ရံတွင် ‘LGBT’ (အမျိုးသမီးလိင်တူချစ်သူ၊ အမျိုးသားလိင်တူချစ်သူ၊ လိင်တူ​လိင်ကွဲ နှစ်မျိုးစလုံးကို စိတ်ဝင်စားသူ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူ) နှင့် ‘LGBT အသိုက်အဝန်း’ အဖြစ် ရည်ညွှန်းလေ့ရှိသည်။

မွေးဖွားရာလိင်ဝိသေသလက္ခဏာသည် လူတစ်ဦးတစ်ယောက် မွေးဖွားလာစဉ်က ပါလာခဲ့သော ခန္ဓာကိုယ် အစိတ်အပိုင်းများ (လိင်အင်္ဂါဇာတ်များနှင့် မျိုးဆက်ပွားအင်္ဂါများ) နှင့် ခရိုမိုဇုမ်း​ပုံစံများပေါ် မူတည်သည်။ ကလေးတစ်ဦးကို ကျား၊ မ သို့မဟုတ် အင်တာဆက်စ် (intersex) (ကျား၊ မ လိင်အင်္ဂါ​နှစ်မျိုးစလုံးပါရှိသူ) အဖြစ် အုပ်စုခွဲနိုင်သည်။ ကျား၊ မ လိင်အင်္ဂါနှစ်မျိုးစလုံး ပါရှိသော ကလေးတွင် ကျားနှင့်မ နှစ်မျိုးစလုံးတွင်ရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ပါဝင်သည်။ သူတို့၏ ခရိုမိုဇုမ်းပုံစံသည် အခြားသော ကျား၊ မ ကလေးများတွင်ရှိသော ပုံစံနှင့် ကွဲပြားခြားနားနေသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ

လိင်စိတ်တိမ်းညွတ်မှု

လိင်စိတ်တိမ်းညွတ်မှုဆိုသည်မှာ လူတစ်ဦးတစ်ယောက်​အနေဖြင့် မည်သူ့အပေါ် စိတ်ဝင်စားပြီး မည်သူနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးထားရှိလိုသည်တို့ကို ဆိုလိုသည်။ ထိုအရာသည် လူသားတစ်ဦး၏ ပင်ကိုယ်စရိုက်လက္ခဏာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

လိင်မှုဆိုင်ရာ အလေ့အထများသည် လိင်စိတ်ရာဂကို နှိုးဆွ​ပေးရာတွင် သက်ရောက်မှုရှိသော လုပ်ဆောင်ချက်များဖြစ်သည်။ လိင်မှုဆိုင်ရာ အလေ့အထများကို လူတစ်ဦးတစ်ယောက်၏ လိင်စိတ်တိမ်းညွတ်မှုအဖြစ် အတိအကျ အဓိပ္ပာယ်သတ်မှတ်၍​မရပါ။ လိင်စိတ်တိမ်းညွတ်မှုသည် မိမိကိုယ်ကို သတ်မှတ်ဖော်ပြ​ခံယူချက်ဖြစ်ပြီး ထိုသူက မည်သည့်လိင်မှုဆိုင်ရာ အလေ့အထများကို ပြုကျင့်သည်နှင့် မသက်ဆိုင်ပါ။

အမျိုးသမီးချင်းချစ်ခင်စုံမက်သူ (Lesbian) သည် အမျိုးသမီး​တစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူထားပြီး အခြားအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု​ရှိသည်။

အမျိုးသားချင်းချစ်ခင်စုံမက်သူ (Gay) သည် အမျိုးသားတစ်ဦး​အဖြစ် မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူထားပြီး အခြား​အမျိုးသားများအပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုရှိသည်။ အချို့သော အမျိုးသမီးလိင်တူချစ်သူများသည်လည်း သူတို့ကိုယ်သူတို့ လိင်တူစိတ်ဝင်စားသူများ (Gay) ဟု ခေါ်ဝေါ်ကြသည်။

လိင်တူလိင်ကွဲနှစ်မျိုးလုံးအပေါ် ချစ်ခင်စုံမက်သူ (bisexual) သည် မွေးဖွားရာလိင်ဝိသေသလက္ခဏာ သို့မဟုတ် လိင်ဝိသေသ​ခံယူမှု နှစ်မျိုးစလုံးအပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုရှိသော မွေးဖွားရာလိင်ဝိသေသလက္ခဏာ တစ်မျိုးမျိုးရှိသည့် သို့မဟုတ် လိင်ဝိသေသခံယူမှုတစ်မျိုးမျိုးရှိသည့် လူပုဂ္ဂိုလ်ဖြစ်သည်။ ဥပမာဆိုရသော် အမျိုးသမီးတစ်ဦးသည် အမျိုးသားများအပြင် အခြားအမျိုးသမီးကိုလည်း လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စား​နိုင်သည်။ သို့မဟုတ် အမျိုးသားတစ်ဦးသည်လည်း အမျိုးသားများအပြင် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲ​ဝတ်ဆင်နေထိုင်သူများ (transgender) ကိုလည်း လိင်ပိုင်း​ဆိုင်ရာ စိတ်ဝင်စားနိုင်သည်။

လိင်ဝိသေသလက္ခဏာနှင့် လိင်ဝိသေသလက္ခဏာ​ဖော်ပြမှု

လိင်ဝိသေသခံယူမှုဆိုသည်မှာ လူသားများ၏ ပင်ကိုယ်စိတ်​တွင်း၌ ခိုင်မာသော ဆက်သွယ်မှုတစ်ခုရှိသည်ဟု လက်ခံထားသည့် နက်နဲစွာ စွဲမြဲနေသော သွင်ပြင်လက္ခဏာကို ဆိုလိုသည်။ လိင်ဝိသေသခံယူမှုသည် ထိုသူ၏ မွေးဖွားရာ​လိင်ဝိသေသလက္ခဏာနှင့် တူညီနေနိုင်သည်။ ဥပမာဆိုရသော် လူတစ်ဦးသည် အမျိုးသမီးလိင်အဖြစ် မွေးဖွားလာပြီး အရွယ်ရောက်ပါက အမျိုးသမီးတစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူထားနိုင်သည်။ လူအများစုတွင် မွေးဖွားရာ​လိင်ဝိသေသလက္ခဏာနှင့် တူညီသော လိင်ဝိသေသခံယူမှု​ရှိကြသည်။ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲပြုမူ​နေထိုင်သူများ (transgender) တွင် သူတို့၏ မွေးဖွားရာ​လိင်ဝိသေသလက္ခဏာနှင့် မတူညီသော လိင်ဝိသေသခံယူမှု​ရှိကြသည်။ လူတစ်ဦး၏ မိမိကိုယ်ကို သတ်မှတ်ဖော်ပြ​ခံယူချက်သည် ထိုသူတို့၏ လိင်ဝိသေသလက္ခဏာကို သတ်မှတ်ရန် အရေးပါသည်။ အချို့လူများကမူ သူတို့၏ လိင်ဝိသေသခံယူမှုအား ပွင့်လင်းစွာ ဖော်ပြခြင်း၊ ပြောပြခြင်း မပြုတတ်ကြပါ။

လိင်ဝိသေသလက္ခဏာ ဖော်ပြမှုသည် လူတစ်ဦးက မိမိ၏ လိင်ဝိသေသခံယူမှုကို ဖော်ပြပုံဖြစ်ပါသည်။ လူ့အဖွဲ့အစည်း​အတွင်း မည်သည့်အချက်များကို အမျိုးသားဆန်သည် (ကျား လိင်ဝိသေသခံယူမှုနှင့် သက်ဆိုင်သော)၊ မည်သည့်​အချက်များကို အမျိုးသမီးဆန်သည် (မ လိင်ဝိသေသခံယူမှုနှင့် သက်ဆိုင်သော) ဟု ယူဆသတ်မှတ်ကြကြောင်းနှင့် စပ်လျဉ်း၍ လူအများစုတွင် ထင်မြင်ယူဆချက်များစွာ ရှိနေသည်။ လူတစ်ဦးတစ်ယောက်၏ အမည်နာမနှင့် နာမ်စားရွေးချယ်မှု၊ စကားပြောသည့် ဟန်ပန်အမူအရာ၊ လက်ဟန် ခြေဟန်​အမူအရာ၊ ဆံပင်နှင့် အဝတ်အစားကဲ့သို့ အရာများတွင် ထိုသူ၏ လိင်ဝိသေသလက္ခဏာဖော်ပြမှုကို မြင်ရလေ့ရှိသည်။

Transgender ဆိုသည်မှာ ခြုံငုံဖော်ပြနိုင်သော ဝေါဟာရတစ်ခု​ဖြစ်သည်။ Transgender တစ်ဦးသည် ထိုသူ၏ ဇီ၀လိင်ဝိသေသ​လက္ခဏာနှင့် ပုံမှန်အားဖြင့် တွဲစပ်လေ့မရှိသော အဝတ်အစားများနှင့် အသုံးအဆောင်များအား ဝတ်ဆင်သည့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်သူ (transvestite) အဖြစ် မိမိကိုယ်ကို သတ်မှတ်ဖော်ပြနိုင်သည်။ Transgender တစ်ဦးသည် မိမိ၏ ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲရန် ဆေးကုသမှု စတင်ခံယူနေသူ/ခံယူဆဲသူ/ခံယူအောင်မြင်ပြီးသူ (transsexual) အဖြစ် မိမိကိုယ်ကို သတ်မှတ်ဖော်ပြနိုင်သည်။ Transsexual ဆိုသည်မှာ ၎င်း၏ လိင်ဝိသေသနှင့် ပိုမိုလိုက်လျောညီထွေဖြစ်အောင် ရုပ်ခန္ဓာကို ပြောင်းလဲသူ​ဖြစ်သည်။ ထိုသူတို့သည် ဟော်မုန်းအစားထိုးအကူအညီဖြင့်​ဖြစ်စေ၊ လိင်ခွဲစိတ်ပြောင်းလဲမှုဖြင့်ဖြစ်စေ ထိုသို့ပြောင်းလဲ​နိုင်သည်။ အချို့လူများသည် အမျိုးသမီးမှ အမျိုးသားအဖြစ် ပြောင်းလဲပြုမူနေထိုင်သူ (transmen) သို့မဟုတ် အမျိုးသားမှ အမျိုးသမီးအဖြစ် ပြောင်းလဲပြုမူနေထိုင်သူ (transwomen) ဟု မိမိကိုယ်ကို သတ်မှတ်ဖော်ပြနိုင်သည်။ သို့မဟုတ်ဘဲ ထိုသူတို့၏ လိင်ဝိသေသခံယူမှုကို အလေးပေး မဖော်ပြလိုပါက သာမန်အမျိုးသား သို့မဟုတ် အမျိုးသမီးအဖြစ် သတ်မှတ်ခံယူ​နိုင်သည်။ မိမိခန္ဓာကိုယ်တွင် ကျားမဝိသေသလက္ခဏာ ရောယှက်ဖော်ပြမှု အတိအကျမရှိသူ/ပြောင်းလဲနေသူ (transwomen) ဆိုသည်မှာ လိင်ဝိသေသခံယူမှုများစွာရှိပြီး အမျိုးမျိုးသော လိင်ဝိသေသလက္ခဏာ ဖော်ပြမှုများဖြင့် မိမိကိုယ်ကို ဖော်ပြသူများဖြစ်သည်။

ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူ အမျိုးအစားများစွာရှိပြီး ၎င်းတို့အားလုံးသည် လိင်စိတ်တိမ်းညွတ်မှုနှင့် မသက်ဆိုင်ဘဲ လိင်ဝိသေသခံယူမှုနှင့်သော်လည်းကောင်း၊ လိင်ဝိသေသ​လက္ခဏာ ဖော်ပြမှုနှင့်သော်လည်းကောင်း ဆက်စပ်နေသည့်​အချက်မှာ တူညီနေကြသည်။

လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသ​လက္ခဏာဖော်ပြမှု (SOGIE) လူနည်းစုတွင်လည်း အမျိုးအစား​များစွာ ရှိနေသည်။ ၎င်းတို့အားလုံး ထပ်တူညီသည့်အချက်မှာ အားလုံးသည် လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသလက္ခဏာ ဖော်ပြမှုတို့ ဆက်စပ်နေခြင်းနှင့် လူနည်းစုများအဖြစ် သတ်မှတ်ခံထားရခြင်းတို့ဖြစ်သည်။

ယုံတမ်းစကား သို့မဟုတ် လက်တွေ့ဖြစ်ရပ်မှန်

လုပ်ငန်း

လိင်ဝိသေသလက္ခဏာများအပြင် LGBT အသိုက်အဝန်းများ​နှင့် စပ်လျဉ်း၍ အများဆုံး တွေ့ရလေ့ရှိသော ယုံကြည်​လက်ခံမှုများစွာရှိသည်။ အောက်ဖော်ပြပါ အများဆုံး တွေ့ရလေ့ရှိသော ယုံကြည်လက်ခံမှုများကို ဖတ်ရှုပြီး သင့်အနေဖြင့် ယုံတမ်းစကား (မှား) သို့မဟုတ် လက်တွေ့ဖြစ်ရပ်မှန် (မှန်) ဟု ဖော်ပြပါ။

၁။ အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ စကားများကြသည်။

၂၊ အမျိုးသားများသည် အမျိုးသမီးများထက် ပြိုင်ဆိုင်လိုစိတ် ပိုမို ပြင်းထန်ကြသည်။

၃။ အမျိုးသမီးများနှင့် အမျိုးသားတို့တွင်ရှိသော စိတ်ခံစားချက် အဆင့်များမှာ တူညီကြသည်။

၄။ လိင်စိတ်တိမ်းညွတ်မှုကို ဖြစ်စေသည့် အကြောင်းရင်းကို မည်သူမျှ မသိကြပေ။

၅။ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံကို စောစီးစွာ ကြုံတွေ့ခြင်းများသည် လူရွယ်တစ်ဦး၏ လိင်စိတ်တိမ်းညွတ်မှုကို သက်သေပြနိုင်သည်။

၆။ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်​လက္ခဏာများနှင့် အပြုအမူများကို ကြည့်ရုံဖြင့် SOGIE လူနည်းစု အဖွဲ့ဝင်​တစ်ဦးဖြစ်ကြောင်း ပြောနိုင်သည်။

၇။ လိင်တူနှစ်ဦး၏ ဆက်ဆံရေး​တစ်ခုတွင် တစ်ဦးက ပုလ္လိင်​အဖြစ် သတ်မှတ်ပြီး တစ်ဦးကမူ ဣတ္ထိလိင်အဖြစ်သာ သတ်မှတ်​နေထိုင်ရသည်။

၈။ AIDS (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) သည် အမျိုးသား​လိင်တူ ချစ်သူများတွင်သာ ဖြစ်နိုင်သော ရောဂါဖြစ်သည်။

၉။ လူငယ်များသည် အသက် အလွန်ငယ်ရွယ်သေးသည့် အတွက် သူတို့၏ လိင်စိတ်​တိမ်းညွတ်မှု သို့မဟုတ် လိင်ဝိသေသခံယူမှုကို နားမလည်နိုင်ကြပါ။

၁၀။ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲပြုမူ နေထိုင်သူသည် လိင်တူချစ်ကြိုက်သူများနှင့် အတူတူပင်ဖြစ်သည်။

၁၁။ လိင်တူချစ်ကြိုက်ခြင်းသည် ဘ၀ရွေးချယ်မှုတစ်ခု​ဖြစ်သည်။

၁၂။ လိင်စိတ်တိမ်းညွတ်မှုကို ကုသ၍ရနိုင်သည်။

 

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. အများဆုံးတွေ့ရလေ့ရှိသော ယုံကြည်လက်ခံမှု အမျိုးအစား မည်မျှကို သင်အနေဖြင့် မှန်ကန်စွာ ဖော်ပြနိုင်ခဲ့သနည်း။ လိင်ဝိသေသလက္ခဏာများ၊ LGBT အသိုက်အဝန်းနှင့် ပတ်သက်၍ ယုံတမ်းစကားများကို အဘယ်ကြောင့် လူများက ယုံကြည်ပြီး ဖြန့်ဝေနေကြသနည်း။
  2. လိင်ဝိသေသလက္ခဏာနှင့် ပတ်သက်ပြီး သင် မည်သို့ သင်ယူခဲ့ရသနည်း။ ထိုလက္ခဏာများကို သင် မည်သို့​ဖော်ပြနိုင်သနည်း။

 

မြန်မာ့ရေးရာ
မြန်မာနိုင်ငံရှိ SOGIE လူနည်းစုများနှင့် အခေါ်အဝေါ်များ


ပြီးခဲ့သောနှစ်များအတွင်း မြန်မာနိုင်ငံ၌ LGBT အသိုက်အဝန်းအတွင်းနှင့် အသိုက်အဝန်းအတွက် အရေးဆိုမှုများ ပိုမိုများပြားလာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများသည် LGBT အသိုက်အဝန်းအတွင်း မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူရာတွင် အသင့်လျော်ဆုံးနှင့် လေးစားသမှုအရှိဆုံးဟု ယုံကြည်လက်ခံထားသော SOGIE အခေါ်အဝေါ်များကို သတ်မှတ်နိုင်ရန်​အလို့ငှာ အတူတကွ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ အဆိုပါကြိုးပမ်းမှုသည် မြန်မာနိုင်ငံ၊ မြန်မာဘာသာစကားနှင့် သက်ဆိုင်သော SOGIE အခေါ်အဝေါ်များကို အောင်မြင်စွာ စံသတ်မှတ်နိုင်ခဲ့သည်။ ဤစကားလုံးများသည် ၎င်းတို့ အဆိုပြုထားခဲ့သော အခေါ်အဝေါ်အချို့ ဖြစ်ပါသည် (CAN Organisation n.d.)။

English Burmese
Gender ဂျဲန်ဒါ
Gender Identity ကိုယ်ပိုင်လိင်ဝိသေသခံယူချက်
Gender Expression ကိုယ်ပိုင်လိင်ဝိသေသလက္ခဏာ ဖော်ပြချက်
Gender Role လိင်ဝိသေသ စံသတ်မှတ်ချက်
Gender Fluid (Person) မိမိခန္ဓာကိုယ်တွင် ကျားမဝိသေသလက္ခဏာ ရောယှက်ဖော်ပြမှု အတိအကျမရှိသူ/ပြောင်းလဲနေသူ
Transgender (Person) ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲပြုမူနေထိုင်သူ
Transsexual (Person) ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲရန် ဆေးကုသမှု စတင်ခံယူနေသူ/ခံယူဆဲသူ/ခံယူအောင်မြင်ပြီးသူ
Sexual Orientation လိင်စိတ်တိမ်းညွတ်မှု/လိင်ဝိသေသခံယူမှု/ဖော်ပြမှုနှင့် လိင်ဝိသေသလက္ခဏာ (ဆိုဂျီ)
Homosexuality လိင်ဝိသေသ (လက္ခဏာ) ဖော်ပြချက်နှင့် အမူအကျင့်တူညီသူချင်း ချစ်ခင်စုံမက်မှု (သို့) လိင်တူလိင်စိတ်တိမ်းညွတ်မှု
Bisexuality လိင်တူလိင်ကွဲနှစ်မျိုးလုံးအပေါ် ချစ်ခင်စုံမက်ခြင်း
Asexual (Person) လိင်စိတ်တိမ်းညွတ်မှု နည်းပါးခြင်း/ကင်းမဲ့သူ
Masculinity အမျိုးသားဆန်ခြင်း
Femininity အမျိုးသမီးဆန်ခြင်း
Sexual Orientation, Gender Identity, Expression, and Sex Characteristics လိင်စိတ်တိမ်းညွတ်မှု/လိင်ဝိသေသခံယူမှု/ဖော်ပြမှုနှင့် လိင်ဝိသေသလက္ခဏာ (ဆိုဂျီ)
LGBTI လိင်စိတ်/လိင်ဝိသေသလက္ခဏာ တိမ်းညွတ်ခံယူဖော်ပြမှု ကွဲပြားသူများ
Lesbian / Women who Have Sex with Women (WSW) အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ/အမျိုးသမီးချင်းကြိုက်သူ
Gay / Men who Have Sex with Men (MSM) အမျိုးသားချင်း ချစ်ခင်စုံမက်သူ/အမျိုးသားချင်းကြိုက်သူ
Intersex (person) အင်တာဆက်စ်
Cross-dresser အခြေအနေ အချိန်အခါအရ ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲဝတ်စားဆင်ယင်သူ

When referring to members of the LGBT community, it is important to use terms that the community finds respectful. It is additionally important to recognise each member’s right to self-identification. When in doubt, it can be appropriate to ask a member of the LGBT community what terms they would like to be used.

Activity

Imagine you work for an organisation that wants to start a campaign to educate others about these terms. What would you do in your campaign? Brainstorm activities you could do as part of the campaign.

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ