၃.၃

လူနည်းစုများနှင့် သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာဥပဒေများ

၃.၃.၁

လူနည်းစုများအတွက် လူ့အခွင့်အရေးဥပဒေများ


အကြိုလေ့လာချက်

လူနည်းစုများ၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် လူ့အခွင့်အရေးဥပဒေများကို သိရှိပါသလား။ သိရှိပါက မည်သည့် အခွင့်အရေးများကို သိရှိပါသနည်း။

အောက်ပါအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေများသည် ဤစာအုပ်တွင် ပါဝင်သော လူနည်းစု ၅ စုနှင့် ဆက်နွယ်နေသည့် လူနည်းစုအခွင့်အရေးများနှင့် သက်ဆိုင်ပါသည်။

  • တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများ
  • ကိုးကွယ်ယုံကြည်မှုပိုင်းဆိုင်ရာ လူနည်းစုများ
  • နိုင်ငံမဲ့ပုဂ္ဂိုလ်များ
  • မသန်စွမ်း ပုဂ္ဂိုလ်များ
  • လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသလက္ခဏာဖော်ပြမှု (SOGIE) ပိုင်းဆိုင်ရာ လူနည်းစုများ

အချို့ စာရွက်စာတမ်းများမှာ ကြေညာစာတမ်းများဖြစ်ပြီး အချို့မှာ သဘောတူစာချုပ်များ ဖြစ်ပါသည်။ ယင်းအခွင့်အရေးများကို အဆိုပါ စာရွက်စာတမ်းတစ်ခုတွင် တွေ့ရှိနိုင်သကဲ့သို့ အခြားစာတမ်းများတွင်လည်း တွေ့ရှိနိုင်ပါသည်။

ကုလသမဂ္ဂ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR, 1948)

၁၉၄၈ ခုနှစ်တွင် UDHR အား ပထမဦးဆုံးအကြိမ် အတည်ပြုလက်ခံကျင့်သုံးချိန်၌ ၎င်းကို ဥပဒေအရ စည်းနှောင်မှုမရှိသော ကြေညာစာတမ်းတစ်ခုအဖြစ် သတ်မှတ်ပြဌာန်းခဲ့ပါသည်။ ထိုအချိန်၌ ဘားမား (Burma) ဟု သိရှိကြသည့် မြန်မာနိုင်ငံသည် ဤကြေညာစာတမ်းကို အတည်ပြု လက်ခံကျင့်သုံးရေးအတွက် မဲထည့်ခဲ့ပါသည်။ ထိုအချိန်မှစ၍ UDHR ကို နိုင်ငံ့ဓလေ့ထုံးတမ်း ဥပဒေမှတစ်ဆင့် ဥပဒေကြောင်းအရ တရားဝင်တာဝန်ယူစေသော ကြေညာစာတမ်းအဖြစ် ဥပဒေပညာရှင်များနှင့် အစိုးရအဖွဲ့အစည်းများက လျင်မြန်စွာ ဘုံသဘောတူ အသိအမှတ်ပြု လက်ခံလာကြပါသည်။ဤကြေညာစာတမ်းတွင် ပါဝင်သော လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးများမှာ

  • အပိုဒ် ၂၊ ၇ နှင့် ၂၁ - လူသားအားလုံးသည် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှခံစားပိုင်ခွင့်နှင့် အစိုးရအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားပြုပါဝင်ခြင်း အပါအဝင် လူမျိုးနွယ်၊ အသားအရောင်၊ ကျား/မသဘာ၀၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ မူလနေထိုင်ရာ သို့မဟုတ် လူမှုအသိုင်းအဝိုင်း စသည်တို့အနက်မှ မည်သည့်အချက်ပေါ်မဆို မူတည်၍ ခွဲခြားဆက်ဆံခြင်းမရှိရ။
  • အပိုဒ် ၅ - နှိပ်စက်မှုနှင့် ရက်စက်မှု၊ လူသားမဆန်စွာ သို့မဟုတ် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေအောင် ဆက်ဆံမှုမှသော်လည်းကောင်း၊ အပြစ်ပေးမှုမှသော်လည်းကောင်း ကင်းလွတ်ခွင့်။
  • အပိုဒ် ၁၂ - ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်။
  • အပိုဒ် ၁၃ နှင့် ၁၅ - မိမိ၏နိုင်ငံ နယ်နိမိတ်အတွင်း၌ အခြေချနေထိုင်ခွင့်၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာပိုင်ခွင့်နှင့် နိုင်ငံသားအဖြစ် ခံယူခွင့်တို့ရှိသည်။
  • အပိုဒ် ၁၄ - နိုင်ငံရေးဖိနှိပ်မှုမှ ကင်းလွတ်ခွင့်။
  • အပိုဒ် ၁၆ - လွတ်လပ်စွာ လက်ထပ်ထိမ်းမြားပိုင်ခွင့်။
  • အပိုဒ် ၁၈ - လွတ်လပ်စွာ တွေးခေါ်ကြံဆပိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်ပိုင်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်ပိုင်ခွင့်။
  • အပိုဒ် ၂၀ - လွတ်လပ်အေးချမ်းစွာ စုဝေးပိုင်ခွင့်နှင့် ဖွဲ့စည်းပိုင်ခွင့်။
  • အပိုဒ် ၂၂၊ ၂၃ နှင့် ၂၅ - အလုပ်ခန့်ထားခံရပိုင်ခွင့်၊ မျှတသော လစာရပိုင်ခွင့်၊ လူမှုဖူလုံရေး ခံစားပိုင်ခွင့်နှင့် လူမှုဝန်ဆောင်မှုများ ရရှိပိုင်ခွင့်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO ယူနက်စကို) ပညာရေးနယ်ပယ်တွင် ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်ခြင်းဆိုင်ရာ သဘောတူညီချက် (CADE, 1960)

ယူနက်စကိုသည် ၁၉၆၀ ခုနှစ်တွင် CADE  ကို အတည်ပြုကျင့်သုံးခဲ့ပြီး ယင်းသည် ၁၉၆၂ ခုနှစ်တွင် အသက်ဝင်လာခဲ့သည်။ မြန်မာနိုင်ငံသည် CADE  တွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုလက်မှတ်ရေးထိုးထားခြင်း သို့မဟုတ် လက်ခံသဘောတူထားခြင်း မရှိသေးပါ။ ထို့ကြောင့် ဤသဘောတူစာချုပ်သည် မြန်မာနိုင်ငံအနေဖြင့် ဥပဒေအရ စည်းနှောင်မထားသော သဘောတူစာချုပ်ဖြစ်သည်။ ဤသဘောတူစာချုပ်တွင်ပါသည့် လူနည်းစုအုပ်များနှင့် သက်ဆိုင်သော လူ့အခွင့်အရေးအချို့မှာ - 

  • အပိုဒ် ၁ - လူမျိုးရေး၊ အသားအရောင်၊ ကျား^မသဘာ၀၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ စသည်တို့အနက်မှ မည်သည့်အချက်ပေါ်မဆို မူတည်၍ ခွဲခြားဆက်ဆံခြင်းမရှိရ။
  • အပိုဒ် ၃ - ကျောင်းအပ်နှံခြင်း၊ ကျောင်းတွင်းကျန်းမာရေး စောင့်ရှောက်မှု၊ ကျောင်းလခနှင့် ပညာတော်သင်စရိတ်တို့အပါအဝင် ပညာရေးတွင် ခွဲခြားဆက်ဆံခြင်းမရှိရ ထို့အပြင် ဦးစားပေး ဆက်ဆံခြင်းများလည်း မရှိရ။
  • အပိုဒ် ၅ - မိဘများနှင့် အုပ်ထိန်းသူများက မိမိတို့ သားသမီးငယ်များအတွက် ဘာသာရေးအခြေပြု ပညာရေးဖြင့် သင်ကြားပေးရန် ရွေးချယ်ပိုင်ခွင့်နှင့် လူနည်းစုများအနေဖြင့် မိမိတို့ကိုယ်ပိုင် ပညာရေးအား လွတ်လပ်စွာ သင်ကြားပေးပိုင်ခွင့်တို့အပါအဝင် ပညာရေးသင်ယူပိုင်ခွင့်။

နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR - 1966)

ICCPR ကို ၁၉၆၆ ခုနှစ်တွင် UNGA မှ အတည်ပြုကျင့်သုံးခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အသက်ဝင်လာခဲ့ပါသည်။ မြန်မာနိုင်ငံသည် ICCPR တွင် လက်မှတ်ရေးထိုးထားခြင်း သို့မဟုတ် အတည်ပြုလက်မှတ်ရေးထိုးထားခြင်း သို့မဟုတ် လက်ခံသဘောတူထားခြင်း မရှိသေးပါ။ ထို့ကြောင့် ဤသဘောတူစာချုပ်သည် မြန်မာနိုင်ငံအနေဖြင့် ဥပဒေအရ စည်းနှောင်မထားသော သဘောတူစာချုပ်ဖြစ်သည်။ UDHR တွင် ပါဝင်သော အပိုဒ်များစွာကို ICCPR တွင် ပြန်လည်ဖော်ပြထားပါသည်။ ဤသဘောတူစာချုပ်တွင်ပါသည့် လူနည်းစုများနှင့် သက်ဆိုင်သော လူ့အခွင့်အရေးအချို့မှာ - 

  • အပိုဒ် ၁ - နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ကိုယ်ပိုင်ပြဌာန်းခွင့်။
  • အပိုဒ် ၂၊ ၄၊ ၂၅ နှင့် ၂၆ - နိုင်ငံတော် အရေးပေါ်အခြေအနေနှင့် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှ အခွင့်အရေးရရှိရေး၊ အစိုးရအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခြင်းတို့ အပါအဝင် အဆိုပါကိစ္စရပ်များတွင် ခွဲခြားဆက်ဆံခြင်း မရှိစေရ။
  • အပိုဒ် ၆ နှင့် ၇ - အသက်ရှင်နေထိုင်ပိုင်ခွင့်၊ နှိပ်စက်မှုနှင့် ရက်စက်မှု၊ လူသားမဆန်စွာ သို့မဟုတ် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေအောင် ဆက်ဆံမှုမှသော်လည်းကောင်း၊ အပြစ်ပေးမှုမှသော်လည်းကောင်း ကင်းလွတ်ခွင့်။
  • အပိုဒ် ၁၄ နှင့် ၁၆ - တရားရုံးတွင်အသုံးပြုသော ဘာသာစကားကို နားမလည်ပါက စကားပြန်ငှားရမ်းရယူပိုင်ခွင့်နှင့် တရားဥပဒေရှေ့မှောက်၌ လူသားတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်း ခံရပိုင်ခွင့်အပါအဝင် ဥပဒေတရားရုံးများနှင့် ခုံရုံးများရှေ့မှောက်၌ လူတိုင်း တန်းတူအခွင့်အရေးရှိသည်။
  • အပိုဒ် ၁၂ နှင့် ၂၄ - မိမိ၏နိုင်ငံ နယ်နိမိတ်အတွင်း၌ အခြေချနေထိုင်ခွင့်၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာပိုင်ခွင့်နှင့် နိုင်ငံသားအဖြစ် ခံယူခွင့်တို့သာမက ကလေးများအတွက် မွေးစာရင်း မှတ်ပုံတင်စာရွက်လည်း ရပိုင်ခွင့်ရှိသည်။
  • အပိုဒ် ၁၇ - ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်။
  • အပိုဒ် ၁၈ - လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်ပိုင်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်။
  • အပိုဒ် ၂၀ - ဝါဒဖြန့်ခြင်းနှင့် သွေးထိုးလှုံ့ဆော်မှုတို့မှ အကာအကွယ်ပေးခံရပိုင်ခွင့်။
  • အပိုဒ် ၂၁ နှင့် ၂၂ - လွတ်လပ်စွာ စုဝေးနိုင်ခွင့်နှင့် သင်းပင်းဖွဲ့စည်းနိုင်ခွင့်။
  • အပိုဒ် ၂၃ - လွတ်လပ်စွာ လက်ထပ်ထိမ်းမြားပိုင်ခွင့်။
  • အပိုဒ် ၂၇ - လူမျိုးရေးအရ၊ ကိုးကွယ်ယုံကြည်မှုအရ၊ ဘာသာဗေဒအရ လူနည်းစုဖြစ်နေသာ လူမျိုးစုများအတွက် မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမှု၌ မွေ့လျော်ပိုင်ခွင့်၊ ကိုယ်ပိုင်ကိုးကွယ်ယုံကြည်မှု၌ သက်ဝင်ယုံကြည်ပိုင်ခွင့်၊ ကိုယ်ပိုင် ဘာသာစကားကို အသုံးပြုပိုင်ခွင့်။

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR - 1966)

ICESCR ကို ၁၉၆၆ ခုနှစ်တွင် UNGA  မှ အတည်ပြုကျင့်သုံးခဲ့ပြီး ယင်းသည် ၁၉၇၆ ခုနှစ်တွင် အသက်ဝင်လာခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ICESCR တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၎င်းကို သဘောတူလက်ခံခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း၌ ဤစာချုပ်သည် ဥပဒေအရ စည်းနှောင်ပြီး ဖြစ်သွားပါသည်။ UDHR တွင် ပါဝင်သော အပိုဒ်များစွာကို ICCPR  တွင် ပြန်လည်ဖော်ပြထားပါသည်။ ဤသဘောတူစာချုပ်တွင်ပါသည့် လူနည်းစုများနှင့် သက်ဆိုင်သော လူ့အခွင့်အရေးအချို့မှာ - 

  • အပိုဒ် ၁ - ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ ကိုယ်ပိုင်ရင်းမြစ်များကို အသုံးပြုပိုင်ခွင့်နှင့် ရှင်သန်ရပ်တည်ပိုင်ခွင့်။
  • အပိုဒ် ၂ - လူမျိုးရေး၊ အသားအရောင်၊ ကျား^မ သဘာ၀၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု စသည်တို့အနက်မှ မည်သည့်အချက်ပေါ်မျှ မူတည်ပြီး ခွဲခြားဆက်ဆံခြင်းမရှိရ။
  • အပိုဒ် ၆၊ ၇၊ ၉ နှင့် ၁၂ - အလုပ်ခန့်ထားခံရပိုင်ခွင့်၊ မျှတသော လစာရပိုင်ခွင့်၊ လူမှုဖူလုံရေး ခံစားပိုင်ခွင့်နှင့် လူမှုဝန်ဆောင်မှုများ ရရှိပိုင်ခွင့်။
  • အပိုဒ် ၁၀ - လွတ်လပ်စွာ လက်ထပ်ထိမ်းမြားပိုင်ခွင့်။
  • အပိုဒ် ၁၃ - မိဘများနှင့် အုပ်ထိန်းသူများမှ မိမိတို့ သားသမီးငယ်များအတွက် ဘာသာရေးအခြေပြုပညာရေးကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အပါအဝင် ပညာရေးသင်ယူပိုင်ခွင့်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) လူ့အခွင့်အရေး ကြေညာစာတမ်း (ASEAN Human Rights Declaration - 2012)

အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းကို ၂၀၁၂ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အတည်ပြုလက်ခံကျင့်သုံးခဲ့ပါသည်။ ဤကြေညာစာတမ်းတွင် UDHR ပါ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ (အပိုဒ် ၁၀ - ၂၅) နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ (အပိုဒ် ၂၆ - ၃၄) တို့ ပါဝင်ပါသည်။ အဆိုပါ ကြေညာစာတမ်းတွင် (အပိုဒ် ၃၅ - ၃၇) ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာ ခံစားပိုင်ခွင့်နှင့် (အပိုဒ် ၃၈) ငြိမ်းချမ်းရေး ခံစားပိုင်ခွင့်တို့လည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် ဤကြေညာစာတမ်းကို လက်မှတ်ရေးထိုးထားသော်လည်း ဥပဒေအရ စည်းနှောင်ထားခြင်းမရှိပါ။ ဤကြေညာစာတမ်းသည် လူနည်းစုများအတွက် အုပ်စုတစ်စုချင်းစီအလိုက် အခွင့်အရေးများကို ထပ်ဆောင်းထည့်သွင်းခြင်းမပြုဘဲ UDHR တွင် ဖော်ပြခဲ့သည့် အခွင့်အရေးများအား အားပေးထောက်ခံမှုပြုပါသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ