၃.၁.၄

နိုင်ငံ့လူ့အခွင့်အရေးဥပဒေ

အကြိုလေ့လာချက်

နိုင်ငံတော်အနေဖြင့် အဘယ်ကြောင့် မိမိကိုယ်ပိုင် နိုင်ငံ့လူ့အခွင့်အရေးဥပဒေကို ရေးဆွဲဖန်တီးသင့်သနည်း။

နိုင်ငံတော်အနေဖြင့် လူ့အခွင့်အရေးကို အာမခံချက်ပေးပြီး အားပေးမြှင့်တင်မည့် ကိုယ်ပိုင်နိုင်ငံ့ဥပဒေများကို ရေးဆွဲဖန်တီးနိုင်ပါသည်။ ဤဥပဒေများသည် သီးခြားရပ်တည်နိုင်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကိုလည်း ဖြည့်စွက်ထောက်ကူပေးနေခြင်း ဖြစ်နိုင်သည်။ ဥပမာဆိုရလျှင် နိုင်ငံတော်သည် လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် အခြားနိုင်ငံ့ဥပဒေများတွင်လည်း ပြဌာန်းနိုင်ပါသည်။ နိုင်ငံတော်သည် နိုင်ငံသားများ၏ တာဝန်များကိုလည်း သတ်မှတ်နိုင်သည်။ လူပုဂ္ဂိုလ်များသည် အခွင့်အရေး ရပိုင်ခွင့်ရှိသူများဖြစ်ပြီး၊ အစိုးရများသည် တာဝန်ရှိပုဂ္ဂိုလ်များ ဖြစ်နေသည့်တိုင် လူပုဂ္ဂိုလ်များအနေဖြင့် အခြားသူများ၏ အခွင့်အရေးကို မချိုးဖောက်ရမည့် စာရိတ္တပိုင်းဆိုင်ရာ တာဝန်ရှိပါသည်။ အကြောင်းမှာ ၎င်းတို့ကိုယ်တိုင်လည်း ၎င်းတို့ အခွင့်အရေး ချိုးဖောက်ခံရသည့်အဖြစ်ကို လိုလားမည် မဟုတ်သောကြောင့် ဖြစ်ပါသည်။

ဤတာဝန်များနှင့် အခွင့်အရေးများသည် နိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေ သို့မဟုတ် သဘောတူစာချုပ်များတွင် ဖော်ပြထားခြင်းမရှိဘဲ ဖြစ်နေတတ်ပါသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိကိုယ်ပိုင် လူ့အခွင့်အရေးဥပဒေများကို ပြဌာန်းကျင့်သုံးလိုသည့် အကြောင်းပြချက်တစ်ခုမှာ ၎င်းအတွက် အကျုံးဝင်သည့် အခြားသော အခွင့်အရေးများကို ၎င်းအနေဖြင့် အသိအမှတ်ပြုသော်လည်း အခြားသောနိုင်ငံများတွင် အသိအမှတ် မပြုထားခြင်းကြောင့် ဖြစ်နိုင်ပါသည်။

နောက်ထပ် အကြောင်းပြချက်တစ်ခုမှာ သီးခြားအခွင့်အရေးများ ရရှိခံစားသင့်သည့် လူအုပ်စုတစ်စုကို နိုင်ငံအနေဖြင့် အသိအမှတ်ပြုသော်လည်း အခြားသော နိုင်ငံများကမူ ယင်းအုပ်စု၏ အခွင့်အရေးကို အသိအမှတ်မပြုကြသောကြောင့်ဖြစ်သည်။ ဥပမာဆိုရသော် နိုင်ငံတစ်နိုင်ငံသည် မိမိတို့နိုင်ငံတွင် နေထိုင်သော်လည်း တရားဝင်နိုင်ငံသားမဟုတ်ကြသူများအတွက် လိုအပ်သော အခွင့်အရေးများပေးနိုင်ပါသည်။ နိုင်ငံ့လူ့အခွင့်အရေး ဥပဒေများအား ဖန်တီးခြင်း၊ အသက်ဝင်စေခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းတို့သည် နိုင်ငံတစ်ခုတွင် ကျင့်သုံးသည့် အစိုးရစနစ်ပေါ်တွင် မူတည်ပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

၁။  အခွင့်အရေး ရပိုင်ခွင့်ရှိသူများအနေဖြင့် အခွင့်အရေးများ ရပိုင်ခွင့်ရှိရန်အတွက် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန်လိုသည်ဟု ထင်ပါသလား။

၂။  လူ့အခွင့်အရေးအတွက် အာမခံချက်ပေးရန် အဘယ့်ကြောင့် တာဝန်ရှိသူများဖြစ်သည့် နိုင်ငံများတွင် အဓိက တာဝန်ရှိပြီး အခွင့်အရေးရပိုင်ခွင့်ရှိသူ လူတစ်ဦးတစ်ယောက်ချင်းစီတွင် တာဝန်မရှိရပါသနည်း။


သင်တန်းဆရာမှတ်စုများ

လူသားများသည် လူ့အခွင့်အရေးရရှိရမည်မှာ မွေးရာပါသတ်မှတ်ချက်ဖြစ်ကြောင်း မှတ်သားထားပါ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ သူတို့သည် အခွင့်အရေးများ ရရှိရန်အလို့ငှာ တာဝန်များ ထမ်းဆောင်ရမည့် တရားဝင်ဝတ္တရား မရှိပါ။

နိုင်ငံများသည် စာရိတ္တနောက်ခံကို အခြေပြု၍ ဥပဒေများမှတစ်ဆင့် အကျိုးသက်ရောက်စေကာ တရားဝင်နိုင်ငံသားများအပေါ် တာဝန်များ ချမှတ်နိုင်သည်။ ဥပမာအားဖြင့် အချို့နိုင်ငံများက တရားဝင်နိုင်ငံသားများအား အချိန်ကာလတစ်ခုအတွက် စစ်မှုထမ်းရန် လိုအပ်ပြီး ထိုသို့မပြုလုပ်ပါက ဒဏ်ငွေကောက်ခံခြင်းဖြစ်စေ၊ အကျဉ်းချထားခြင်းဖြစ်စေ စသည်ဖြင့် တရားဥပဒေအရ အပြစ်ပေးနိုင်သည်။ စစ်မှုမထမ်းမနေရတာဝန်သည် မိမိနိုင်ငံ့တာဝန်ကို ထမ်းဆောင်ရန်နှင့် နိုင်ငံကိုကာကွယ်ရန် လိုအပ်မှုကို ကိုယ်တိုင်သိနားလည်မှုကဲ့သို့ စာရိတ္တနောက်ခံများအပေါ် မူတည်နေနိုင်သည်။

သို့သော်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ လူ့အခွင့်အရေးများ ရရှိစေရန်မှာ တာဝန်အပြည့်အဝရှိသူများမှာ နိုင်ငံများဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေမူဘောင်ကို ကမ္ဘာစစ်နှစ်ခုနှင့် အလွန်ကြမ်းကြုတ်ရက်စက်သော ရာဇဝတ်မှုများ များစွာဖြစ်ပွားခဲ့ရပြီးနောက်တွင် စတင်ရေးဆွဲခဲ့သည့်အတွက် နေရာအရပ်ရပ်မှ လူသားများသည် အမြဲတမ်း အကာအကွယ်ပေးခံကြရပြီး အခွင့်အရေးများ ရရှိစေရန်မှာ အရေးကြီးသည်ဟု သတ်မှတ်ထားကြသောကြောင့်ဖြစ်သည်။ နိုင်ငံများသည် အစိုးရများမှတစ်ဆင့် သူတို့၏ နိုင်ငံသားများနှင့် အခြားနိုင်ငံမှ နိုင်ငံသားများကို ဖိနှိပ်ချုပ်ချယ်ခြင်းမပြုလုပ်ဘဲ အဆိုပါ ရည်ရွယ်ချက်များအတွက် သူတို့၏ ရင်းမြစ်များကို အသုံးပြုသင့်သည်ဟုလည်း ယုံကြည်ကြသည်။

လူသားတိုင်း အမြဲတမ်း လူ့အခွင့်အရေး ရရှိနိုင်ရန်အတွက် လုံလောက်သော ရင်းမြစ်များကို လက်လှမ်းမီ ရယူသုံးစွဲခွင့်ရရန်မှာ သာမန်လူများအတွက် ယနေ့တိုင်ခက်ခဲနေပါသေးသည်။ လူ့အခွင့်အရေးများ ရရှိကြရန်အတွက် အဓိကတာဝန်ရှိသူအဖြစ် နိုင်ငံများအား သတ်မှတ်လိုက်ခြင်းသည် နိုင်ငံအသီးသီးတွင် လူ့အခွင့်အရေးများ ကာကွယ်ရေးနှင့် မြှင့်တင်ရေးတို့ကို တန်းတူဖြစ်စေရန်၊ နှိုင်းယှဉ်လုပ်ဆောင်ရန်နှင့် ခိုင်မာစေရန် ပိုမိုလွယ်ကူလာနိုင်ပါသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ