၆.၃

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အမျိုးသားဥပဒေများ

အကြိုလေ့လာချက်

1။ အမျိုးသားပညာရေးဥပဒေတွင် ပါဝင်နိုင်သော လူမှုရေးဆိုင်ရာ အခွင့်အရေးများနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို ဖော်ပြပါ။

2။ မျိုးစောင့်ဥပဒေလေးရပ်မှာ အဘယ်နည်း။ ယင်းတို့နှင့် စပ်လျဉ်း၍ သင်သိရှိထားသော အရာများကို ဖော်ပြပါ။

3။ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေတွင် မသန်စွမ်းသူများအတွက် မည်သည့် အခွင့်အရေးများ ပါရှိသည်ဟု ထင်သနည်း။

4။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ “တိုင်းရင်းသားလူမျိုးစု” ကို မည်သို့ အဓိပ္ပာယ် ဖွင့်ဆိုထားသည်ဟု ထင်ပါသနည်း။

၂၀၁၄ ခုနှစ်၊ အမျိုးသားပညာရေး ဥပဒေ (၂၀၁၅ ခုနှစ်တွင် ပြင်ဆင်ခဲ့သည်)

ဤဥပဒေ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံပညာရေးကို တိုးတက်စေရန်ဖြစ်သည်။ ဤဥပဒေတွင် ပညာရေးကို လက်လှမ်းမီရယူနိုင်ခြင်း၊ အရည်အသွေးနှင့် လူတိုင်းအကျုံးဝင် ပါဝင်နိုင်ခြင်း စသည်တို့ပါဝင်သည်။ ဤဥပဒေ၏ အခန်း (၁) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး အခန်း (၅)၊ အမျိုးသားပညာရေးစနစ်တွင် ရှင်းလင်းဖော်ပြထားသည့် ပညာရေးအမျိုးအစား အမျိုးမျိုးကို အသိအမှတ်ပြု လွှမ်းခြုံဖော်ပြထားသည်။ ဤဥပဒေပါ ရည်မှန်းချက်များနှင့် အခြေခံမူများကို ကြီးကြပ်ရန် တာဝန်ရှိသည့် အမျိုးသားပညာရေးကော်မရှင်ကို ဖွဲ့စည်းရန်ကိုလည်း ဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည်။ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ ပုဂ္ဂလိကကျောင်းပညာရေး၊ နည်းပညာ၊ သက်မွေးပညာ/လေ့ကျင့်သင်ကြားရေးများနှင့် ဆက်နွယ်နေသည့် နည်းဥပဒေများကလည်း အမျိုးသား ပညာရေးဥပဒေကို အထောက်အကူပြုပေးသည်။ ဤဥပဒေတွင် ပါဝင်သည့် လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးအချို့မှာ -

  • ဤဥပဒေတွင် အမျိုးသားပညာရေးကို “နိုင်ငံတော်ရှိ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသောကြောင့် တိုင်းရင်းသား လူနည်းစုအားလုံး ပါဝင်သည်။ ထိုအချက်နှင့် စပ်လျဉ်း၍ ဥပဒေတွင် ဆရာများသည် “တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာအစဉ်အလာနှင့် သမိုင်းအမွေအနှစ်များ” ကို တန်ဖိုးထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
  • ဥပဒေတွင် ပညာရေးဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့်အတူ “တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ရိုးရာအစဉ်အလာများကို မြှင့်တင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် တက္ကသိုလ်များတွင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းကြောင်းများနှင့် ပတ်သက်၍ ဘာသာရပ်များ/အထူးပြုဘာသာရပ် စတင်သင်ကြား ပေးနိုင်ရန် ကူညီရမည်” ဖြစ်ကြောင်း ဖော်ပြထားသည်။
  • ညွှန်ကြားချက်များပေးရန်အတွက် မြန်မာစာနှင့် အင်္ဂလိပ်စာတို့ကိုသာ အဓိကဘာသာစကားနှစ်ခုအဖြစ် အသိအမှတ်ပြုသည်။ သို့သော် ပုဒ်မ ၄၃ အရ ဘာသာစကားမျိုးစုံအသုံးပြု ပညာရေးတွင် သင်ကြားသကဲ့သို့ပင် အခြေခံပညာရေးအဆင့်၌ တိုင်းရင်းသား လူနည်းစု ဘာသာစကားများကို မြန်မာဘာသာစကားနှင့် ယှဉ်တွဲ၍ အသုံးပြုခွင့်ပြုထားသည်။
  • ပုဒ်မ ၄၄ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် မူလတန်းအဆင့်မှစတင်၍ တိုင်းရင်းသား လူနည်းစု ဘာသာစကားနှင့် စာပေသင်တန်းများကို စတင်ထည့်သွင်းရေးဆွဲနိုင်ရန် ခွင့်ပြုထားသည်။
  • ပုဒ်မ ၃၆ တွင် မသန်စွမ်းသူများအတွက် အထူးပညာရေး အစီအစဉ်များဖြင့် စာသင်ကျောင်းများ တည်ထောင်သွားမည်ဖြစ်ကြောင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် မသန်စွမ်းသူများအတွက် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ရန် ခွင့်ပြုထားသည်။
  • ပုဒ်မ ၄၁ (ခ) အရ အထူးပညာရေးအစီအစဉ်များတွင် မသန်စွမ်းသူများအတွက် “သင်ရိုးညွှန်းတမ်းများ” ကို ပြဌာန်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည်။
  • ဥပဒေသည် တိုင်းရင်းသားကို ရည်ညွှန်းပြီး တိုင်းရင်းသားအဖြစ် သတ်မှတ်ထားခြင်းမရှိသည့် တိုင်းရင်းသားလူနည်းစုများကို ဖယ်ထုတ်ထားသည်။
  • ဥပဒေတွင် တရားဝင်နိုင်ငံသားဖြစ်ထားခြင်း မရှိသူများအတွက် မည်သည့်ပညာရေးဝန်ဆောင်မှုကိုမှ ဖော်ပြထားခြင်းမရှိပါ။
  • ဤဥပဒေသည် တိုင်းရင်းသားလူနည်းစုများ စီမံခန့်ခွဲသည့် နိုင်ငံပိုင်မဟုတ်သော ပညာရေးစနစ်များကို အသိအမှတ်မပြုပါ။ တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသားများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ပညာရေးစနစ်ရှိပိုင်ခွင့်ကိုလည်း အသိအမှတ်မပြုပါ။ ထို့ကြောင့် “တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ရိုးရာအစဉ်အလာများ” ကို နိုင်ငံတော်အစိုးရကသာ ထိန်းကွပ်မှုပြုထားသည်။
  • ဤဥပဒေသည် မသန်စွမ်းသူများအတွက် အထူးပညာရေး အစီအစဉ်များကို တည်ထောင်သွားရန် အလေးပေးပြီး ၎င်းတို့ကို ပုံမှန်ကျောင်းအစီအစဉ်များတွင် ပါဝင်ရန် အတိအလင်း အားပေးထားခြင်း မရှိပါ။
  • အခန်း (၁) တွင် ဖော်ပြထားသည့် “ကျောင်းပြင်ပပညာရေး” နှင့် “ရပ်ရွာအခြေပြုပညာရေး” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် တိကျရေရာမှုမရှိချေ။ ၎င်းသည် “ကျောင်းပြင်ပ ပညာရေး” နှင့် “ရပ်ရွာအခြေပြုပညာရေး” ဟု ခေါ်လေ့ရှိသည့် လူနည်းစုများ ပို့ချပြီး ၎င်းတို့ကိုယ်တိုင်လည်း လက်ခံရရှိသည့် ပညာရေးဝန်ဆောင်မှုများကို အကျိုးသက်ရောက်စေနိုင်သည်။

၂၀၁၄ - ၂၀၁၅ ခုနှစ်၊ မျိုးစောင့်ဥပဒေများ

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော အမျိုးသားတို့၏ ထိမ်းမြားခြင်းနှင့် စပ်လျဉ်း၍ ဤဥပဒေကို ပြဌာန်းထားသည်။ ဤဥပဒေတွင် ပါဝင်သည့် လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးအချို့မှာ -

  • ဤဥပဒေသည် ထိမ်းမြားခြင်းများကို တရားဝင် မှတ်ပုံတင်ထားကြောင်း သေချာစေရန် အထောက်အကူပြုသည်။
  • ဤဥပဒေသည် အတင်းအဓမ္မ ဘာသာရေး ကူးပြောင်းခိုင်းခြင်းမှ အကာအကွယ်ပေးနိုင်သည်။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည်။

  • ဤဥပဒေတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် အခြားဘာသာဝင် အမျိုးသားများအကြား ဘာသာခြား လက်ထပ်မှုတွင် အတင်းအဓမ္မသိမ်းသွင်းခြင်း သို့မဟုတ် သဘောမတူဘဲ ဘာသာပြောင်းရခြင်းတို့ကဲ့သော အခြေအနေမျိုး ကြုံရနိုင်ခြေများသည်ဟု ကောက်ချက်ချထားသည်။ ဤသို့ကောက်ချက်ချခြင်းမှာ ဒဏ်ငွေနှင့် ထောင်ဒဏ်တို့အပါအဝင် ဤဥပဒေအရ ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော အမျိုးသားများအား ပစ်မှတ်ထားသည့် ခွဲခြားဆက်ဆံမှုရှိသည်ဟူသည့် ယူဆချက်ဖြစ်သည်။
  • မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် အတူတကွနေထိုင်သည့် ဗုဒ္ဓဘာသာဝင် မဟုတ်သော အမျိုးသားများသည် ဤဥပဒေအရ လက်ထပ်ထိမ်းမြားထားသည်ဟု ယူဆပြီး ထိမ်းမြားထားသည့် လင်မယားအဖြစ် မှတ်ပုံတင်ရန် လိုအပ်သည်။ ဤစည်းကမ်းချက်သည် ဘာသာခြား လင်မယားများ၏ ထိမ်းမြားခြင်းမရှိဘဲ အတူတကွ နေထိုင်ခွင့်ကို ကန့်သတ်ထားသည်။
  • မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော အမျိုးသားတို့၏ ဘာသာခြားထိမ်းမြားမှုကို အများပြည်သူသိရှိစေရန်နှင့် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ရန် ခွင့်ပြုထားသည်။ အကယ်၍ ကန့်ကွက်မှုတစ်ခုခုရှိပါက တရားရုံးသည် လက်ထပ်ထိမ်းမြားမှုဆိုင်ရာ စံနှုန်းများ ပြည့်စုံခြင်းရှိမရှိကို စုံစမ်းစစ်ဆေးမည်။ တရားရုံး၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည် (ပုဒ်မ ၁၈ (ဃ))။ ဆိုလိုသည်မှာ ဘာသာခြား လင်မယားများအနေဖြင့် အယူခံဝင်ခွင့် မရှိပါ။
  • ပုဒ်မ (၂၄) တွင် ဗုဒ္ဓဘာသာဝင်မဟုတ်သော ခင်ပွန်းသည် အနေဖြင့် မြန်မာဗုဒ္ဓဘာသာဝင် ဇနီးမယားနှင့် ထိမ်းမြားရာတွင် လိုက်နာရန် လိုအပ်သည့် စည်းမျဉ်းများကို ဖော်ပြထားသည်။ ဥပမာဆိုရသော် သူသည် ဇနီးမယားဖြစ်သူအား သူမ၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ကျင့်ကြံခွင့်ပြုရန် လိုအပ်သည်။ သို့သော် သူသည် မိမိ၏ ကိုယ်ပိုင်ယုံကြည်မှုကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် ကျင့်ကြံခွင့်ကို အလိုအလျောက် ရရှိမည်မဟုတ်ပါ။ ဤဥပဒေတွင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်များအား “ကဲ့ရဲ့ရှုတ်ချခြင်း” ကို တားမြစ်ချက်များ ပါဝင်နေပြီး ထိုတားမြစ်ချက်များမှာ ယေဘုယျအားဖြင့် ကျယ်ပြန့်ရှုပ်ထွေးနေသည်။
  • မြန်မာဗုဒ္ဓဘာသာဝင် ဇနီးတစ်ဦးသည် သူမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော ခင်ပွန်းသည်နှင့် ကွာရှင်းပါက ထိုအမျိုးသားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော အစုကို စွန့်လွှတ်ကာ မိန်းမအား ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးပေးရမည်။ မိန်းမသည် သားသမီးအားလုံး အုပ်ထိန်းခွင့်ကို ရရှိရမည်ဖြစ်ပြီး ကွာရှင်းထားသော လင်ယောက်ျားသည် သူတို့အတွက် ထိန်းသိမ်းစရိတ်ပေးရမည်။ ဤစည်းမျဉ်းများသည် ဗုဒ္ဓဘာသာမဟုတ်သော ခင်ပွန်းသည်များထက် မြန်မာဗုဒ္ဓဘာသာဝင်ဇနီးများအားဘက်လိုက်ဦးစားပေးသည်။ 

၂၀၁၄ ခုနှစ်တွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြဌာန်းခဲ့သည်။ ဤဥပဒေအရ အိမ်ထောင်ဖက်တစ်ဦးထက်ပို၍ ယူခြင်းကို တရားမဝင်ကြောင်း သတ်မှတ်သည်။ ဤဥပဒေအရ အိမ်ထောင်ရေးဖောက်ပြန်မှုများကိုလည်း တားမြစ်သည်။ 

ဤဥပဒေတွင် ပါဝင်သည့် လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးတစ်ခုမှာ -

  • ဥပဒေအရ အိမ်ထောင်ဖက် တစ်ဦးထက်ပို၍ လက်ထပ်ထိမ်းမြားထားပြီး ထိုအိမ်ထောင်ဖက်သည် ၂၀၁၄ခုနှစ် မတိုင်မီ လက်ထပ်ထိမ်းမြားပြီးသူဖြစ်ပါက ထိုထိမ်းမြားခြင်းကို အသိအမှတ်ပြုသဖြင့် ပြစ်မှုမမြောက်ပါ။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည်။-

  • ၂၀၁၄ ခုနှစ်နောက်ပိုင်း လက်ထပ်ထိမ်းမြားမှုသည် အိမ်ထောင်ဖက်တစ်ဦးထက်ပိုပါက တရားမဝင်ဟု မှတ်ယူနိုင်သည်။ အိမ်ထောင်ဖက်တစ်ဦးထက်ပို၍ ယူသောစနစ်ကို မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်အထိ ခွင့်ပြုထားပြီး လူနည်းစုဘာသာရေးများက တစ်ခါတစ်ရံတွင် ကျင့်သုံးခဲ့ကြသည်။
  • အိမ်ထောင်ဖက်တစ်ဦးထက်ပို၍ တရားမဝင် လက်ထပ်ပေါင်းသင်းသည့်အပြစ်ရှိကြောင်း တွေ့ရှိသူ မည်သူမဆိုသည် သူတို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများကို ဆုံးရှုံးရမည်။ ဒုတိယအိမ်ထောင်ဖက်သည် အမွေဆက်ခံပိုင်ခွင့် မရှိပါ၊ နှစ်ကြိမ်လက်ထပ်ဖူးသူသည် ဒုတိယအိမ်ထောင်ဖက်ထံမှ မည်သည့်အရာကိုမျှ အမွေဆက်ခံ၍ မရပါ။

လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ဤဥပဒေသည် “ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်မည့်ဒေသများ” သတ်မှတ်ရန် ရည်ရွယ်ပြီး ထိုဒေသများတွင် လူဦးရေအားလုံးကို ထိန်းညှိရန်နှင့် ပြည်သူ့ကျန်းမာရေး အခြေအနေ တိုးတက်စေရန်အတွက် အထူးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်သည်။

ဤဥပဒေတွင် ပါဝင်သည့် လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးတစ်ခုမှာ -

  • ဤဥပဒေသည် လူနည်းစုများအတွက် အကျိုးရှိစေမည့် ရည်မှန်းချက်များကို မြှင့်တင်ရန် ရည်ရွယ်သည်။

ထိုရည်မှန်းချက်များကို “ဆင်းရဲနွမ်းပါးမှု လျော့ကျပြီး လူနေမှုဘ၀မြင့်မားစေရေးအတွက် အထောက်အကူပြုနိုင်ရန်”၊ “အရည်အသွေး ပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ ရရှိစေရန်” နှင့် “မိခင်နှင့် ကလေးများ၏ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေရေး” စသည့် ကျယ်ပြန့်ရှုပ်ထွေးသော စကားလုံးများ ပါဝင်သည် (ပုဒ်မ ၃)။ 

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည်။

  • ဤဥပဒေသည် ရှင်းလင်းတိကျမှုမရှိသကဲ့သို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအနေဖြင့် “ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်မည့် ဒေသများ” ဖြစ်သင့်၊ မဖြစ်သင့် ချိန်ညှိရန်အတွက် လူမှု - စီးပွားရေးညွှန်းကိန်းများအား အသုံးပြုပုံကို ရှင်းလင်းစွာ ဖော်ပြမထားပါ။ ထို့ကြောင့် လူနည်းစုဝင်များနေထိုင်သည့် ဒေသများတွင် ထိုဥပဒေကို မတရားသော နည်းလမ်းဖြင့် အသုံးပြုနိုင်သည်။
  • ဤဥပဒေသည် လိင်နှင့် မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများ၊ လူနည်းစုများ အပါအဝင် ဦးတည်အုပ်စုများ၏

ပုဂ္ဂိုလ်ရေးအခွင့်အရေးနှင့် အခြားအခွင့်အရေးများနှင့် ပတ်သက်၍ ကျယ်ပြန့်သော ကန့်သတ်ချုပ်ချယ်မှုများနှင့် ချိုးဖောက်မှုများကို ဖြစ်ပွားစေသည်။ တိုင်းဒေသကြီးအဆင့် သို့မဟုတ် ပြည်နယ်အဆင့် အကောင်အထည်ဖော်သူများသည် “ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမည့်သူများ” အတွက် စည်းမျဉ်းများကို သတ်မှတ်ခွင့်ရှိသည်။ “ကျန်းမာရေးစောင့်ရှောက်မှု” ကို “လုံခြုံစိတ်ချရသော လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ၎င်းတွင် “သားဆက်ခြားခြင်း” ဟူသည့် “အိမ်ထောင်ရှင်မိခင်တစ်ဦး ကလေးမွေးဖွားပြီးနောက် အနည်းဆုံး ၃၆ လ ခြားပြီးမှ နောက်ထပ် ကလေးမွေးဖွားခြင်း” နှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ပါဝင်သည်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ဤဥပဒေအရ လူတစ်ဦးသည် ဘာသာတစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းနိုင်ပုံနှင့် ပတ်သက်၍ ပြဌာန်းထားသည်။ အခြားဘာသာသို့ ကူးပြောင်းလိုသူများသည် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ထံတွင် လျှောက်ထားရမည်။ မှတ်ပုံတင်ရေးအဖွဲ့တွင် “ဒေသခံမြို့မိမြို့ဖ” လေးဦးမှအပ အခြားအဓိက ပါဝင်သူများမှာ အစိုးရအရာရှိများ ဖြစ်ကြသည်။ လျှောက်ထားသူသည် ကူးပြောင်းခြင်းအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မှတ်ပုံတင်ရေးအဖွဲ့သည် ကူးပြောင်းပြီး လက်မှတ်ကို ထုတ်ပေးလိမ့်မည်။

ဤဥပဒေတွင် ပါဝင်သည့် လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးတစ်ခုမှာ -

  • နိဒါန်းတွင် နိုင်ငံသားများ၏ လွတ်လပ်စွာ ဘာသာတရားရွေးချယ်ခွင့်၊ ကိုးကွယ်ခွင့်၊ ကျင့်ကြံခွင့်၊ ကူးပြောင်းခွင့်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားသည်။

ထို့အပြင် ဤဥပဒေအရ မည်သူမဆို အကြိမ်များစွာ ဘာသာကူးပြောင်းခွင့်ရှိသည် (ပုဒ်မ ၄ (ခ))။

  • ဥပဒေအရ ဘာသာရေး အလွဲသုံးစားမှုမဖြစ်စေရန် ကာကွယ်နိုင်ပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကိုမြှင့်တင်ပေးနိုင်သည်။ ဥပမာဆိုရသော် ဤဥပဒေတွင် “ငွေချေးစာချုပ်၊ လှုံ့ဆော်မှု၊ မလျော်ဩဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်မှု” တို့မှတစ်ဆင့် လူတစ်ဦးအား အတင်းအကြပ် ဘာသာကူးပြောင်းစေခြင်းကို တားမြစ်ကြောင်း ဖော်ပြထားသည် (ပုဒ်မ ၁၅)။ ဘာသာကူးပြောင်းလိုသူအား “ဟန့်တားခြင်း၊ ပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း” မပြုလုပ်ရန်လည်း တားမြစ်ထားသည် (ပုဒ်မ ၁၆)။
  • ဥပဒေအရ မသန်စွမ်းသူများအပါအဝင် သက်သေခံ လက်မှတ်လျှောက်ထားသူများအတွက် စောလျင်စွာဆောင်ရွက်ရန်ဖြစ်စေ သို့မဟုတ် ကိုယ်တိုင်လာရောက်ရန် မလိုဘဲဖြစ်စေ သက်သေခံ လက်မှတ်အား ထုတ်ပေးရန် ခွင့်ပြုထားသည် (ပုဒ်မ ၉)။ 

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည် -

  • ဘာသာတစ်ခုမှ အခြားဘာသာသို့ ကူးပြောင်းလိုသူများသည် လျှောက်လွှာတင်ခြင်း၊ အစိုးရအရာရှိများနှင့် လူတွေ့မေးမြန်းဖြေဆိုခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်သည်။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို စိစစ်ပြီး မှတ်ပုံတင်ထားရမည်ဖြစ်သည်။ ဤအချက်သည် တစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်ကို ချိုးဖောက်ရာရောက်သည်။ ထို့ပြင် ဘာသာခြားလူနည်းစုများ အသုံးပြုသည့် ဘာသာရေးနှင့် ဓလေ့ထုံးတမ်းများကူးပြောင်းခြင်းဆိုင်ရာ အလေ့အထများကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်သည်။
  • လျှောက်ထားသူများသည် ကူးပြောင်းလိုသည့် ဘာသာကို အနည်းဆုံး ရက်ပေါင်း ၉၀ လေ့လာရန် လိုအပ်သည်။ ၎င်းတို့သည် ထိုဘာသာ၏ “အခြေခံသဘော”၊ ထိမ်းမြားလက်ထပ်ခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ ပစ္စည်းခွဲဝေခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် “အမွေဆက်ခံခြင်းနှင့် သားသမီးအုပ်ထိန်းခြင်း” ဆိုင်ရာ ဓလေ့ထုံးတမ်းများကို လေ့လာရန် လိုအပ်သည် (အပိုဒ် ၇ (ဃ)) ထိုဘာသာတရား၏ ရှုထောင့်လက္ခဏာများကို မည်သို့ ခွဲခြားသတ်မှတ်ရမည်ကို ဥပဒေက ရှင်းပြထားခြင်းမရှိပေ။ မှတ်ပုံတင်ရေးအဖွဲ့သည် လျှောက်ထားသူများအား ထိုဘာသာနှင့် ပတ်သက်၍ “ကျွမ်းကျင်မှုနှင့် အသိပညာ” ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ပေးနိုင်သည်ဟု ဖော်ပြထားသည်။
  • ပုဒ်မ ၁၄ အရ မည်သူကမျှ မည်သည့်ဘာသာသာသနာကိုမဆို စော်ကားရန်၊ အကြည်ညိုပျက်စေရန်၊ ဖျက်ဆီးရန် သို့မဟုတ် အလွဲသုံးစားပြုရန် အကြံဖြင့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းကို တားမြစ်သည်။ ဤကျယ်ပြန့်ရှုပ်ထွေးသည့် စကားရပ်သည် ဘာသာကူးပြောင်းသူများအား မတရားနည်းဖြင့် စွပ်စွဲချက်များ ဖြစ်လာစေနိုင်သည်။
  • ပုဒ်မ ၂၅ တွင် “ဤဥပဒေအရ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းသည် နိုင်ငံသားဖြစ်မှုနှင့် သက်ဆိုင်ခြင်းမရှိစေရ” ဟု ဖော်ပြထားသည်။ သို့သော် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းအတွက် လျှောက်လွှာတွင် လျှောက်ထားသူ၏ စိစစ်ရေးကတ်နံပါတ်နှင့် ပတ်သက်သည့် မေးခွန်းပါရှိသည်။ ၎င်းသည် နိုင်ငံမဲ့ ပုဂ္ဂိုလ်များအတွက် ဘာသာရေးကူးပြောင်းခွင့်ကို ကန့်သတ်နိုင်သည်။

၂၀၁၅ ခုနှစ်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ 

ဤဥပဒေကို ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဟု တစ်ခါတစ်ရံ ရည်ညွှန်းလေ့ရှိသည်။ ပုဒ်မ (၄) တွင် ဖော်ပြထားသည့် အခွင့်အရေးများကို အတည်ပြုလက်ခံသည့်အနေဖြင့် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ဥပဒေအရ ဖွဲ့စည်းထားသည်။ ဤဝန်ကြီးဌာနကို သမ္မတက ခန့်အပ်သည့် တိုင်းရင်းသားရေးရာဝန်ကြီးမှ ဦးဆောင်သည်။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရများ၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်ရမည်။ ဤဥပဒေသည် တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနများကို သက်ဆိုင်ရာ ဝန်ကြီးများနှင့် ထပ်ဆောင်းဖွဲ့စည်းသည်။ ဤဝန်ကြီးဌာနများသည် သက်ဆိုင်ရာဒေသ အစိုးရမှ ရန်ပုံငွေကိုရရှိသည်။ ဥပဒေပါ မည်သည့် ပုဒ်မကိုမဆို ချိုးဖောက်ပါက တိုင်ကြားချက်များ တင်ပြနိုင်မည့် နည်းလမ်းများကိုလည်း ဖော်ပြထားသည်။

ဤဥပဒေတွင် ပါဝင်သည့် လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးအချို့မှာ -

  • ပုဒ်မ ၄ တွင် ပွဲလမ်းသဘင် အခမ်းအနားများကျင်းပခြင်း၊ တိုင်းရင်းဆေးဝါးများ သုံးစွဲခြင်းနှင့် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်များကို လက်လှမ်းမီရရှိနိုင်ခြင်းတို့ အပါအဝင် “တိုင်းရင်းသားလူမျိုးများ” ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအခွင့်အရေးများကို သတ်မှတ်ဖော်ပြထားသည်။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည်။

  • ဤဥပဒေတွင် “တိုင်းရင်းသားလူမျိုးများ” ဆိုသည်မှာ မြန်မာနိုင်ငံကို မူလဌာနေအဖြစ် စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြသူများကို ရည်ညွှန်း၍ ယင်းတို့သည် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရှိသည်။ ဤဥပဒေတွင် ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများ မပါဝင်ပါ။
  • တိုင်းရင်းသားရေးရာဝန်ကြီးဌာနများအတွက် ဘတ်ဂျက်ကို ပြည်နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရှိ အစိုးရများက ချပေးပြီး မြန်မာနိုင်ငံ၏ ပိုမိုချို့ငဲ့သော ဒေသများရှိ ဝန်ကြီးဌာနများတွင်မူ ဘတ်ဂျက်အလွန်နည်းပါးနိုင်သည်။
  • ဤဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ “ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ” ဟူသည့် တလေးတစားမရှိသော အသုံးအနှုန်းကို အကြိမ်များစွာ အသုံးပြုထားသည်။
  • ပုဒ်မ ၃ တွင် အချို့သော တိုင်းရင်းသားလူမျိုးများက သဘောမတူနိုင်သည့် ရည်မှန်းချက်များကို ဖော်ပြထားသည်။
  • ဥပဒေအရ တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့ဒေသများရှိ စီမံကိန်းများနှင့် စပ်လျဉ်း၍ အကောင်အထည်မဖော်မီနှင့် အကောင်အထည်ဖော်နေစဉ် ကာလအတွင်း အချက်အလက် ပြည့်စုံစွာသိရှိပြီး လွတ်လပ်စွာ ပြုလုပ်သည့် သဘောတူညီချက်ကိုပေးရန် မလိုအပ်ပါ။ ဥပဒေအရ ၎င်းတို့ကို ထိုကဲ့သို့သော စီမံကိန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရယူခွင့်ကိုသာ ကန့်သတ်ထားသည်။
  • ဗဟိုအစိုးရ၏ ပညာရေးမူဝါဒနှင့် မဆန့်ကျင်ပါက တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို သင်ကြားခွင့်ရှိသည်။
  • တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့၏ သမိုင်းကြောင်းကို သင်ကြားပိုင်ခွင့်နှင့် “ဥပဒေနှင့်အညီ” ဖြစ်လျှင် ၎င်းတို့၏ အမွေအနှစ်များကို ထိန်းသိမ်းပိုင်ခွင့်သာရှိသည်။
  • ဥပဒေတွင် တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသည့် ကျယ်ပြန့်ရှုပ်ထွေးသော အကြောင်းရင်းများ ပါဝင်သည်။

၂၀၁၅ ခုနှစ်၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေ

ဤဥပဒေအရ မသန်စွမ်းသူများ ဆိုသည်မှာ “မွေးရာပါ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ” ရေရှည်ချို့ယွင်းမှု “တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ခံစားနေရသူများ” ဟု ဖော်ပြထားသည်။ ဤဥပဒေသည် “ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက် တစ်ရပ်ရပ်ကို ခံစားနေရသူများ” ကို အသိအမှတ်ပြုသည်။ ဤဥပဒေအရ မသန်စွမ်းမှုသည် ပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထား အမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝ ပါဝင်လှုပ်ရှားနိုင်မှု မရှိခြင်းကို ဆိုလိုသည်။

ဥပဒေပါ အခွင့်အရေးများရရန်အတွက် လူတစ်ဦးသည် မသန်စွမ်းသူအဖြစ် မှတ်ပုံတင်နိုင်သည်။ သို့သော် လူတစ်ဦးအနေဖြင့် မှတ်ပုံတင်ရန်အတွက် မည်သည့်စံနှုန်း သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ကြောင်း ဤဥပဒေတွင် ဖော်ပြထားခြင်း မရှိပါ။ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် ကျောင်းများသည် မသန်စွမ်းသူများကို ဝန်ဆောင်မှုပေးရန်နှင့် ၎င်းတို့၏ အခွင့်အရေးများကို မြှင့်တင်ရန်အတွက် ဤဥပဒေအရ မှတ်ပုံတင် လျှောက်ထားနိုင်သည်။

ဥပဒေကို ခွဲခြားဆက်ဆံမှုမရှိစေခြင်း (ပုဒ်မ ၉၊ ပုဒ်မ ၁၂ နှင့် အခန်း ၁၆) နှင့် လက်လှမ်းမီအသုံးပြုနိုင်ခြင်း (ပုဒ်မ ၂၈) စသည့် အခြေခံမူများဖြင့် လွှမ်းမိုးထားသည်။ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းရည်များကို ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုရန်၊ လူ့အဖွဲ့အစည်းအားလုံးတွင် တန်းတူညီမျှ ပါဝင်မှုကို တိုးမြှင့်ရန်နှင့် ၎င်းတို့အား ခွဲခြားဆက်ဆံခြင်းကို လျှော့ချရန် ရည်ရွယ်သည်။ ဥပဒေတွင်ပါရှိသည့် မည်သည့် အခွင့်အရေးကိုမဆို ချိုးဖောက်ခြင်းအား ရဲအရေးပိုင်မှုများအဖြစ် မှတ်ယူပြီး ကျူးလွန်သူများကို အပြစ်ပေးနိုင်သည်။

ဤဥပဒေတွင် အသေးစိတ်အချက်အလက်များ မပါရှိပါ။ ထပ်ဆောင်း အသေးစိတ်အချက်များကို နောင်ရေးဆွဲမည့် ဥပဒေများတွင် ထည့်သွင်းလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ဤဥပဒေတွင် ပါဝင်သည့် လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးအချို့မှာ -

  • နိုင်ငံသားအခွင့်အရေး (ပုဒ်မ ၈) နှင့် ဘာသာရေးလွတ်လပ်ခွင့် (ပုဒ်မ ၁၄ နှင့် ၁၆) စသည့် နိုင်ငံသား အခွင့်အရေးများ။
  • ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခွင့် (ပုဒ်မ ၂၉) နှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် (ပုဒ်မ ၃၀) စသည့် နိုင်ငံရေးအခွင့်အရေးများ။
  • အလုပ်လုပ်ကိုင်ခွင့်နှင့် မသန်စွမ်းသူများ လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများအတွက် အခွန်သက်သာခွင့် သို့မဟုတ် အခွန်ကင်းလွတ်ခွင့် စသည့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများ (ပုဒ်မ ၃၅)။
  • လူတိုင်းအကျုံးဝင်ပါဝင်သည့် အထူးပညာရေးအစီအစဉ်၊ အခြေခံနှင့် အဆင့်မြင့်ပညာရေးအပြင် ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေး အစီအစဉ်များ (ပုဒ်မ ၂၂ နှင့် ၂၅)၊ အခမဲ့ သို့မဟုတ် စရိတ်သင့်တင့်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရယူပိုင်ခွင့် (ပုဒ်မ ၂၇)၊ ပြန်လည်ထူထောင်ခြင်းနှင့် အိုးအိမ်ပေးသည့် ဝန်ဆောင်မှုများ ရပိုင်ခွင့် (ပုဒ်မ ၃၂) စသည်တို့ကဲ့သို့ လူမှုရေးအခွင့်အရေးများ။
  • ဥပဒေအားဖြင့် မသန်စွမ်းသူများအား ဂုဏ်ပြုရန် အထူးနေ့ရက်များနှင့် ရက်သတ္တပတ်များကို သတ်မှတ်သည့် နည်းကဲ့သို့သော စုပေါင်းအခွင့်အရေးများ (ပုဒ်မ ၈၅)။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည် -

  • လူတိုင်းအကျုံးဝင်ပါဝင်ခြင်း၊ လွတ်လပ်စွာ နေထိုင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ အခြေခံမူများကို အပြည့်အဝ မြှင့်တင်ပေးနိုင်ခြင်း မရှိပါ။ ဥပမာဆိုရသော် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် အထူးပညာရေးဆိုင်ရာ ပုဂ္ဂလိကကျောင်းများ တည်ထောင်ခွင့်ရှိသည်။ သို့သော် မသန်စွမ်းကျောင်းသားများကို အဓိကထားသည့် ပုဂ္ဂလိက ကျောင်းများ မဟုတ်ကြပါ။
  • ပုဒ်မ ၂၇ (စ) တွင် ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းနေသော အရွယ်ရောက် အမျိုးသမီးတစ်ဦးအနေဖြင့် သူမ၏ မိဘများ သို့မဟုတ် အုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက် ရရှိမှသာလျှင် သားသမီးရယူခွင့်ရှိသည်။ ဤအချက်သည် ထိုအမျိုးသမီးများ၏ အမှီအခိုကင်းမှုကို လျှော့နည်းစေနိုင်သည်။
  • ပုဒ်မ ၃၀ အရ မသန်စွမ်း “နိုင်ငံသားများ” သည် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသော်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံ့ဥပဒေများနှင့် အညီသာလျှင် ရွေးကောက်ခံရမည်ဟု ပြဌာန်းထားသည်။ ဤဥပဒေများသည် စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ဉာဏ်သွေး ဆိုင်ရာနှင့် သိမြင်မှုဆိုင်ရာ ချို့ယွင်းသူများအား လွှတ်တော်ကိုယ်စားလှယ်များ မဖြစ်စေရန် တားမြစ်ထားသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

1။ မျိုးစောင့်ဥပဒေများ၏ အမျိုးသားများအပေါ်နှင့် အမျိုးသမီးများအပေါ် သက်ရောက်မှုမှာ ကွဲပြားပါသလား။ ကွဲပြားလျှင် မည်သည့်နည်းဖြင့် သက်ရောက်ကြောင်း ဖော်ပြပါ။

2။ မျိုးစောင့်ဥပဒေများသည် ဘာသာတရားအသီးသီးအပေါ် ကွဲပြားစွာ သက်ရောက်မှုရှိပါသလား။ ရှိလျှင် မည်သည့်နည်းဖြင့် သက်ရောက်ကြောင်းဖော်ပြပါ။

 

 သင်တန်းဆရာမှတ်စုများ

“တိုင်းရင်းသားရေး၊ ဘာသာရေး၊ လူမျိုးရေး အပြန်အလှန် တင်းမာမှုများ တိုးလာစေခြင်း၊ အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း ဖြစ်ပေါ်စေနိုင်သော ဥပဒေမူဘောင်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ မွတ်ဆလင်များအပေါ် ခွဲခြားဆက်ဆံခြင်းအား တရားဝင်ကျူးလွန်ခြင်း” တို့ကို အားပေးပံ့ပိုးခြင်းအတွက် မျိုးစောင့်ဥပဒေများသည် များစွာသော တက်ကြွလှုပ်ရှားသူများက ရှုံ့ချခြင်းကို ခံခဲ့ရပါသည်။ (ညီမျှခြင်းမြန်မာ ၂၀၁၆ :  ၈)

မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ၏ အထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် အချို့သော အမျိုးသမီးများ၏ ဘာသာရေးနှင့်စပ်လျဉ်း၍ မိမိကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ဆိုင်ရာ တစ်ကိုယ်ရည်ခံယူချက်များကို ပယ်ချခြင်းသို့ ဦးတည်စေပါသည်။ အဘယ်ကြောင့်ဆိုသော် “အခြားဘာသာတစ်ခုကို တရားဝင်အထင်အရှား ကိုးကွယ်လျက်ရှိကြောင်း မိမိကိုယ်ကိုယ် သတ်မှတ်ဖော်ပြထားသူများမှတစ်ပါး ကျန်သူများသည် ဗုဒ္ဓဘာသာကိုးကွယ်သော မိဘတို့မှ မွေးဖွားသည်ဟူသော အကြောင်းသက်သက်ကြောင့် ဗုဒ္ဓဘာသာမိန်းမဖြစ်သည်ဟု သတ်မှတ်ခံရမည်ဖြစ်သည်” ဟူသော အကြောင်းကြောင့်ဖြစ်သည်။ (ညီမျှခြင်းမြန်မာ ဖေဖော်ဝါရီ ၂၀၁၆ :  ၁၀)

အသက် (၂၀) အောက် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးသည် ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အခြားဘာသာဝင် အမျိုးသားတစ်ဦးနှင့် လက်ထပ်ထိမ်းမြားရန် သူမ၏ မိဘများ၏ သဘောတူညီချက်ရယူရန် လိုအပ်သည်ဟု ဥပဒေတွင် ပြဌာန်းထားခြင်းမှာ အခြေခံဇီ၀ဖြစ်စဉ်ပိုင်းအရ လိင်ဖြစ်တည်မှုနှင့် ကိုးကွယ်ရာဘာသာ နှစ်ရပ်လုံးအပေါ် ခွဲခြားဆက်ဆံခြင်းဖြစ်သည်။ (ညီမျှခြင်းမြန်မာ ဖေဖော်ဝါရီ ၂၀၁၆ :  ၁၁)

ဤဥပဒေသည် နောက်ကြောင်းပြန် အကျိုးသက်ရောက်မှုရှိသော ဥပဒေများ အသုံးပြုခြင်းကို တားမြစ်ရမည်ဟု နိုင်ငံတကာတွင် အသိအမှတ်ပြုထားခြင်းကိုလည်း ချိုးဖောက်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ပုဒ်မ ၂၈ တွင် “ဗုဒ္ဓဘာသာဝင်မဟုတ်သည့် နိုင်ငံသားမိန်းမတစ်ဦးသည် ဗုဒ္ဓဘာသာမဟုတ်သည့် ယောက်ျားနှင့် လင်မယားအဖြစ် ပေါင်းဖက်နေစဉ် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်လျှင်၊ ဘာသာကွဲထိမ်းမြားခြင်း ဥပဒေအရ ထိမ်းမြားသကဲ့သို့ ပြဌာန်းချက်များသည် ၎င်းတို့နှင့် သက်ဆိုင်ရမည်” ဟု ပြဌာန်းထားသောကြောင့်ဖြစ်သည် (ညီမျှခြင်းမြန်မာ ဖေဖော်ဝါရီ ၂၀၁၆ :  ၁၀)။ ဤသို့ ပြဌာန်းခြင်းသည် သမီးရည်းစား နှစ်ဦးနှစ်ဖက်အနေဖြင့် လက်ထပ်ထိမ်းမြားချိန်တွင် အခြားသော ဘာသာရေးဥပဒေများကို အသုံးပြုနိုင်သော်ငြားလည်း ဗုဒ္ဓဘာသာမိသားစုဥပဒေကိုသာ အသုံးချရန် အားပေးနေပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ မိသားစုဥပဒေသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးဇနီးသည်များကို ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အမျိုးသားခင်ပွန်းသည်များထက် အခွင့်အရေးများ ပိုမိုရရှိနေစေသည့်အလျောက် ကလေးစောင့်ရှောက်ပိုင်ခွင့်၊ ကွာရှင်းခြင်း၊ အမွေဆက်ခံခြင်းတို့နှင့် ဆက်နွယ်သော အမှုအခင်းများတွင် ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အမျိုးသားခင်ပွန်းသည်အတွက် ဆိုးကျိုးသာ ဖြစ်စေနိုင်မည်ဖြစ်သည်။ (Crouch 2015)

ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ခင်ပွန်းသည် သူ၏ ဗုဒ္ဓဘာသာဝင် ဇနီးသည်နှင့် ကွာရှင်းရန် ဆုံးဖြတ်သည့် အခါမျိုးတွင် အမျိုးသမီးအနေဖြင့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီး အထူးလက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေအရ တစ်ပန်းသာနိုင်ပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ပုဒ်မ ၂၇ တွင် “အကယ်၍ လင်ယောက်ျားသည် သူ့ဇနီးသည်အပေါ် စိတ်ဆင်းရဲအောင်ပြုမူခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ နာကျင်အောင် ပြုမူခြင်း ဖြစ်စေပါက” ဇနီးသည်အနေဖြင့် ကွာရှင်းမှုအပြီးတွင် ခင်ပွန်းသည်နှင့်ယှဉ်လျှင် ပိုမိုများပြားသော ရပိုင်ခွင့်များ ရရှိနေမည်ဖြစ်သည်။ ညီမျှခြင်း မြန်မာ (၂၀၁၆ ခုနှစ်ထုတ် စာမျက်နှာ ၁၁ နှင့် ၁၂ တွင်) “စိတ်ဆင်းရဲအောင် ပြုမူခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ နာကျင်အောင်ပြုမူခြင်း” ဆိုသည့် အသုံးအနှုန်းများမှာ “ပုဂ္ဂလဓိဌာန်ဆန်ပြီး၊ အတိအကျဖော်ထုတ် အတည်ပြုရန် ခက်ခဲရုံသာမက လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူခြင်း နှင့် လှည့်ဖြားခြင်းတို့ကို လက်ယက်ခေါ်နေသကဲ့သို့ ဖြစ်နိုင်သည်” ဟု မှတ်ချက်ပြုခဲ့ပါသည်။

ထို့အပြင် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ၏ အထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေသည် အခြားဘာသာဝင်များ၏ ဇီ၀ဗေဒဆိုင်ရာ လိင်ဖြစ်တည်မှု၊ လိင်ဖြစ်တည်မှု ခံယူချက်၊ တိုင်းရင်းသားလူမျိုး၊ နိုင်ငံသား မည်သို့ပင် ဖြစ်စေကာမူ မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို အခြား ဘာသာဝင်များထက်စာလျှင် ဘာသာရေးဆိုင်ရာနှင့် ယုံကြည်မှုပိုင်းဆိုင်ရာ လွတ်လပ်ခွင့် ပိုမို ခိုင်မာစွာရရှိအောင် ပေးအပ်ထားပါသည်။ ထို့ကြောင့် အဆိုပါဥပဒေသည် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အရေးပေး ခွဲခြားဆက်ဆံပြီး မျက်နှာသာပေးသော ဥပဒေတစ်ရပ်ဖြစ်ပါသည်။ (ညီမျှခြင်းမြန်မာ ဖေဖော်ဝါရီ ၂၀၁၆ :  ၁၁)

တစ်လင်တစ်မယားစနစ် ကျင့်သုံးရေးဆိုင်ရာ ဥပဒေသည် “အခြေခံအားဖြင့် ဗုဒ္ဒဘာသာမဟုတ်သော အခြားလူနည်းစု အုပ်စုများဖြစ်သည့် အမျိုးသမီးများ၊ အမျိုးသမီးချင်း ချစ်ခင်စုံမက်သူများ၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူများ၊ ဆန့်ကျင်ဘက်လိင်အဖြစ် ပြုမူနေထိုင်သူများ၊ လိင်တူ/လိင်ကွဲနှစ်မျိုးစလုံး စိတ်ဝင်စားသူများ၊ လိင်နှစ်မျိုးလုံးပါရှိသူ၊ လိင်စိတ်ကွဲပြားသူများ (LGBTIQ) အပေါ် ခွဲခြားထားသည့် သဘောရှိသည်” ဟု ညီမျှခြင်းမြန်မာ (ဖေဖော်ဝါရီ ၂၀၁၆  :  ၁၄) အရ ဆိုထားသည်။ အဆိုပါ ဥပဒေသည် ဆန့်ကျင်ဘက်

လိင်အဖြစ် ပြုမူနေထိုင်သူများကို အသိအမှတ်မပြုယုံသာမက လိင်တူထိမ်းမြားလက်ထပ်ခြင်းကိုလည်း အသိအမှတ်ပြုခြင်း မရှိပါ။ (ညီမျှခြင်းမြန်မာ ဖေဖော်ဝါရီ ၂၀၁၆  :   ၁၄-၁၅)

ညီမျှခြင်းမြန်မာက လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို “အချို့သော ဘာသာရေး သို့မဟုတ် လူမျိုးရေး လူနည်းစုများအား ဥပဒေချိုးဖောက်မှုဖြင့် စွပ်စွဲရန်၊ စွဲချက်တင်ရန်၊ ဖမ်းဆီးရန်၊ ပြစ်ဒဏ်ချမှတ်ရန်၊ ထောင်ဒဏ်ချမှတ်ရန်စသည်တို့ကဲ့သို့ အချက်များကို တစ်ဖက်သက်ဆန်စွာ ပြုလုပ်ရာတွင် အသုံးပြုနိုင်ကြောင်း” သတိပေးဖော်ပြခဲ့ပါသည် (ဖေဖော်ဝါရီ ၂၀၁၆  :  ၉)။ အထူးစိုးရိမ်ဖွယ်ကောင်းသည့် အချက်မှာ “ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရမည့်ဒေသ” နှင့် “သားဆက်ခြားနည်း” ကို မည်သည့်ဒေသတွင် ကြီးမှူးလုပ်ဆောင်မည်တို့အပေါ် သက်ဆိုင်ရာ အာဏာပိုင်များအား ပထဝီဝင်ဒေသအလိုက် သတ်မှတ်ပိုင်ခွင့် အာဏာပေးအပ်ထားခြင်းဖြစ်သည်။ ယင်းဥပဒေတွင် “ကျန်းမာရေးစောင့်ရှောက်မှုပြုမည့်ဒေသ” အဖြစ် သတ်မှတ်ခံရရန်အတွက် ပထဝီမြေမျက်နှာသွင်ပြင် ဒေသတစ်ရပ်သည် မည်ကဲ့သို့သော စံနှုန်းများကို ပြည့်မီရန်လိုအပ်သည်ဆိုသည့် “ပွင့်လင်းမြင်သာမှုရှိသည့် လမ်းညွှန်ချက်များ” ပေးထားခြင်းမရှိပါ။ ဤသို့ဖြစ်ခြင်းသည် ကလေးမွေးဖွားရာတွင် ကလေးတစ်ဦးနှင့် တစ်ဦးအကြား သုံးနှစ် (၃၆ လ) ခြားကာ မွေးဖွားရမည်ဆိုသည့် သားဆက်ခြားနည်းကို ကျင့်သုံးရခြင်း အပါအဝင် လက်ထပ်ပြီး ဇနီးမောင်နှံနှစ်ဦး၏ ပုဂ္ဂိုလ်ရေးဘ၀အား အာဏာပိုင်များက အကြွင်းမဲ့ဝင်ရောက်စွက်ဖက်ပိုင်ခွင့် ပေးအပ်ထားသကဲ့သို့ ဖြစ်နေပါသည် (ညီမျှခြင်းမြန်မာ ဖေဖော်ဝါရီ ၂၀၁၆  :   ၉-၁၀)။ Amnesty International  က ဤဥပဒေသည် “အတင်းအကြပ် သန္ဓေတားခြင်း (ဆေးဝါးအသုံးပြုခိုင်းခြင်း)၊ အတင်းအဓမ္မ သားကြောဖြတ်ခိုင်းခြင်း သို့မဟုတ် သားဖျက်ခိုင်းခြင်း” တို့ကို ဖြစ်စေနိုင်ကြောင်း သတိပေးပြောကြားခဲ့ပါသည် (Amnesty International 2015)။ ရိုဟင်ဂျာလူမျိုး အမျိုးသမီးများအား ကလေးနှစ်ဦးသာ ယူခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်၏ အချို့သောဒေသများတွင် ယခင်ကတည်းက ဒေသန္တရပေါ်လစီများဖြင့် ကန့်သတ်ထားပြီး ဖြစ်နေပြီဖြစ်သည်( Lewa  ၂၀၁၂)။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေသည် များစွာသော ဘာသာရေးအုပ်စုများမှ ဘာသာဝင်များကို ခွဲခြားဆက်ဆံမှုပြုပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းဥပဒေသည် ဘာသာကူးပြောင်းရာတွင် မည်သို့လုပ်ဆောင်ရမည်နှင့် မည်သို့မှတ်ပုံတင်ရမည် စသည်တို့ကို တရားဝင်ပြဌာန်းထားသောကြောင့်ဖြစ်သည်။ ယင်းဥပဒေအတွင်း ပြဌာန်းထားသည့် စည်းမျဉ်းများပြင်ပတွင် လုပ်ဆောင်ပြီး အထောက်အထားလက်မှတ်အတွင်း စနစ်တကျ မှတ်တမ်းတင်ထားခြင်း မပြုထားသည့် မည်သည့်ဘာသာရေး ကူးပြောင်းခြင်းမဆို “မြန်မာနိုင်ငံ ဥပဒေအောက်တွင် တရားဝင်ခြင်း” မရှိပါ (ညီမျှခြင်းမြန်မာ ဖေဖော်ဝါရီ ၂၀၁၆ : ၁၄)။ ဆိုလိုသည်မှာ ဘာသာရေးဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ အလေ့အထများနှင့် ဘာသာကူးပြောင်းခြင်း ပွဲလမ်းများမှာ တရားဝင်သည်ဟု အသိအမှတ်မပြုပါ။

ဘာသာကူးပြောင်းခြင်းကို မှတ်ပုံတင်ပေးရေး ဘုတ်အဖွဲ့မှ ကြီးကြပ်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။ “ဒေသန္တရဘုတ်အဖွဲ့အများစုတွင် အဓိကအားဖြင့် ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် အစိုးရအရာရှိအများစု (ပါဝင်နေခြင်း) ကြီးစိုးနေခြင်းသည် ဗုဒ္ဓဘာသာဝင်များက အခြားဘာသာများသို့ ကူးပြောင်းရာတွင် ဘက်လိုက်ဆုံးဖြတ်မှုများ ရှိနေနိုင်သည်” ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က သတိပေးပြောကြားခဲ့ပါသည်(HRW ၂၀၁၅)။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ