၅.၂.၃

ကတ်ပြားများ၊ လက်မှတ်များနှင့် တရားဝင် အထောက်အထားများ

အကြိုလေ့လာချက်

မြန်မာနိုင်ငံတွင် နေထိုင်ကြသူများသည် မည်သို့သော နိုင်ငံသားဖြစ်မှု အထောက်အထားများနှင့် မှတ်ပုံတင် အထောက်အထားများ ရရှိနိုင်သနည်း။

နိုင်ငံသားစိစစ်ရေးကတ်ပြား (CSCs)၊ ဧည့်နိုင်ငံသားစိစစ်ရေး​ကတ်ပြား (ACSCs) နှင့် နိုင်ငံသားပြုခွင့်ရသူ စိစစ်ရေးကတ်ပြား (NCSCs) အားလုံးသည် ကိုင်ဆောင်ထားသူအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ တရားဝင်နိုင်ငံသားခံယူခွင့် ပေးထားကြောင်း သက်သေပြုပေးသည်။ ဤကတ်ပြားများကို ကိုင်ဆောင်ထားသူများသည် လွတ်လပ်စွာ ခရီးသွားလာခွင့်၊ ပညာရေးလွတ်လပ်ခွင့်၊ မဲပေးပိုင်ခွင့်နှင့် လက်ထပ်ထိမ်းမြား​နိုင်ခွင့်စသည့် အခွင့်အရေးအချို့ကိုလည်း ပိုမိုလွယ်ကူစွာ ရယူနိုင်ကြလိမ့်မည်။

လူတစ်ဦးသည် တရားဝင်နိုင်ငံသားဖြစ်ကြောင်း သက်သေခံ​အထောက်အထားများကို ပထမဆုံးအကြိမ် လျှောက်ထားနိုင်​သည့် အချိန်မှာ အသက် ၁၀ နှစ်အရွယ်ဖြစ်သည်။ လူတစ်ဦး​သည် ဤကတ်သုံးမျိုးထဲမှ တစ်မျိုးမျိုးကို ရရှိပြီးလျှင် အသက် ၁၈ နှစ်၊ ၃၀ နှစ်နှင့် ၄၅ နှစ်ပြည့်တိုင်း သက်တမ်းတိုးရန် လိုအပ်သည်။ သားသမီးများသည်လည်း ၎င်းတို့၏ မိဘများ​နည်းတူ တရားဝင်နိုင်ငံသားအဖြစ် ခံယူနိုင်ကြသည်။ အသက် ၁၈ နှစ် မပြည့်မီတွင် ၎င်းတို့၏ အမည်များကို မိဘများ၏ ကတ်ပြားများတွင် ထည့်သွင်းခွင့်ရှိသည်။

ဤကတ်ပြားများအပြင် လူတစ်ဦးအနေဖြင့် ရရှိနိုင်သည့် တရားဝင်နိုင်ငံသားဖြစ်မှု၊ နေထိုင်မှုနှင့် မှတ်ပုံတင်ခြင်းတို့နှင့် သက်ဆိုင်သည့် အခြားသော ကတ်ပြားများ၊ လက်မှတ်များနှင့် တရားဝင် အထောက်အထားများရှိသည်။

၁၉၄၈ နောက်ပိုင်းတွင် နိုင်ငံခြားသားများ မှ လွဲ၍ မြန်မာနိုင်ငံ​တွင် အခြေချနေထိုင်ကြသူအားလုံးကို နိုင်ငံသားမှတ်ပုံတင်​ကတ်ပြားများ ထုတ်ပေးခဲ့သည်။ ၁၉၈၀ ခုနှစ်များတွင် ထိုနိုင်ငံသားမှတ်ပုံတင် ကတ်ပြားများကို နိုင်ငံသားစိစစ်ရေး​ကတ်ပြားများဖြင့် လဲလှယ်ခဲ့သည်။ လူအများစုသည် ယနေ့တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နိုင်ငံသားမှတ်ပုံတင်​ကတ်ပြားများဟု မှားယွင်းစွာ ရည်ညွှန်းနေကြဆဲဖြစ်သည်။

၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံသားများနေထိုင်မှု မှတ်ပုံတင်ခြင်း​အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ မြန်မာနိုင်ငံသားများနေထိုင်မှု မှတ်ပုံတင်ခြင်း အက်ဥပဒေအရ ဝှိုက်ကတ်/သုံးခေါက်ချိုးများ ဟု လူသိများသော ယာယီမှတ်ပုံတင်များကို ပေးအပ်ခဲ့သည်။ ထိုကတ်များကို နိုင်ငံသားစီစဉ်ရေးလုပ်ငန်းစဉ်အတွက် စောင့်ဆိုင်းနေသူများထံ ပေးအပ်ခဲ့ခြင်း ဖြစ်သော်လည်း မည်သည့် CSCs ကိုမျှ ပြန်လည်လက်ခံရရှိခြင်း မရှိပေ။ ၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ယာယီမှတ်ပုံတင်လက်မှတ်များ​အားလုံး တရားမဝင်ဖြစ်သွားကြသည်။

နိုင်ငံသားစိစစ်ခံမည့်သူ၏ သက်သေခံကတ်ပြား (NVC) ဟု လူသိများသော နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ​ကတ်ပြားများသည် မြန်မာနိုင်ငံတွင် အခြေချနေထိုင်သူ​ဖြစ်ကြောင်း ပြသသည်။ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားများတွင် လူမျိုး သို့မဟုတ် ကိုးကွယ်သည့်​ဘာသာနှင့် ပတ်သက်၍ ဖော်ပြမထားသည့်အပြင် သက်တမ်း​ကုန်ဆုံးသည့်ရက်ကိုလည်း သတ်မှတ်ထားခြင်းမရှိပါ။ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားများသည် တရားဝင်နိုင်ငံသားခံယူမှုကို သက်သေမပြနိုင်သော်လည်း အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် တရားဝင်နိုင်ငံသား​ဖြစ်ခွင့်ပေးရန် ဆုံးဖြတ်ရာတွင် အထောက်အကူပြုခြင်းဖြင့် အသုံးဝင်သည်။

ယာယီနိုင်ငံသားမှတ်ပုံတင်ကတ်ပြားသို့ ပြောင်းလဲယူထားသူ​များသည် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား ရရှိနိုင်သည်။ မှတ်ပုံတင်အထောက်အထားများ ပျောက်ဆုံးသွားသူများသည်လည်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား ရရှိနိုင်သည်။ အုပ်ချုပ်ရေးတာဝန်ရှိသူ​များသည် အခြားမှတ်ပုံတင် အထောက်အထားမရှိသူများအား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား ရရှိနိုင်ပုံနှင့် ပတ်သက်၍ လမ်းညွှန်ချက်ပေးနိုင်သည်။ တရားဝင်နိုင်ငံသား​ခံယူမှုကတ်ပြား အမျိုးအစားသုံးမျိုးမှ တစ်ခုခု ခံယူထားသူ​များသည် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားများ​ရယူရန် မလိုအပ်ပါ။

နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် (FRC) များကို နိုင်ငံခြားသားများအတွက် ထုတ်ပေးနိုင်သည်။ ၎င်းတို့သည် တစ်နှစ်သက်တမ်းရှိပြီး နေထိုင်ခွင့်နှင့် မှတ်ပုံတင်ထားကြောင်း​ကို သက်သေပြသည်။

အိမ်ထောင်စုစာရင်း သို့မဟုတ် မိသားစုစာရင်းသည် အိမ်တစ်အိမ်တွင် အတူတကွနေထိုင်ကြသော အိမ်ထောင်စုတစ်စု သို့မဟုတ် မိသားစုဝင်များအားလုံးကို ဖော်ပြသည်။ ဤအထောက်အထားကို မြို့နယ်အဆင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးများမှ တင်ပြထားသည်။ ကလေးမွေးဖွားပြီးနောက်ဖြစ်စေ၊ လက်ထပ်​ထိမ်းမြားပြီးနောက်ဖြစ်စေ၊ သေဆုံးပြီးနောက်ဖြစ်စေ စသည်ဖြင့် မိသားစုဝင်များအကြား အပြောင်းအလဲတစ်ခုဖြစ်လာပါက ဤအထောက်အထားကို ပြင်ဆင်ရန် လိုအပ်သည်။

ကလေးတစ်ဦးမွေးဖွားသည့်အခါ ကျန်းမာရေးနှင့် အားကစား​ဝန်ကြီးဌာနက မွေးစာရင်း (ပုံစံ ၁၀၃) ကို ထုတ်ပေးသည်။ ၎င်းကို မြို့နယ်ဆေးဘက်ဆိုင်ရာအရာရှိမှ လက်မှတ်ထိုးပြီး ထုတ်ပေးသည်။ ဤအထောက်အထားသည် မွေးကင်းစ​ကလေးငယ်များကို မိသားစုတစ်စု၏ အိမ်ထောင်စုစာရင်း၌ မှတ်ပုံတင်ပေးသောကြောင့် မွေးစာရင်းမှာ အရေးကြီးသည်။ ထို့ပြင် မူလတန်းကျောင်းအပ်နှံသည့်အခါနှင့် စိစစ်ရေးကတ်ပြား​သုံးမျိုးအနက်မှ မည်သည့်ကတ်ပြားကိုမဆို လျှောက်ထားသည့် အခါများတွင်လည်း မွေးစာရင်းလိုအပ်သည်။

မွေးစာရင်းမှတ်ပုံတင်များ၊ သေစာရင်းမှတ်ပုံတင်များ၊ လက်ထပ်ထိမ်းမြား မှတ်ပုံတင်များနှင့်အတူ အိမ်ထောင်စု စာရင်းများသည် မြန်မာနိုင်ငံရှိ ပြည်သူ့အင်အားကို အစိုးရ​ချုပ်ကိုင်မှု၏ အစိတ်အပိုင်းဖြစ်သည်။ ဤအထောက်အထားများ​သည် တရားဝင်နိုင်ငံသားခံယူမှုကို သက်သေမပြသော်လည်း တရားဝင်နိုင်ငံသားဖြစ်မှု အထောက်အထား လျှောက်ထားရန်​အတွက် အသုံးဝင်သည်။ တရားဝင်နိုင်ငံသားခံယူမှုကို သက်သေပြသည့် အထောက်အထားများ လျှောက်ထားရာတွင် မွေးစာရင်းနှင့် အိမ်ထောင်စုစာရင်း နှစ်မျိုးစလုံးလိုအပ်သည်။

နိုင်ငံသားအဖြစ် လျှောက်ထားရာတွင် လိုအပ်သည့် အထောက်အထားများ

လူတစ်ဦးသည် တရားဝင်နိုင်ငံသားခံယူထားကြောင်း သက်သေပြသည့် အထောက်အထားများကို လျှောက်ထားရာတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိက တောင်းခံသည့် စာရွက်စာတမ်း​အထောက်အထားများ အများအပြားရှိသည်။ လျှောက်ထားသူ​တစ်ဦးအား ၎င်းစာရွက်စာတမ်းများအားလုံးကိုဖြစ်စေ၊ အချို့ကို​ဖြစ်စေ တောင်းခံနိုင်သည်။ လျှောက်ထားသူထံမှ စာရင်း​မပြုစုထားသော အထောက်အထားများကိုလည်း တောင်းခံလာ​နိုင်သည်။

  • ကိုယ်ရေးရာဇဝင်ပုံစံ။
  • ဆွေစဉ်မျိုးဆက်စာရင်း။
  • မွေးစာရင်းမူရင်း။
  • မိဘများ၏ မှတ်ပုံတင်မူရင်းများနှင့် မိတ္တူတစ်စုံစီ။
  • အိမ်ထောင်စုစာရင်းမူရင်းနှင့် မိတ္တူတစ်စုံ။
  • ကွယ်လွန်သွားသည့် မိသားစုဝင်များ၏ သေစာရင်းများ။
  • ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် နေထိုင်ကြောင်း သက်သေပြရန် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထောက်ခံစာ။
  • စိစစ်ရေးကတ်ပြားကို အစားထိုးပြောင်းလဲခြင်းဖြစ်စေ၊ အသစ်ပြန်လုပ်လျှင်ဖြစ်စေ စိစစ်ရေးကတ်ပြားမူရင်း။
  • သွေးစစ်မှုအစီရင်ခံစာမူရင်း။
  • ဓာတ်ပုံများ။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. စိစစ်ရေးကတ်များ လျှောက်ထားရာတွင် အသုံးဝင်သည့် အထောက်အထားများကို ပြန်လည်သုံးသပ်ပါ။ လက်ရှိ သင့်တွင် ထိုအထောက်အထားများအားလုံး ရှိပါသလား။
  2. ဤအထောက်အထားများအနက် မည်သည်တို့ကို မရှိမဖြစ် လိုအပ်ပြီး မည်သည်တို့ကို အရေးမကြီးသော လိုအပ်ချက်များ ဖြစ်မည်နည်း။
  3. မည်သည့်ကတ်ပြားများသည် ရရှိရန် အခက်ခဲဆုံး ဖြစ်သနည်း။

မြန်မာ့ရေးရာ

တရားဝင်နိုင်ငံသားဖြစ်မှုရရန် စောင့်ဆိုင်းရခြင်း


၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် လူအများစုအား နိုင်ငံသားမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခဲ့​သည်။ ထိုအချိန်က မတူညီသော ကတ်အမျိုးအစား သုံးမျိုးဟူ၍ မရှိခဲ့သည့်အတွက် ထိုနိုင်ငံသားမှတ်ပုံတင် လက်မှတ်များ​သည်သာ ယနေ့နိုင်ငံသားစိစစ်ရေးကတ်ပြား (CSCs) ကိုင်ဆောင်သူများနှင့် အဆင့်တူညီသည့် တရားဝင်နိုင်ငံသား​ဖြစ်မှု၏ သက်သေအထောက်အထားဖြစ်သည်။ နိုင်ငံသား​မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူများသည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသားများအဖြစ် အသိအမှတ်ပြုခံရပြီး နိုင်ငံခြားသားများ မဟုတ်ကြောင်း မှတ်ယူသည်။ ၁၉၄၀ ခုနှစ်၊ နိုင်ငံခြားသားမှတ်ပုံတင်ခြင်း အက်ဥပဒေနှင့်အတူ ၁၉၄၈ ခုနှစ်က ထိုဥပဒေပါ စည်းမျဉ်းများအရ နိုင်ငံခြားသားများ အဖြစ် မှတ်ယူခံရသူများအား နိုင်ငံခြားသားမှတ်ပုံတင်ကတ်များ ပေးထားသည်။

၁၉၈၂ ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေကို ပြဌာန်းခဲ့သည်။ ထိုဥပဒေသစ်ကို ဖြည့်စွက်ထားသော ၁၉၈၃ ခုနှစ် လုပ်ထုံး​လုပ်နည်းများအရ ကတ်အမျိုးအစားသစ် သုံးမျိုးပေါ်ထွက်လာ​ပြီးနောက် ၁၉၈၉ ခုနှစ်တွင် အစိုးရသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်များအားလုံးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် အစားထိုးခဲ့သည်။ သို့သော်လည်း နိုင်ငံသားမှတ်ပုံတင်ကတ်ပေးအပ်သူ အမြောက်အမြားမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မရရှိခဲ့ကြ​သည့်​အပြင် ၎င်းတို့၏ နိုင်ငံသားမှတ်ပုံတင်ကတ်များကိုလည်း ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ပါ။

၁၉၉၅ ခုနှစ်တွင် နိုင်ငံသားမှတ်ပုံတင်ကတ်များ ရှိခဲ့ဖူးသူ​အချို့ကို ယာယီမှတ်ပုံတင်ကတ်ပြားပေးခဲ့သည်။ ဤကတ်များ​သည် တရားဝင်နိုင်ငံသားဖြစ်မှုကို သက်သေမပြနိုင်ခဲ့ပါ။ ယာယီမှတ်ပုံတင်ကတ်များသည် လူပုဂ္ဂိုလ်တစ်ဦး၏ မှတ်ပုံတင်ခြင်းနှင့် နေထိုင်ခွင့်ကိုသာ သက်သေပြနိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံသားမှတ်ပုံတင်ကတ်များ ရှိခဲ့ဖူးသူများသည် လက်တွေ့အားဖြင့် (de facto) နိုင်ငံမဲ့ဘ၀ရောက်သွားပြီး ၎င်းတို့၏ မူလက ခံယူထားသော တရားဝင်နိုင်ငံသားဖြစ်မှုကို သက်သေပြမည့် အရေးကြီးသည့် အထောက်အထားကိုပါ ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ယာယီမှတ်ပုံတင်ကတ်များကို ယာယီဟုသာ သတ်မှတ်သော်လည်း ယာယီမှတ်ပုံတင်ကတ် ရရှိခဲ့သူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်း မည်သည့်အခါတွင်မျှ မရရှိခဲ့ဘဲ ၎င်းတို့၏ ယာယီမှတ်ပုံတင်​ကတ်များကိုသာ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားရသည်။

၂၀၁၅ ခုနှစ်တွင် အစိုးရသည် ယာယီမှတ်ပုံတင်ကတ်အားလုံးကို တရားမဝင်တော့ကြောင်းနှင့် ထိုကတ်များကို တာဝန်ရှိသူများထံ ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အစိုးရ၏ ကြေညာချက်ကို ယာယီမှတ်ပုံတင်ကတ် ကိုင်ဆောင်သူအချို့က လိုက်နာမှုမရှိခဲ့သော်လည်း အချို့က လိုက်နာကာ ၎င်းတို့၏ ကတ်များကို ပြန်လည်ပေးအပ်ခဲ့သည်။

၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် အစိုးရသည် မူလက ယာယီ​မှတ်ပုံတင်ကတ် ကိုင်ဆောင်သူများအနေဖြင့် နိုင်ငံသားစိစစ်ခံရ​မည့်သူ၏ သက်သေခံကတ်ပြား လျှောက်ထားရန် ကြေညာခဲ့​သည်။ ဤကတ်သည် တရားဝင်နိုင်ငံသားဖြစ်ကြောင်း သက်သေ​မပြသော်လည်း စိစစ်ရေးကတ်ပြား လျှောက်ထားနိုင်ရန် အထောက်အကူပြုသည်။ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား ကိုင်ဆောင်သူများအနက် အရေအတွက် မည်မျှသည် တရားဝင်နိုင်ငံသားဖြစ်မှု လျှောက်ထားရန် သက်သေပြနိုင်မည့် စိစစ်ရေးကတ်ပြားများကို အောင်မြင်စွာ လျှောက်ထားနိုင်ခဲ့သည်ကို မသိရပါ။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

လက်ရှိအနေအထားတွင် တရားဝင်နိုင်ငံသားဖြစ်ကြောင်း သက်သေမပြနိုင်သော နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခဲ့ဖူးသူဖြစ်ပါက သင့်အနေဖြင့် မည်သို့ခံစားရ​မည်နည်း။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ