၁.၂.၃

နိုင်ငံမဲ့ပြည်သူများ

အကြိုလေ့လာချက်

  1. ‘နိုင်ငံမဲ့ခြင်း’ ဆိုသည်မှာ အဘယ်နည်း။
  2. နိုင်ငံမဲ့ခြင်းကို မည်သည့်အရာက ဖြစ်စေသနည်း။

နိုင်ငံမဲ့ပြည်သူများ၏ အခြေအနေနှင့် စပ်လျဉ်း၍ ၁၉၅၄ ခုနှစ် ကုလသမဂ္ဂ သဘောတူညီချက်အရ နိုင်ငံမဲ့ပြည်သူဆိုသည်မှာ တရားဝင်နိုင်ငံသားအဖြစ် မည်သည့်နိုင်ငံကမျှ သတ်မှတ်ခြင်း​မခံရသူဖြစ်သည်။ ဥပဒေအရ (De jure) နိုင်ငံမဲ့ခြင်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ဥပဒေအရ တရားဝင်နိုင်ငံသားအဖြစ် သတ်မှတ်မခံရသောသူကို ဆိုလိုသည်။ လက်တွေ့အရ (De

facto) နိုင်ငံမဲ့ခြင်းဆိုသည်မှာ ‘လက်တွေ့တွင် နိုင်ငံမဲ့’ နေသော လူတစ်ဦးတစ်ယောက်ကို ဆိုလိုသည်။ ဤသည်မှာ အခြားသော တရားဝင်နိုင်ငံသားများ ရရှိနေသည့် အခွင့်အရေးများနှင့် အကာအကွယ်များ ကင်းမဲ့နေမှုအပေါ် အခြေခံသည်။ ဤသို့ အခွင့်အရေးနှင့် အာဏာအကာအကွယ်ရရှိမှု မဲ့နေရခြင်းမှာ လူတစ်ဦးတစ်ယောက်သည် နိုင်ငံတစ်နိုင်ငံတွင် နေထိုင်စဉ် အဆိုပါ အခွင့်အရေးများ ရရှိရန် နိုင်ငံအာဏာပိုင်များမှ သတ်မှတ်ထားသော တိကျသည့် အထောက်အထားမဲ့မှု​တို့ကြောင့် ဖြစ်နိုင်သည်။ ထိုသို့ လူတစ်ဦးတစ်ယောက်သည် နိုင်ငံအတွင်း သူတို့၏ အခွင့်အရေးနှင့် အကာအကွယ်ကို အားကိုးရခြင်းမရှိပါက လက်တွေ့တွင် နိုင်ငံမဲ့နေသူဟုဆိုသည်။ 

တစ်ခါတစ်ရံ၌ လူတစ်ဦးတွင် တရားဝင်နိုင်ငံသားဖြစ်ရန် အခွင့်အရေးရှိသော်လည်း အတားအဆီးများကြောင့် နိုင်ငံသား​ဖြစ်မှုကို သက်သေမပြနိုင်ခြင်းလည်း ရှိနိုင်သည်။

နိုင်ငံမဲ့ခြင်းသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ပြည်သူများ၏ တရားဝင်နိုင်ငံသားဖြစ်မှုကို ပယ်ချစေရန်​အလို့ငှာ ဥပဒေများ၊ မူဝါဒများ သို့မဟုတ် အလေ့အထများကို ရေးဆွဲချမှတ်ထားနိုင်သည်။ ပြည်သူများသည်လည်း သူတို့၏ တရားဝင်နိုင်ငံသားဖြစ်မှုကို သက်သေပြမည့် တရားဝင်​စာရွက်စာတမ်းများ မိမိသဘောအရ လျှောက်ထားမှု​မပြုခြင်းလည်း ဖြစ်နိုင်သည်။ အုပ်ချုပ်မှုညံ့ဖျင်းခြင်းကြောင့်​လည်း ပြည်သူများအနေဖြင့် ၎င်းတို့၏ တရားဝင်နိုင်ငံသား​ဖြစ်မှုကို သက်သေပြနိုင်ရန် တရားဝင် စာရွက်စာတမ်းများ လျှောက်ထားရာတွင် အဟန့်အတား ဖြစ်စေနိုင်သည်။ အခြေခံ​အဆောက်အအုံ အားနည်းခြင်းသည်လည်း ပြည်သူများအနေဖြင့် ၎င်းတို့၏ တရားဝင်နိုင်ငံသားဖြစ်မှုကို လျှောက်ထားရာတွင် တရားဝင်​ဝန်ဆောင်မှုများကို လက်လှမ်းမီရန် ကြိုးစားရာတွင် အဟန့်အတားဖြစ်စေနိုင်သည်။ နိုင်ငံမဲ့ခြင်း၏ အကြောင်းရင်း​များမှာ ရည်ရွယ်ချက်ရှိရှိ ဟန့်တားထားခြင်းများ သို့မဟုတ် မတော်တဆဖြစ်ခြင်းများလည်း ရှိနိုင်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ အစိုးရများတွင် နိုင်ငံမဲ့ပြည်သူများမရှိစေရန် သေချာစီမံခန့်ခွဲရမည့် တာဝန်ဝတ္တရားမှာ အစိုးရများ၏ တာဝန်ဝတ္တရားများ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ​စာတမ်းအရ တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့် ဆိုသည်မှာ လူသားတိုင်း ရယူပိုင်ဆိုင်ခွင့် ရှိသင့်သည့် အခြေခံ​လူ့အခွင့်အရေးဖြစ်သည်။


ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. အထက်တွင်ပြသခဲ့သော အခြေအနေနှင့် ပတ်သက်၍ မြင်ဖူး၊ ကြားဖူး၊ ကြုံတွေ့ဖူးခြင်း ရှိခဲ့ပါသလား။
  2. အကယ်၍ ထိုအခြေအနေများကို သင်ကိုယ်တိုင်ကြုံတွေ့လာ​ပါက သင်မည်သို့ ခံစားရမည်နည်း။
  3. လက်တွေ့အရ နိုင်ငံမဲ့ခြင်း ဖြစ်စေနိုင်သည့် အခြား​အဟန့်အတားများကို သင်စဉ်းစားနိုင်ပါသလား။
  4. ဥပဒေအရ de jure သို့မဟုတ် လက်တွေ့အရ de facto နိုင်ငံမဲ့သောသူ တစ်ဦးတစ်ယောက်နှင့် သင် သိကျွမ်းပါ​သလား။

 

မြန်မာ့ရေးရာ
ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံမဲ့ခြင်း


၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (၂၀၁၉ ခုနှစ် ကုလသမဂ္ဂ၏ အထူးပြုနယ်ပယ်​အလိုက် လုပ်ငန်းအဖွဲ့) မှ ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ၏ နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေထိုင်ခြင်းစစ်တမ်းအရ

ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉) ခုတွင် မြန်မာနိုင်ငံမှ ခိုလှုံနေထိုင်သူဦးရေ (၁၀၀,၀၀၀) ဦးရှိကြောင်း​သိရသည်။ ထိုလူဦးရေ ထက်ဝက်ခန့်ကိုသာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံမှ ခိုလှုံနေထိုင်သူဦးရေ အပြောင်းအလဲကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ https://data2.unhcr.org/en/situations/thailand ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

အဆိုပါ နောက်ဆုံးရသတင်းအချက်အလက်တွင် ဖော်ပြထားသူများထဲ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် မှတ်တမ်းတင်ထားခြင်း​မရှိသူများလည်း ပါဝင်နေကြသည်။

ထိုသူများအနက် မြန်မာနိုင်ငံမှ တရားဝင်နိုင်ငံသားဖြစ်မှု အထောက်အထား စာရွက်စာတမ်း တစ်မျိုးမျိုးရရှိထားသူ မည်မျှ​ရှိကြောင်းကို ဖော်ပြထားသည့် စာရင်းအချက်အလက်များ မရှိပါ။ သို့ရာတွင် လူအများစု၌ အထောက်အထား စာရွက်​စာတမ်းများမရှိဟု ယေဘုယျအားဖြင့် တွက်ဆကြည့်နိုင်​ပါသည်။ ထိုအခြေအနေသည် ထိုသူတို့၏ လက်တွေ့အားဖြင့် နိုင်ငံမဲ့ခြင်း ဖြစ်နိုင်ခြေကို ပိုများစေသည်။ ခန့်မှန်းခြေအားဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်သူ၏ ၃၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့ကြပြီး ကျန် ၇၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံ၏ ဝေးလံသောဒေသ သို့မဟုတ် တိုင်းရင်းသား​လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိန်းချုပ်ခံဒေသများမှ ရောက်ရှိလာသူများဖြစ်ကြသည်။


Activity

Visit the website to see the current population overview of persons from Myanmar living in refugee camps along the Thai-Myanmar border. Look at past monthly population overviews. Do you notice any trends?

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ