၂.၂ ဖိနှိပ်ခြင်း

ဖိနှိပ်ခြင်း

အကြိုလေ့လာချက်

‘ဖိနှိပ်မှု’ ဟူသော ဝေါဟာရကို ကြားမိသည့်အခါ သင်မည်သို့ ထင်မြင်သနည်း။

ဖိနှိပ်ချုပ်ချယ်ခြင်းဟူသည် မမျှမတဆက်ဆံခြင်းဖြစ်ပြီး အုပ်စုဝင်ဖြစ်မှုအပေါ် အခြေခံ၍ အထူးအခွင့်အရေးများ ပေးခြင်း၊ ထိခိုက်နစ်နာမှု ဖြစ်ခြင်းတို့ကို ဖြစ်ပွားအောင် ပြုလုပ်ခြင်း​ဖြစ်သည်။ လူများစုက လူနည်းစုထက် ပိုမိုသာလွန်သည်​ဟူသော အယူအဆကို အခြေခံ၍ ဖိနှိပ်ချုပ်ချယ်မှု ပြုလုပ်တတ်​ကြပါသည်။ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း၊ ရည်ရွယ်ချက်မရှိဘဲ မတော်တဆသော်လည်းကောင်း ဖိနှိပ်​ချုပ်ချယ်မှု ပြုလုပ်တတ်ကြပါသည်။ ဖိနှိပ်ချုပ်ချယ်မှုသည် တစ်ဦးတစ်ယောက်ချင်းအဆင့်တွင်လည်းကောင်း၊ အဖွဲ့အစည်း​ဆိုင်ရာ အဆင့်တွင်လည်းကောင်း၊ ယဉ်ကျေးမှုဆိုင်ရာ​အဆင့်တွင်လည်းကောင်း ဖြစ်တည်နိုင်သည်။ တစ်ဦး​တစ်ယောက်ချင်းစီအလိုက် ဖိနှိပ်ချုပ်ချယ်ရာတွင် လူနည်းစုများ​အပေါ် ရည်ရွယ်၍ အတ္တစွဲဖြင့် ပြုလုပ်သည့် အပြုအမူများ၊ ဆောင်ရွက်မှုများ ပါဝင်ပါသည်။ တစ်ဦးတစ်ယောက်ချင်းစီ​အလိုက် ဖိနှိပ်ချုပ်ချယ်မှုသည် လူအချင်းချင်းနှင့် အုပ်စု​အချင်းချင်း အပြန်အလှန်ဆက်နွယ်မှုနှင့် ဆက်ဆံရေးများအပေါ် သက်ရောက်မှု ရှိစေသည်။

အဖွဲ့အစည်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ်ခြင်းတွင် ထိုအဖွဲ့အစည်းများ လိုက်နာသည့် ဥပဒေများနှင့် မူဝါဒများ ပါဝင်လေ့ရှိသည်။ အဖွဲ့အစည်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ်ခြင်း၏ သက်ရောက်မှုသည် ကျယ်ပြန့်ပြီး အတိုင်းအတာကြီးမားကာ လူမှုပတ်ဝန်းကျင် ဖွဲ့စည်းတည်ဆောက်ပုံကို ပုံဖော်ဖန်တီးသည်။ တလွဲမာနထားသော ရာဇဝင်ဇာတ်ကြောင်းများနှင့် ပုံရိပ်များကို ထပ်ဟပ်ထားပြီး အားပေးအားမြှောက်ပြုနေသည့် အနုပညာ၊ မီဒီယာနှင့် ပညာရေးတို့မှာလည်း ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ချုပ်ချယ်ခြင်းတွင် ပါဝင်သည်။ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဖိနှိပ်ခြင်းတို့သည် တရားမျှတမှန်ကန်မှုရှိပြီး သမားရိုးကျ ကိစ္စသဖွယ်ဖြစ်လာအောင် ပြုလုပ်ခြင်းတို့သည် ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ချုပ်ချယ်ခြင်းတို့၏ အကျိုးဆက်များ ဖြစ်ကြသည်။

ထိုဖိနှိပ်ချုပ်ချယ်မှုအဆင့်များသည် အပြန်အလှန်ဆက်နွယ်နေပြီး အချင်းချင်း အားဖြည့်ပေးသည်။ လူများစုက လူနည်းစုများထက် ပိုမိုသာလွန်သည်ဟူသော ယုံကြည်မှု သို့မဟုတ် အယူဝါဒသည် ဖိနှိပ်ချုပ်ချယ်ခြင်းကို စတင်ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် လူများစုသည် ထိုဖိနှိပ်ချုပ်ချယ်ခြင်းကို အတည်တကျ သတ်မှတ်ပြဌာန်းပြီး ယဉ်ကျေးမှုကို အသုံးချ၍ တရားမျှတကြောင်း ပြသလာတတ်ကြသည်။ လူတို့သည် အဖွဲ့အစည်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ချုပ်ချယ်ခြင်းတို့ ဝန်းရံနေသော လူမှုပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသည်။ ထိုအခါ ၎င်းတို့၏ အတွေးအခေါ်နှင့် အပြုအမူများသည် ထိုဖိနှိပ်ခြင်းအဆင့်နှစ်ခု၏ ပုံဖော်​ဖန်တီးခြင်းကို ခံရနိုင်ခြေရှိသည်။

ထိုဖိနှိပ်ချုပ်ချယ်မှုအဆင့်နှစ်ခု၏ ရလဒ်အကျိုးဆက်အနေဖြင့် လူများစုဝင်တို့သည် အထူးအခွင့်အရေးများကို ရရှိနိုင်ကြသည်။ ထိုအခါ ၎င်းတို့အနေဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်းကို အားပေးသည့် ယုံကြည်မှု သို့မဟုတ် နိုင်ငံရေးအယူဝါဒကို သိစိတ်ဖြင့်ဖြစ်စေ၊ မသိစိတ်ဖြင့်ဖြစ်စေ ထောက်ခံလာစေနိုင်သည်။

ထိုဖိနှိပ်ချုပ်ချယ်ခြင်း အဆင့်သုံးဆင့်လုံးသည် လူနည်းစုဝင်များ​အတွက် အပျက်သဘောဆောင်သော သက်ရောက်မှုမျိုး ဖြစ်စေသည်။ အချိန်ကာလကြာမြင့်သည်နှင့်အမျှ ဖိနှိပ်ချုပ်ချယ်ခြင်းကို အားပေးသည့် နိုင်ငံရေးအယူဝါဒ ယုံကြည်မှုကို နှလုံးသွင်းခံယူလာစေနိုင်သည်။ နှလုံးသွင်းခံယူခြင်းဆိုသည်မှာ အဆိုပါယုံကြည်မှုကို မိမိ၏ ကိုယ်ပိုင်ယုံကြည်မှုအဖြစ် သဘောတူလက်ခံခြင်း သို့မဟုတ် သိမ်းသွင်းမှတ်ယူခြင်းကို ဆိုလိုသည်။ ထိုအရာသည် သူတို့၏ မိမိကိုယ်ကို တန်ဖိုးထားမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်။

 ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

ဖိနှိပ်ချုပ်ချယ်မှုအကြောင်းကို သင်ကိုယ်တိုင် မြင်ဖူး၊ ကြားဖူး၊ ဖြစ်ပျက်ခဲ့ဖူးသလား။ ထိုဖိနှိပ်ချုပ်ချယ်မှုသည် တစ်ဦးချင်းဆိုင်ရာ ဖိနှိပ်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာဖိနှိပ်ခြင်း သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာဖိနှိပ်ခြင်း ပုံစံဖြစ်ပါသလား။ ထိုဖိနှိပ်ချုပ်ချယ်မှုကြောင့် မည်သည့်အကျိုးဆက်များ ဖြစ်ခဲ့ပါသနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ