၁.၁.၄

အာဏာနှင့် အထူးအခွင့်အရေး

အကြိုလေ့လာချက်
‘အာဏာ’ ဟူသော စကားလုံးနှင့် မည်သည့်စကားလုံးများကို သင်​ဆက်စပ်တွေးတောမိသနည်း။ စိတ်အာရုံထဲတွင် ပုံဖော်ကြည့်ပါ။

လူများအနေဖြင့် အရင်းအမြစ်များကို ထိန်းချုပ်နိုင်ပြီး ၎င်းတို့အလိုရှိရာကို ရယူနိုင်စွမ်းရှိသည့်အခါတွင် အာဏာရှိ​သည်ဟု ညွှန်းဆိုနိုင်ပါသည်။ ထိုအရင်းအမြစ်များသည် အရာဝတ္ထုပစ္စည်း၊ လူသား၊ ဉာဏ်ပညာပိုင်းဆိုင်ရာ သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာများ ဖြစ်နိုင်ပါသည်။ မိမိအလိုရှိရာကို ရယူ​ပိုင်ဆိုင်နိုင်သူများသည် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည် -

  • အခွင့်အရေး၊ အလုပ်ရာထူး တိုးမြှင့်ခြင်း သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်ရာထူးအဆင့်များကို ရယူပိုင်ဆိုင်နိုင်ခြင်း။
  • ဥပဒေပြဌာန်းခြင်း၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း သို့မဟုတ် မိမိနှစ်သက်သူ မည်သူ့ကိုမဆို လက်ထပ်ထိမ်းမြားနိုင်ခြင်း စသည့်အရာများကို ပြုလုပ်နိုင်ခြင်း သို့မဟုတ်
  • အခြားသူတစ်ဦးတစ်ယောက်ကို ဆုံးဖြတ်ချက်အချို့ ချမှတ်စေခြင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်စေခြင်း သို့မဟုတ် လက်နက်ချစေခြင်းစသည့် ကိစ္စရပ်များတွင် အမိန့်ပေးခိုင်းစေနိုင်ခြင်း။

လူတစ်ဦးချင်း၊ လူမျိုးစုများနှင့် နိုင်ငံများသည် ဤသို့သော အရင်းမြစ်များအပေါ် ထိန်းချုပ်ထားကြပြီး ၎င်းတို့အလိုရှိရာကို တစ်ယောက်နှင့်တစ်ယောက် အတိုင်းအတာ မတူညီကြ​သည့်တိုင် ရယူပိုင်ဆိုင်နိုင်ပါသည်။ သို့ဖြစ်၍ ထိုသူတို့၏ အာဏာရှိမှု အတိုင်းအတာများမှာ မတူညီနိုင်ကြပါ။ အာဏာသည် ဆက်ဆံရေးများနှင့် အခြေအနေများအပေါ် မူတည်နေသည့်အတွက် အညီအမျှ ခွဲဝေထားခြင်းမရှိပါ။ ထိုအခြေအနေသည် လူမှုအသိုက်အဝန်းနှင့် လူ့အဖွဲ့အစည်းတို့​အတွင်း အာဏာမျှခြေပျက်ယွင်းမှုများကို ဖြစ်လာစေနိုင်​ပါသည်။ အာဏာမျှခြေ ပျက်ယွင်းမှုများကို ကြီးမားသော​စနစ်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံများတွင် တွေ့မြင်ရနိုင်​ပါသည်။

ထိုစနစ်နှင့် ဖွဲ့စည်းတည်ဆောက်ပုံများသည် လူမှုအသိုက်အဝန်း​နှင့် လူ့အဖွဲ့အစည်းတွင် အခွင့်ထူးခံလူတန်းစားနှင့် အပယ်ခံ​လူတန်းစားများကို ဖန်တီးပေးသည်။ အထူးအခွင့်အရေး ​ဆိုသည်မှာ လူတစ်ဦးတစ်ယောက်ကို လူမျိုးစုဝင်ဖြစ်ခြင်းအပေါ်​မူတည်၍ အာဏာရရှိစေသည့် အသာစီး အနေအထားကို ဆိုလိုခြင်းဖြစ်ပါသည်။ ယင်းသို့သော လူများသည် ယေဘုယျအားဖြင့် လူများစုထဲတွင် ပါဝင်နေတတ်ကြပါသည်။ တစ်နည်းအားဖြင့် ထိုသူတို့သည် အာဏာရရှိရန် မည်သည့် ကိစ္စမျိုးဆောင်ရွက်ခဲ့သည်၊ ဆောင်ရွက်နိုင်စွမ်းရှိသည်ဟူသော အချက်ထက်စာလျှင် ၎င်းတို့ မည်သူမည်ဝါဖြစ်သည်ဟူသော အချက်အပေါ် အခြေခံပြီး အာဏာရယူထားကြသူများဖြစ်သည်။ အခြားလူမျိုးစုဝင်များမှာမူ ထိုသို့သော အထူးအခွင့်အရေး မရရှိသည့်အတွက် ထိခိုက်နစ်နာကြရပါသည်။ နစ်နာသူများ​မှာလည်း ယေဘုယျအားဖြင့် လူနည်းစုများ ဖြစ်ကြသည်။

အထူးအခွင့်အရေးရရှိခြင်းသည် အမြဲတစေ ဆိုးရွားသည်ဟု မဆိုနိုင်ပါ။ အခွင့်ထူးခံလူမျိုးစုဝင်များသည် ၎င်းတို့၏ အာဏာရယူပိုင်ခွင့်ကို အသုံးချခြင်းရှိမရှိနှင့် ဤသို့ အသုံးချခြင်းကြောင့် အခွင့်အရေးတန်းတူ မရရှိသော လူမျိုးစုများအပေါ် မည်သို့ သက်ရောက်မှုရှိသည်ဟူသော အချက်တို့အပေါ် မူတည်နေပါသည်။ အခွင့်ထူးခံ လူမျိုးစုဝင်များအနေဖြင့် ၎င်းတို့၏ အာဏာနှင့် နီးစပ်မှုအား အခွင့်အရေး တန်းတူမရသော လူမျိုးစုဝင်များကို တိုက်ခိုက်သည့် ဘက်မှသော်လည်းကောင်း၊ အားပေးကူညီသည့် ဘက်မှသော်လည်းကောင်း အသုံးပြုလာနိုင်သည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

၁။ သင့်တွင် လူများစုသွင်ပြင်လက္ခဏာများဟု ယူဆထားသော မည်သည့်သွင်ပြင်လက္ခဏာများ ရှိသနည်း။

၂။ ထိုသွင်ပြင်လက္ခဏာများနှင့် ပတ်သက်ပြီး သင်မည်သို့ ခံစားရသနည်း။

၃။ လူများစုသွင်ပြင်လက္ခဏာ တစ်ခုခုကြောင့် သင့်တွင် အထူးအခွင့်အရေး ရရှိပါသလား။ ရရှိပါက မည်သည့် အထူးအခွင့်အရေး ဖြစ်သနည်း။

 


ယုံတမ်းစကား သို့မဟုတ် လက်တွေ့ဖြစ်ရပ်မှန်

လုပ်ငန်း

အာဏာ၊ အထူးအခွင့်အရေးတို့နှင့် စပ်လျဉ်း၍ လူအများ၏ ထင်မြင်ယူဆချက်များ ရှိပါသည်။ အောက်တွင် ဖော်ပြထားသော လူအများ၏ ထင်မြင်ယူဆချက်ကို ဖတ်ရှုပြီး သင့်အနေဖြင့် မည်သည့်အရာကို ယုံတမ်းစကား (မှား) သို့မဟုတ် လက်တွေ့ဖြစ်ရပ်မှန် (မှန်) ဟု ယူဆကြောင်း ဖော်ပြပါ။

၁။ အထူးအခွင့်အရေး ရရှိထားသော လူများစုဝင်အနေဖြင့် အခက်အခဲများကို ရင်ဆိုင်နိုင်စွမ်း မရှိပါ။

၂။ အထူးအခွင့်အရေး ရရှိထားသူ​အားလုံးသည် မိမိတို့၏ အခြေအနေကို နားလည်​သဘောပေါက်ထားကြသည်။

၃။ အခွင့်ထူးခံ လူမျိုးစုများသည် မိမိတို့၏ အထူးအခွင့်အရေးကို အခွင့်အရေးတန်းတူမရရှိသော လူမျိုးစုများအတွက် အသုံးချမည်​ဆိုပါက အခွင့်အရေးတန်းတူ မရရှိသော လူမျိုးစုတို့၏ အခြေအနေများသည် တိုးတက်​ပြောင်းလဲလာနိုင်သည်။

၄။ လူများစုအားလုံးသည် အထူးအခွင့်အရေးကို ရရှိထားကြသည်။

၅။ အချို့သူများသည် အာဏာ​အားလုံးကို ထိန်းချုပ်ထားပြီး ကျန်သူများမှာ အာဏာမဲ့နေ​ကြသည်။

၆။ မိမိတို့ရရှိထားသော အထူး​အခွင့်အရေးများအကြောင်း သိနားလည်ခြင်းသည် ထိုသူတို့အတွက် အကျိုးထူးစေသည်။

၇။ အခွင့်ထူးခံ လူမျိုးစုဝင်များသည် အခွင့်အရေး တန်းတူမရသော လူမျိုးစုဝင်တို့အား မည်သည့်​အခါမျှ ဂရုစိုက်ခြင်း မရှိကြပါ။

၈။ အခွင့်အရေးတန်းတူမရသော လူမျိုးစုဝင်များသည် အခွင့်ထူးခံ​လူမျိုးစုများတွင် တွေ့မြင်နေကျ​ဖြစ်သော အရာများကို မည်သည့်​အခါမျှ မပိုင်ဆိုင်နိုင်ကြပါ။

၉။ အခွင့်အရေးတန်းတူမရသော လူမျိုးစုဝင်များ၏ အခြေအနေသည် မည်သည့်​အခါမျှ တိုးတက်လာခြင်း​မရှိဘဲ ထိုအခွင့်အရေး တန်းတူမရသည့် အတိုင်းသာ အမြဲတမ်း ဖြစ်နေနိုင်သည်။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ