၆.၂

နိုင်ငံသားအခွင့်အရေးများ၊ နိုင်ငံရေးအခွင့်အရေးများနှင့် ဆက်နွယ်နေသည့် နိုင်ငံ့ဥပဒေများ

အကြိုလေ့လာချက်

၁။ အောက်ပါတို့အနက်မှ မည်သူတို့သည် နိုင်ငံရေးပါတီတစ်ခုအတွက် မှတ်ပုံတင်ခွင့်မရှိသူများဟု ထင်ပါသနည်း။

(က) ရပ်ရွာလူကြီးတစ်ဦး

(ခ) အစ္စလာမ်ခေါင်းဆောင်တစ်ဦး

(ဂ) ဗုဒ္ဓဘာသာဝင် သီလရှင်တစ်ဦး

(ဃ) စင်္ကာပူနိုင်ငံတွင် နေထိုင်ရာမှ ပြန်လာသော မြန်မာနိုင်ငံသားတစ်ဦး

(င) မြန်မာနိုင်ငံတွင် နေထိုင်သော စင်္ကာပူနိုင်ငံသားတစ်ဦး

(စ) တိုင်းရင်းသား လူနည်းစုဝင် တက်ကြွလှုပ်ရှားသူတစ်ဦး

(ဆ) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ဖွဲ့မှ စစ်မှုထမ်းဟောင်းတစ်ဦး

(ဇ) လိမ်လည်မှုဖြင့် ထောင်ချခံခဲ့ရသည့် အကျဉ်းသား(ဟောင်း)တစ်ဦး

၂။ “ငြိမ်းချမ်းစွာ” စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းတို့ကိုဆောင်ရွက်နိုင်အောင် မည်သည့်အချက်က လုပ်ဆောင်ပေးသည်ဟု ထင်ပါသနည်း။

၃။ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် ခန့်အပ်ခံရသူများဟု ထင်ပါသလား သို့မဟုတ် ရွေးကောက်ခံရသူများဟု ထင်ပါသလား။

၂၀၁၀ ခုနှစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း အက်ဥပဒေ

ဤဥပဒေတွင် နိုင်ငံရေးပါတီမှတ်ပုံတင်ပုံ၊ နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်းများနှင့် ထိုစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ပါက ဖြစ်နိုင်သည့်အချက်များကို ရှင်းပြထားသည်။

ဤဥပဒေတွင် ပြဌာန်းထားသည့် လူနည်းစုဆိုင်ရာ လူ့အခွင့်အရေးတစ်ရပ်မှာ -

  • ဥပဒေအရရှိရန် လိုအပ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတည်းတွင်သာ လှုပ်ရှားမည်ဆိုပါက နိုင်ငံရေးပါတီတစ်ခု မှတ်ပုံတင်ရာတွင် ပါတီဝင် ၁၅ ဦးသာရှိရန် လိုအပ်သည်။ ဤစည်းကမ်းများအရ လူနည်းစုများသည် ကိုယ်ပိုင်ဒေသဗဟိုပြုသည့် နိုင်ငံရေးပါတီများ သို့မဟုတ် ပင်ကိုယ်စရိုက်လက္ခဏာများကို ဗဟိုပြုသည့် နိုင်ငံရေးပါတီများကို ထူထောင်ခွင့်ရှိသည်။ သို့သော် မှတ်ပုံတင်ပြီး ရက် ၉၀ အကြာတွင် ပါတီအနေဖြင့် အနည်းဆုံး ပါတီဝင်ဦးရေ ၅၀၀ ရှိကြောင်း သက်သေပြရမည်။ ပါတီသည် ရွေးကောက်ပွဲများ၌ အနည်းဆုံး မဲဆန္ဒနယ်သုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရမည်။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည်။ -

  • ဥပဒေအရ နိုင်ငံရေးပါတီများသည် ပြည်ထောင်စု “မပြိုကွဲရေး” နှင့် “အမျိုးသား စည်းလုံးညီညွတ်ရေး” တို့ အပါအဝင် အချို့သော တန်ဖိုးများနှင့် မူများကို ထောက်ခံရန် လိုအပ်သည်။ နိုင်ငံရေးပါတီများသည်

“နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ” ရမည်ဖြစ်ပြီး “စည်းကမ်းပြည့်၀သော” “ပါတီစုံဒီမိုကရေစီစနစ်” ကိုလည်း လက်ခံရမည်။ ပါတီတစ်ခုသည် မှတ်ပုံတင်သည့်အခါ အဖွဲ့ဝင်များအနေဖြင့် ထိုတန်ဖိုးများနှင့် မူများကို ချိုးဖောက်ရာရောက်သည့် အလံ၊ သင်္ကေတ သို့မဟုတ် ပါတီအမည်ကို အဆိုပြုနိုင်မည် မဟုတ်ပါ။ တိုင်းရင်းသား လူနည်းစုအချို့နှင့် ဌာနေတိုင်းရင်းသား လူနည်းစု အချို့ကမူ ဤတန်ဖိုးများနှင့် မူများကို သဘောတူနိုင်မည် မဟုတ်ပါ။

  • “နိုင်ငံတော်အား လက်နက်ကိုင်ပုန်ကန်သည့် သောင်းကျန်းသူ အဖွဲ့အစည်း”၊ “အကြမ်းဖက်မှု ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသည့် အဖွဲ့အစည်း” သို့မဟုတ် “မတရားအသင်း” ၏ အဖွဲ့ဝင်ဖြစ်သူများအား နိုင်ငံရေးပါတီတစ်ခုကို မှတ်ပုံတင်ခွင့် သို့မဟုတ် အသင်းဝင်အဖြစ် ဝင်ရောက်ခွင့်မပြုပါ။
  • ထိုကဲ့သို့သော အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်မှုပြုသူများကိုပင် ၎င်းတို့၏ ပါတီမှတ်ပုံတင်ခြင်းကို တားမြစ်သည်။ တိုင်းရင်းသားလူမျိုးများ၊ ဌာနေတိုင်းရင်းသားများနှင့် ဘာသာရေး လူနည်းစုများကို ၎င်းတို့၏ အဖွဲ့အစည်းများက နိုင်ငံတော်မှ တရားမဝင်ဟု ကြေညာထားခြင်းကြောင့် ၎င်းတို့မှာ ပစ်မှတ်ထားခံရနိုင်သည်။
  • နိုင်ငံတော်မှ တရားမဝင်ဟု ကြေညာထားသော အဖွဲ့အစည်းများသည် နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခြင်းမပြုနိုင်ပါ။ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများသည် “နိုင်ငံတော်အား လက်နက်ကိုင်ပုန်ကန်ခြင်း” ကဲ့သို့သော တရားမဝင် ကိစ္စတစ်ခုခုကို ပြုလုပ်ပါက ၎င်းတို့၏ မှတ်ပုံတင်ခြင်းကို ပယ်ဖျက်ခံရလိမ့်မည်။
  • ပြစ်မှုကျူးလွန်ထားသူများက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းကို တရားဥပဒေအရ တားမြစ်ထားသည်။ အထူးသဖြင့် လူနည်းစုအဖွဲ့ဝင်များသည် အခြားသော လူများစု အဖွဲ့ဝင်များထက် မတရားသောနည်းဖြင့် ထောင်ဒဏ်ချမှတ်ခံရနိုင်သောကြောင့် ၎င်းတို့အပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်။
  • ပုဒ်မ ၄ နှင့် ၁၀ တွင် “သာသနာ့ဝန်ထမ်းများ” ကို နိုင်ငံရေးပါတီတစ်ခု မှတ်ပုံတင်ခွင့် သို့မဟုတ် နိုင်ငံရေးပါတီဝင်ဖြစ်ခွင့် မပြုထားပါ။ သို့သော် ဤဥပဒေတွင် “ဘာသာရေးအဖွဲ့အစည်းများ” ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်များကိုသာ ရည်ညွှန်းသည်။ အခြားဘာသာရေးအဖွဲ့အစည်းများကိုမူ ဖော်ပြထားခြင်း မရှိပေ။
  • နိုင်ငံရေးပါတီများက ဘာသာရေးအလွဲသုံးစားမှုကို မပြုလုပ်နိုင်သော ကန့်သတ်ထားသော အချက်များမှာ ကျယ်ပြန့်ရှုပ်ထွေးလှသည်။ ဘာသာရေးလူနည်းစုများကို ပါတီများ မဖွဲ့စည်းနိုင်စေရန် တားဆီးရာတွင် ထိုပုဒ်မများကို အသုံးပြုခြင်း ရှိကောင်းရှိနိုင်သည်။
  • တရားဝင်နိုင်ငံသားဖြစ်ပြီးသူများသာ နိုင်ငံရေးပါတီတစ်ခုကို မှတ်ပုံတင်နိုင်သည်။ ထိုအချက်မှာ နိုင်ငံရေးပါတီမှတ်ပုံတင်ရာတွင် နိုင်ငံမဲ့ပုဂ္ဂိုလ်များကို ဖယ်ထုတ်ထားသည့်အချက်ဖြစ်သည်။
  • နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပြီး ထိုဆုံးဖြတ်ချက်များသည်သာ အတည်ဖြစ်သည်။ လူနည်းစုများသည် သူတို့၏ လျှောက်လွှာများကို မတရားပယ်ချခံရနိုင်သလို အယူခံဝင်ရန် အခွင့်အရေးလည်း မရှိပေ။

၂၀၁၁ ခုနှစ်၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၄ ခုနှစ်တွင် ပြင်ဆင်ခဲ့)

ဤဥပဒေအရ အနည်းဆုံး ၅ ရက် ကြိုတင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ ခွင့်ပြုချက်ရရှိပါက အများပြည်သူ စုဝေးခြင်းများနှင့် စီတန်းလှည့်လည်ခြင်းများကို စီစဉ်လုပ်ဆောင်ခွင့်နှင့် ပါဝင်ခွင့်ရှိသည်။ အကယ်၍ စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်းသည် “နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာငြိမ်းချမ်းသာယာရေးနှင့် ပြည်သူလူထု၏ ကိုယ်ကျင့်တရား” ကို ချိုးဖောက်ခြင်းမရှိပါက ခွင့်ပြုချက် ပေးရမည်။ ဤဥပဒေအရ မြို့နယ်ရဲတပ်ဖွဲ့သည် စုဝေးမှုများနှင့် စီတန်းလှည့်လည်မှုများတွင် ပါဝင်သူများအတွက် ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုပေးရမည်။ ပါဝင်သူဖြစ်စေ၊ မပါဝင်သူဖြစ်စေ အကြမ်းဖက်ခြင်း၊ လုံခြုံရေးကို ခြိမ်းခြောက်ခြင်း သို့မဟုတ် မလျော်မကန်ပြုခြင်းတို့ လုပ်ဆောင်သူများကို ဤဥပဒေအရ တရားစွဲဆိုနိုင်သည်။

လူနည်းစုများနှင့် သက်ဆိုင်သည့် ဤဥပဒေပါ လူ့အခွင့်အရေးတစ်ခုမှာ -

  • လူထုစုဝေးခြင်းများ စီစဉ်ကျင်းပခြင်းနှင့် နောက်ခံအကြောင်းအရာတို့ကို စည်းကြပ်ထိန်းကွပ်ရန် ဤဥပဒေကို အသုံးပြုနိုင်သည်။ ဤဥပဒေ၏ ရည်ရွယ်ချက်များအနက်တစ်ခုမှာ ရပ်ရွာအတွင်း “ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး” ရှိစေရန်ဟူသည့် အချက်ဖြစ်သည့်အတွက် ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အမုန်းစကားများမှ ကာကွယ်ပေးနိုင်သည်။ ဤကာကွယ်မှုများသည် လူနည်းစုဝင်များအတွက် အထူးအရေးကြီးသည်။ ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည်။
  • ဥပဒေသည် “နိုင်ငံသားများ” ကိုသာ အခွင့်အရေးပေးထားသည်။ ဆိုလိုသည်မှာ နိုင်ငံမဲ့ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရှိ အခြားသော တရားဝင်နိုင်ငံသား ဖြစ်ထားခြင်း မရှိသူများသည် စုဝေးမှုနှင့် စီတန်းလှည့်လည်မှုများကို စီစဉ်ကျင်းပပိုင်ခွင့် သို့မဟုတ် ပါဝင်ပိုင်ခွင့် မရှိပါ။
  • ဥပဒေအရ နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ “ဆန္ဒများနှင့် ခံယူချက်များ” ကို ထုတ်ဖော်ပြောဆိုခွင့်သာ ရှိသည်။ နိုင်ငံသားများ၏ ဝေဖန်မှုပြောဆိုခွင့်နှင့် ပတ်သက်၍ ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပါ။ ဤအချက်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားခြင်းဖြစ်သည်။
  • ကြိုတင်လျှောက်လွှာတင်ရမည့် လုပ်ငန်းစဉ်ရှိနေသည့်အတွက် ကန့်ကွက်ဆန္ဒပြခြင်းကဲ့သို့သော အလိုအလျောက် ဖြစ်ရပ်များသည် တရားမဝင်ပါ။
  • စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်းတို့ကို စီစဉ်ကျင်းပရန်အတွက် လျှောက်လွှာတွင် အသေးစိတ် အချက်အလက်များ ဖော်ပြရန် လိုအပ်သည်။ ဥပမာဆိုရသော် စီစဉ်သူ၊ တက်ရောက်ဟောပြောမည့်သူများ၊ ခေါင်းစဉ်များနှင့် အကြောင်းအရာများကို ရဲက စစ်ဆေးသည်။ ဤအချက်သည် လူနည်းစုများမှ စီစဉ်သူများအား ခွဲခြားဆက်ဆံမှုရှိသည့် ဆုံးဖြတ်ချက်များကို ရဲက ချမှတ်စေနိုင်သည်။
  • အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ပတ်သက်၍လည်းကန့်သတ်ချက်များရှိသည်။ အလံများသည် ‘တရားဝင်’ အလံများဖြစ်ရန် လိုအပ်သည်။ ဤအချက်အရ လူနည်းစုများအနေဖြင့် သင်္ကေတများမှတစ်ဆင့် မိမိတို့ကိုယ်ကို မည်သို့ သတ်မှတ်ဖော်ပြပုံနှင့် ထုတ်ဖော်ပြောဆိုနိုင်ပုံတို့အပေါ် အကျိုးသက်ရောက်နိုင်သည်။ “ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့်” ပိုစတာများကို ခွင့်မပြုပါ။ ဤအချက်သည် လူနည်းစုများအနေဖြင့် ဆုံးဖြတ်ချက်ချသူများအား ဝေဖန်နိုင်ခြင်း၊ မဝေဖန်နိုင်ခြင်းအပေါ် သက်ရောက်မှုရှိသည်။
  • စည်းဝေးမှုများနှင့် စီတန်းလှည့်လည်မှုများတွင် ပါဝင်သူများ၏ အပြုအမူများအား ကန့်သတ်ချက်များ မှာလည်း ကျယ်ပြန့်ရှုပ်ထွေးလှသည်။ ဤအချက်အရ ရဲများက ပါဝင်သူများအား မတရားဖမ်းဆီးခြင်းကိုလည်းကောင်း၊ လူစုခွဲခြင်းကိုလည်းကောင်း လုပ်ဆောင်နိုင်သည်။

၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ (၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ပြင်ဆင်ခဲ့သည်)

ဤဥပဒေတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား အုပ်ချုပ်ပုံနှင့် ပတ်သက်ပြီး ဖော်ပြထားသည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးကောက်တင်မြှောက်ပုံ၊ ၎င်းတို့တွင်ရှိသင့်သည့် အရည်အချင်းသတ်မှတ်ချက်များနှင့် တာဝန်ဝတ္တရားများကို ဖော်ပြထားသည်။ ထို့ပြင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ကူညီပေးရသည့် စာရေးများ၏ အရည်အချင်းသတ်မှတ်ချက်များနှင့် တာဝန်ဝတ္တရားများကိုလည်း ဖော်ပြထားသည်။

လူနည်းစုများနှင့် သက်ဆိုင်သည့် ဤဥပဒေပါ လူ့အခွင့်အရေးအချို့မှာ -

  • ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ “နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း”၊ “လူမှုအသိုင်းအဝိုင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားခြင်း” နှင့် ဘေးအန္တရာယ်ကျရောက်ချိန်တွင် ဒေသခံများအား ကူညီခြင်းစသည့် အခြေခံမူများကို လိုက်နာကျင့်သုံးရန် လိုအပ်သည် (ပုဒ်မ ၁၂ (ခ)၊ (ဃ) နှင့် (င))။
  • ဥပဒေအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ဘာသာရေး၊ ကျန်းမာရေးနှင့် ပတ်သက်သော အခွင့်အရေးများ (ပုဒ်မ ၂၄ (ခ) နှင့် (င))၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများကို မြေတောင်မြှောက်ပိုင်ခွင့် (ပုဒ်မ ၂၄ (ဂ)) တို့အပါအဝင် သတ်မှတ်ထားသည့် အခွင့်အရေးအချို့ကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
  • ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် အများပြည်သူ၏ အခြေချနေထိုင်မှု၊ မွေးဖွားမှု၊ သေဆုံးမှုတို့နှင့် ပတ်သက်၍ မှန်ကန်စွာ မှတ်တမ်းတင်ရန် ကူညီပေးရသည် (ပုဒ်မ ၁၃ (ဓ))။ ထိုအထောက်အထားများသည် လူတို့အား နိုင်ငံမဲ့ခြင်းမှ ကာကွယ်ရန်အပါအဝင် မှတ်ပုံတင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လျှောက်ထားရာတွင် အထောက်အကူပြုနိုင်သည်။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက် အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည်။

  • ပုဒ်မ (၃) အရ တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ကျေးရွာများ၊ ကျေးရွာအုပ်စုများ၊ ရပ်ကွက်များနှင့် မြို့နယ်များအား အမည်ပြောင်းလဲနိုင်သည့် အခွင့်အာဏာရှိသည်။ ထိုပြောင်းလဲမှုကို ဆောင်ရွက်ရန်အတွက် (တိုင်းဒေသကြီး/ပြည်နယ်) ဝန်ကြီးချုပ်တစ်ဦးက သမ္မတ၏ ခွင့်ပြုချက်ရရန် သမ္မတအား အကြံပြုရမည်။ ဤသို့ဖြင့် တိုင်းရင်းသား လူနည်းစု ဘာသာစကားများကဲ့သို့သော ဒေသခံအမည်များကို အခြေခံပြီး မှည့်ခေါ်ထားသည့် ပထဝီဝင်နေရာများကို ဗမာဘာသာစကားဖြင့် မှည့်သည့် အမည်များအဖြစ်သို့ ပြောင်းလဲခွင့်ပြုထားသည်။
  • ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရွေးကောက်တင်မြှောက်ခြင်းကို “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ လူအများစု၏ လေးစားမှုနှင့် ဩဇာတိက္ကမရှိသည့်” “ရပ်မိရပ်ဖငါးဦး” က ကြီးကြပ်သည် (ပုဒ်မ ၆)။ ဤအချက်အရ ရပ်မိရပ်ဖ ဖြစ်လိုသည့် လူနည်းစုဝင်များကို အားနည်းစေနိုင်သည်။
  • ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအဖြစ် ရွေးကောက်တင်မြှောက်ခံရလိုသူများအနေဖြင့် “နိုင်ငံသားဖြစ်သော မိဘများမှ မွေးဖွားသော နိုင်ငံသား” (ပုဒ်မ ၅ (က)) အပါအဝင် သတ်မှတ်ထားသည့် အချက်များကို လိုက်နာရန်လိုအပ်သည်။ ဤအချက်သည် တရားဝင်နိုင်ငံသား မဖြစ်သူများကို ခွဲခြားဆက်ဆံထားသည်။ “သင့်တင့်သော ပညာအရည်အချင်း” (ပုဒ်မ ၅ (ဂ)) နှင့် “ကောင်းမွန်သော ကျန်းမာရေး” (ပုဒ်မ ၅ (ဆ)) ရှိရန်ဟူသည့် အချက်များသည် မသန်စွမ်းသူများကို ခွဲခြားဆက်ဆံနိုင်သည်။ တိုင်းရင်းသားလူမျိုးစုများ၊ ဌာနေတိုင်းရင်းသားများနှင့် ဘာသာရေး လူနည်းစုများကို လက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များအဖြစ် သတ်မှတ်ထားကြောင်း သို့မဟုတ် “မတရားအသင်းအဖွဲ့များ” နှင့် ဆက်သွယ်နေကြောင်း မှတ်ယူခံရလျှင် အရည်အချင်း မပြည့်မီဟု သတ်မှတ်သည်။ (ပုဒ်မ ၅ (ဋ))
  • ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် တိုင်းရင်းသားလူနည်းစုများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများက သဘောမတူနိုင်သည့် အချက်များဖြစ်သည့် “ပြည်ထောင်စု စည်းလုံးမှု မပြိုကွဲရေးကို လိုက်နာခြင်း၊ စောင့်ထိန်းခြင်း” နှင့် “တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး” (အပိုဒ် ၁၂ (က)) တို့ကို လိုက်နာစောင့်ထိန်းရမည်။
  • ပွဲတော်နှင့် အခမ်းအနားများကို ခွင့်ပြုချက်မရှိဘဲ ကျင်းပလျှင်ဖြစ်စေ၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်လျှင်ဖြစ်စေ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ အစီရင်ခံတင်ပြနိုင်သည် (ပုဒ်မ ၁၃ (စ))။ ဤအချက်အရ လူနည်းစုများ စုရုံးခွင့်နှင့် ဘာသာရေးကို လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ကို ကန့်သတ်နိုင်သည်။
  • ပုဒ်မ ၁၃ (န) အရ ခွင့်ပြုချက်မရရှိဘဲ သို့မဟုတ် စည်းမျဉ်း စည်းကမ်းများ အချို့နှင့် ဆန့်ကျင်ပြီး တိရစ္ဆာန်များအား သတ်ဖြတ်ခြင်းကို တရားမဝင်ဟု သတ်မှတ်သည်။ ဤအချက်သည် ဟာလ္လာဟုခေါ်သည့် မွတ်ဆလင်တို့၏ ရိုးရာဓလေ့အရ သတ်ဖြတ်မှုမလုပ်နိုင်ရန် တားမြစ်နိုင်သည်။
  • ပုဒ်မ ၁၃ (ဘ) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေများကို စီမံခန့်ခွဲခွင့်ရှိသည်။ ဤအချက်သည် တိုင်းရင်းသား လူနည်းစုများနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများ၏ စုပေါင်းမြေယာပိုင်ဆိုင်မှု၊ အသုံးပြုမှုနှင့် ပတ်သက်၍ ဒေသခံတို့၏ သိရှိပိုင်ခွင့်ကို ချိုးဖောက်နိုင်သည်။
  • ပုဒ်မ ၁၃ ၏ အခြားအပိုင်းများတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကဖြစ်စေ၊ နိုင်ငံတော်က ဖြစ်စေ အုပ်ချုပ်သည့် နေရာဒေသများသို့ ကျူးကျော်ခြင်းအား တားမြစ်သည်။ ဤအချက်ကြောင့် ထိုနေရာဒေသများကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု မှတ်ယူထားကြသည့် လူနည်းစုများနှင့် မြေယာအငြင်းပွားမှု ကိစ္စများကို ဖြစ်ပွားစေနိုင်သည်။

၂၀၁၃ ခုနှစ်၊ ဆက်သွယ်ရေးဥပဒေ

  • ဤဥပဒေသည် မြန်မာနိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းအပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့်လည်းသက်ဆိုင်သည်။ ဥပဒေအများစုသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများ၏ အခွင့်အရေးများ၊ တာဝန်များနှင့် တာဝန်ဝတ္တရားများကို ဖော်ပြထားသည်။ သို့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု သုံးစွဲသူများနှင့် သက်ဆိုင်သည့် အဓိကပုဒ်မများလည်းပါရှိပြီး ၎င်းတို့ကို အခန်း ၁၈ တွင် တွေ့နိုင်သည်။

လူနည်းစုများနှင့် သက်ဆိုင်သည့် ဤဥပဒေပါ လူ့အခွင့်အရေးအချို့မှာ -

  • ဤဥပဒေသည် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ‘ဝန်ဆောင်မှု မရရှိသေးသော နေရာဒေသများ’ သို့ တိုးချဲ့ရန် ရည်ရွယ်သည်။ အထူးသဖြင့် ကျေးလက်ဒေသနှင့် ဝေးလံခေါင်ဖျားဒေသများတွင် နေထိုင်ကြပြီး လူဦးရေ အမြောက်အမြားရှိသည့် တိုင်းရင်းသားများ၊ ဌာနေတိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများအတွက် အကျိုးရှိသည်။
  • ဤဥပဒေတွင် လွတ်လပ်၍ ကြိုတင်အသိပေး သဘောတူညီချက်ရယူခြင်း (FPIC) မူကို အပြည့်အဝ မထောက်ခံထားသော်လည်း အတော်အတန် ဆက်နွယ်မှုရှိသည့် မူများပါဝင်သည်။ ဥပမာဆိုရသော် ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်တပ်ဆင်ခြင်းမပြုမီ သဘောတူညီချက်ရယူရန် (ပုဒ်မ ၄၁ နှင့် ၄၃) နှင့် ကြိုတင်အသိပေးရန် (ပုဒ်မ ၄၄)၊ ဖြစ်လာနိုင်ခြေရှိသည့် အန္တရာယ်များကို လျှော့ချရန် (ပုဒ်မ ၄၅ နှင့် ၄၇)၊ ထိခိုက်ပျက်စီးမှုနှင့် ဒဏ်ရာများဖြစ်လာပါက လျော်ကြေးပေးဆောင်ရန် (ပုဒ်မ ၄၆) နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုကို သေချာစွာဆောင်ရွက်ရန် (ပုဒ်မ ၄၉) တို့ လိုအပ်သည်။ ထိုကဲ့သို့ ကြိုတင်ကာကွယ်မှုများသည် အထူးသဖြင့် ဌာနေတိုင်းရင်းသား လူနည်းစုများအတွက် အကျိုးရှိစေနိုင်သည်။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုအချို့ ပါဝင်နေသည် -

  • ပုဒ်မ ၆၆ (ဃ) အရ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုသည့် လူပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးဦးအား “ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” ပြုလုပ်ပါက ၎င်းတို့ကို ပြစ်ဒဏ်ချမှတ်နိုင်သည်။ ဤဥပဒေကို လူနည်းစုဝင်များ၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အား တစ်ဖက်သတ်ကန့်သတ်ရန် အသုံးပြုနိုင်သည်။
  • ပုဒ်မ ၆၈ (က) အရ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသည့် လူပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများ အနေဖြင့် “မမှန်ကန်သော သတင်းအချက်အလက်များကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း” တို့အနက်မှ မည်သည့်အချက်ကိုမဆို ပြုလုပ်ပါက ၎င်းတို့ကို ပြစ်ဒဏ်ချမှတ်နိုင်သည်။ ဤဥပဒေကို လူနည်းစုဝင်များ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား တစ်ဖက်သတ် ကန့်သတ်ရန် အသုံးပြုနိုင်သည်။
  • အခန်း (၁၉) တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ယခင် - ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန) ကို အာဏာပေးအပ်ထားသည်။ ၎င်းတို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကို ဆိုင်းငံ့ခြင်း၊ ဆက်သွယ်မှုများကို ကြားဖြတ်ယူခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကို ရယူခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများနှင့် ကိရိယာများကို ထိန်းချုပ်ခြင်း စသည်တို့အတွက် လုပ်ပိုင်ခွင့်အာဏာများ ပါဝင်သည်။ ထိုလုပ်ပိုင်ခွင့်များကို လူနည်းစုများ၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစု၊ ဌာနေတိုင်းရင်းသားများ လူနည်းစုနှင့် ဘာသာရေး လူနည်းစုများ၏ မီဒီယာ ပိုင်ဆိုင်ခွင့်နှင့် မီဒီယာထိန်းချုပ်ခွင့်ကို ကန့်သတ်ရာတွင် အသုံးပြုနိုင်သည်။ ထို့အပြင် လူနည်းစုဝင်များ၏ သတင်းအချက်အလက် လက်လှမ်းမီရယူပိုင်ခွင့်ကို ကန့်သတ်ရန်လည်း အသုံးပြုနိုင်သည်။

၂၀၁၇ ခုနှစ်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ

ဤဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု အခွင့်အရေးများကို ကာကွယ်ပေးရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်သည်။

ဤဥပဒေတွင် ပါဝင်သည့် လူနည်းစုများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးတစ်ချက်မှာ -

  • ပုဒ်မ (၈) အရ လူနည်းစုဝင်များကို ပစ်မှတ်ထားနိုင်သည့် လုပ်ဆောင်မှုများအတွက် တည်ဆဲဥပဒေအရ ကြေညာထားသည့် အမိန့်၊ ခွင့်ပြုချက် သို့မဟုတ် သတိပေးချက်ဖြစ်စေ၊ သမ္မတ သို့မဟုတ် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြစ်စေ လိုအပ်ကြောင်း ဖော်ပြထားသည်။ ၎င်းတွင် အောက်ပါအချက်များလည်း ပါဝင်သည် -
  • ရှာဖွေရန်အတွက်ဖြစ်စေ၊ သိမ်းယူရန်အတွက်ဖြစ်စေ၊ ဖမ်းဆီးရန်အတွက်ဖြစ်စေ ပုဂ္ဂလိကပိုင် နေအိမ်သို့ ဝင်ရောက်ခြင်း။
  • နိုင်ငံသားတစ်ဦးကို စောင့်ကြည့်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း။
  • နိုင်ငံသားများအကြား ဆက်သွယ်မှုပြုနေသည်ကို အချက်အလက် ကြားဖြတ်ရယူမှုပြုခြင်း၊
  • ပုဂ္ဂိုလ်ရေးဆိုင်ရာ စာပေးစာယူများ သို့မဟုတ် အထုပ်များကို ဖွင့်ဖောက်ခြင်း သို့မဟုတ် ရှာဖွေခြင်း၊ သို့မဟုတ် သိမ်းယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။
  • ပုဂ္ဂလိကပိုင် ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။

ဤဥပဒေတွင် လူနည်းစုအခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်အချို့နှင့် ချိုးဖောက်မှုတစ်ခု ပါဝင်နေသည်။

  • အပိုဒ် ၈ (စ) တွင် “နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးကိုယ်တာ သို့မဟုတ် မိသားစုကိစ္စရပ်များကို မည်သူကမျှ တရားမဝင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရ” ဟု ဖော်ပြထားသည်။ ဤအချက်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ပြီး အစိုးရနှင့် ၎င်း၏ ခေါင်းဆောင်များအား ဝေဖန်ပြောဆိုသူများကို မတရားဖမ်းဆီးရန်အတွက်လည်း အသုံးပြုခဲ့သည်။ ဤဥပဒေသည် အစိုးရအား ဝေဖန်သည့် လူနည်းစုများကို ပစ်မှတ်ထားရန် အသုံးပြုနိုင်သည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. သင့်အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်အပေါ် ကန့်သတ်ချက်များသည် လူနည်းစုများကို အမုန်းစကားများမှ ကာကွယ်ပေးသည်ဟု ထင်ပါသလား။ သို့မဟုတ် အစိုးရနှင့် လူများစုတို့အပေါ် ဝေဖန်ပိုင်ခွင့်ကို ကန့်သတ်ထားသည်ဟု ထင်ပါသလား။
  2. သင့်အနေဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ လွတ်လပ်ခွင့်များ အပေါ် ကန့်သတ်ချက်များသည် လူမှုအသိုင်းအဝိုင်း၏ သဟဇာတဖြစ်မှုကို ကာကွယ်ရန်အတွက် လိုအပ်သည်ဟု ထင်ပါသလား။ သို့မဟုတ် လူနည်းစုများ၏ သီးခြားစုဝေးခွင့်ကို ကန့်သတ်ထားသည်ဟု ထင်ပါသလား။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ