၂.၆

မသန်စွမ်းသူများ ရင်ဆိုင်ရသော စိန်ခေါ်မှုများ

အကြိုလေ့လာချက်

မသန်စွမ်းသူများသည် မည်သည့်သတ်မှတ်စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်သနည်း။

မသန်စွမ်းသူများ ရင်ဆိုင်ရနိုင်သော အဓိကစိန်ခေါ်မှုများမှာ လက်လှမ်းမီနိုင်စွမ်း၊ ကဲ့ရဲ့အပြစ်ဆိုခြင်းတို့နှင့် ဆက်စပ်နေသည်။

လက်လှမ်းမီနိုင်စွမ်း မရှိခြင်းဟုဆိုရာတွင် အဆောက်အဦများနှင့် အခြေခံအဆောက်အအုံများကို ရုပ်ပိုင်းဆိုင်ရာ ဖြတ်ကျော်​သွားလာနိုင်မှု မရှိခြင်း၊ အလုပ်တာဝန်ထမ်းဆောင်ခြင်းနှင့် ပညာသင်ကြားရေးကဲ့သို့သော လူမှုရေးရာဝန်ဆောင်မှုများကို မဆောင်ရွက်နိုင်ခြင်း၊ သတင်းအချက်အလက်များ မရရှိခြင်း၊ ရွေးကောက်ပွဲများ ကဲ့သို့သော ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စများတွင် ပါဝင်နိုင်စွမ်း မရှိခြင်းစသည်တို့ ပါဝင်ပါသည်။ အဆောက်အအုံများ၏ ရုပ်ပိုင်းဆိုင်ရာ​တည်ဆောက်ပုံများ၊ မသန်စွမ်းသူများအပေါ် ထားရှိသော လူတို့၏ သဘောထားများ၊ မသန်စွမ်းသူများကို ကူညီထောက်ပံ့​နိုင်ရန် နည်းပညာ မရှိခြင်း၊ မသန်စွမ်းသူများကို ခွဲခြား​ဆက်ဆံသည့် ဥပဒေများနှင့် မူဝါဒများသည် လက်လှမ်းမှီ​နိုင်စွမ်း​မရှိခြင်းကို ဖြစ်စေနိုင်သည်။

‘ကဲ့ရဲ့အပြစ်ဆိုခြင်း’ သည် လူသားများအနေဖြင့် တစ်စုံတစ်ဦးကို သဘောကျနှစ်သက်မှုမရှိသည့်အခါနှင့် ၎င်းကို အရှက်ရစေရန် ပြုမူသည့်အခါ လုပ်ဆောင်သော အခြေအနေကို ရည်ညွှန်းသည်။ မသန်စွမ်းခြင်းကို အဖြစ်ဆိုးတစ်ခု သို့မဟုတ် မကောင်းသည့် လက္ခဏာအဖြစ် မြင်လေ့ရှိကြသည်။ အချို့​လူများသည် မသန်စွမ်းသူများအနေဖြင့် အဓိပ္ပာယ်ပြည့်၀သော၊ ပေါက်မြောက်ဖြစ်ထွန်းသော ဘ၀မျိုးတွင် မနေထိုင်နိုင်ဟု ယူဆထားကြသည်။ လူတို့သည် မသန်စွမ်းသူများကို သနားလေ့ သို့မဟုတ် အထင်သေးလေ့ရှိပြီး ချို့တဲ့သူများအဖြစ် ဆက်ဆံလေ့ရှိကြသည်။ ထိုအပြုအမူများသည် မသန်စွမ်းသူများ၏ လုပ်နိုင်စွမ်းနှင့် အရည်အချင်းများကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။ မသန်စွမ်းသူများသည် လေးစားသမှု မခံရသောအခါ အခြားသူများ အနီးအနားတွင် နေထိုင်လိုခြင်း မရှိနိုင်ကြပါ။

 

မြန်မာ့ရေးရာ -

မြန်မာနိုင်ငံရှိ မသန်စွမ်းပုဂ္ဂိုလ်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ


မသန်စွမ်းပုဂ္ဂိုလ်များအတွက် ရန်ကုန်အခြေစိုက် အဖွဲ့အစည်း​တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) သည် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ အများ​ပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် လက်လှမ်းမီနိုင်စွမ်း​နှင့် စပ်လျဉ်း၍ လူအများ ပိုမိုနားလည်မှု ရှိလာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အများပြည်သူဆိုင်ရာနေရာများတွင် လက်လှမ်းမီနိုင်စွမ်းကို ဆန်းစစ်လေ့လာခဲ့သည်။ လှေကားများ၊ လမ်းဘေးလူသွားလမ်း အထိန်းအချုပ်များနှင့် လမ်းဘေးလူသွားလမ်းများအလယ်ရှိ ထောက်ခုံများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင် အတားအဆီးများ ရှိနေကြောင်း ၎င်းအဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့သည်။

လက်လှမ်းမီနိုင်စွမ်းကို ဆန်းစစ်လေ့လာမှုအပြီးနောက်တွင် MILI အဖွဲ့သည် ရန်ကုန်မြို့ကြီးတွင် အလွယ်တကူ သွားလာနိုင်​စေရေး ဆောင်ရွက်ပေးရန်အတွက် အများပြည်သူများနှင့် အစိုးရ​တို့ကို တိုက်တွန်းသည့် “အတားအဆီးကင်းစင် ရန်ကုန်တစ်ခွင်” ဟူသော ကမ်ပိန်းတစ်ခုကို အွန်လိုင်းပေါ်နှင့် လက်တွေ့ပြင်ပ​တွင်ပါ ကျင်းပခဲ့သည်။

ထိုကမ်ပိန်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှ မှတ်ချက်ကဏ္ဍတွင် လူအချို့က ထိုကမ်ပိန်းကို အသိအမှတ်ပြု ထောက်ခံခဲ့ကြ​သည်ကို တွေ့ရသည်။ အခြားသူများက ကမ်ပိန်းကို ဦးဆောင်နေသည့် တက်ကြွလှုပ်ရှား သူများ၏ ရဲစွမ်းသတ္တိကို ချီးမွမ်းထောပနာပြုထားကြသည်။ အချို့သူများကမူ ထိုကမ်ပိန်း​ပြုလုပ်ရသည့် အကြောင်းရင်းကို မေးခွန်းထုတ်ထားကြသည်။ ထိုသူတို့သည် မသန်စွမ်းသူများအနေဖြင့် အများပြည်သူ ဆိုင်ရာ ​နေရာများသို့ သွားရောက်ရန် မလိုအပ်ကြောင်း သို့မဟုတ် အစိုးရဘဏ္ဍာငွေများကို အခြားနေရာတွင် သုံးစွဲခြင်းက ပို၍အကျိုးရှိစေကြောင်းဟူသော အတ္တစွဲအမြင်များကို ဖော်ပြခဲ့ကြသည်။

MILI အဖွဲ့သည် လက်လှမ်းမီနိုင်စွမ်းနှင့် ‘ကမ္ဘာသုံးပုံစံများ’ အကြောင်း အသိပညာပေးရန်အတွက် ပွဲအစီအစဉ်တစ်ခုကို သခင်မြပန်းခြံတွင် ကျင်းပခဲ့ကြသည်။ ထိုအဖွဲ့အစည်းသည် အခြားလှုပ်ရှားမှုများကို ပြုလုပ်နေသည့်အချိန်တွင်လည်း မသန်စွမ်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဓိကသတင်းစကားများ ပါဝင်သည့် လက်ကမ်းစာစောင်များနှင့် ရှပ်အင်္ကျီများကိုလည်း ဝေမျှခဲ့ကြသည်။

ကမ္ဘာသုံးပုံစံသည် လူတစ်ဦးတစ်ယောက်၏ လုပ်ကိုင်နိုင်စွမ်း​အဆင့် သို့မဟုတ် မသန်စွမ်းမှုများနှင့် ဆက်စပ်မှုမရှိဘဲ လူသားများအားလုံး အသုံးပြုနိုင်ရန်နှင့် အလွယ်တကူရယူသုံးစွဲ​နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထုတ်ကုန်ပစ္စည်းအားလုံး၊ အဆောက်အဦများနှင့် အများပြည်သူဆိုင်ရာနေရာများကို ပုံစံထုတ်လုပ်ရမည်ဟူသော အမြင်သဘောထားဖြစ်သည်။ ကမ္ဘာသုံးပုံစံ၏ အခြေခံသဘောတရား (၇) ချက်မှာ -

သာတူညီမျှရှိသော အသုံးပြုမှု - ထိုပုံစံသည် ကွဲပြားခြားနားသော လုပ်ကိုင်နိုင်စွမ်းရှိသူများအတွက် အသုံးဝင်သည်။

၂။ အသုံးပြုရာတွင် သက်သောင့်သက်သာဖြစ်မှု - ထိုပုံစံသည် တစ်ဦးချင်း၏ ဦးစားပေးနှစ်သက်မှုများနှင့် လုပ်ကိုင်နိုင်စွမ်းအမျိုးမျိုးကို ထည့်သွင်းစဉ်းစားပေးသည်။

၃။ ရိုးရှင်းပြီး အလွယ်တကူသိနိုင်သော အသုံးပြုမှု - လူသားများ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ ဘာသာစကား အရည်အချင်းများနှင့် သက်ဆိုင်မှုမရှိဘဲ လူသားများအားလုံး ထိုပုံစံကို အလွယ်တကူ နားလည်နိုင်စေသည်။ ထိုပုံစံကို အာရုံစူးစိုက်မှု အများအပြားမလိုအပ်ဘဲ အသုံးပြုနိုင်သည်။

၄။ အလွယ်တကူ သတိထားမိနိုင်သော အချက်အလက် - အသုံးပြုနေသူတစ်ဦးသည် အာရုံခံစားသိရှိမှုဆိုင်ရာ မသန်စွမ်းသူ ဖြစ်စေကာမူ ထိုပုံစံက လိုအပ်သည့် အချက်အလက်များကို ထိရောက်စွာ သိရှိနားလည်စေ​နိုင်သည်။

၅။ အမှားအယွင်းကို ထိန်းသိမ်းနိုင်ခြင်း - ထိုပုံစံသည် အန္တရာယ်များနှင့် မတော်တဆမှုများကို နည်းပါးစေသည်။

၆။ ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုနည်းခြင်း - ထိုပုံစံကို အားစိုက်ထုတ်မှု အနည်းဆုံးဖြင့် ထိရောက်စွာ၊ သက်သောင့်သက်သာဖြစ်စွာ အသုံးပြုနိုင်သည်။

၇။ ကိုင်တွယ်ရန်နှင့် အသုံးပြုရန် အရွယ်အစားနှင့် နေရာ - ခန္ဓာကိုယ်အချိုးအစားအားလုံးနှင့် သွားလာလှုပ်ရှားမှု အားလုံးအတွက် အသုံးပြုနိုင်ရန် သင့်လျော်သော အရွယ်အစားနှင့် နေရာကို ပံ့ပိုးပေးထားသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

၁။ သင့်ရပ်ရွာအစုအဖွဲ့နှင့် သင့်နိုင်ငံတွင် လက်လှမ်းမီနိုင်စွမ်းနှင့် စပ်လျဉ်း၍ မည်သို့သော အတားအဆီးများကို မြင်ဖူးပါသနည်း။

၂။ ကမ္ဘာသုံးပုံစံ ထုတ်ကုန်ပစ္စည်းတစ်ခုကို သင် အသုံးပြုဖူးပါသလား။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ