၃.၃.၅

နိုင်ငံမဲ့ပုဂ္ဂိုလ်များအတွက် လူ့အခွင့်အရေးဥပဒေများ

အကြိုလေ့လာချက်

နိုင်ငံမဲ့ပုဂ္ဂိုလ်များသည် မည်ကဲ့သို့သော အထူးအခွင့်အရေးမျိုးကို လိုအပ်မည်နည်း။


သင်တန်းဆရာမှတ်စုများ

တရားဝင်နိုင်ငံသားဖြစ်ခွင့်သည် အခြားလူ့အခွင့်အရေးများကို ရယူခံစားနိုင်ရန်အတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လေ့ရှိကြောင်း မှတ်သားထားပါ။ ဆိုလိုသည်မှာ နိုင်ငံမဲ့သူများသည် ရှင်သန်ရပ်တည်ရန်နှင့် လူ့အခွင့်အရေးများကို တောင်းဆိုရန်အလို့ငှာ တရားဝင်နိုင်ငံသားဖြစ်မှု အခြေအနေတစ်ခုနှင့် ရှင်သန်ရပ်တည်နေထိုင်ခွင့်၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူပိုင်ခွင့်စသည့် အခြားအခြေခံအခွင့်အရေးအချို့ကိုလည်း လိုအပ်လေ့ရှိပါသည်။


နိုင်ငံမဲ့များနှင့် သက်ဆိုင်သည့် သဘောတူစာချုပ်များ ရှိပါသည်။ အဆိုပါ သဘောတူစာချုပ်များနှင့် အရေးပါသော စာချုပ်ပါ အပိုဒ်များကို အောက်တွင်ဖော်ပြထားပါသည်။

နိုင်ငံမဲ့ပုဂ္ဂိုလ်များ၏ အဆင့်အတန်းဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (၁၉၅၄ ခုနှစ်)

ဤသဘောတူညီချက်ကို UNGA က ၁၉၅၄ ခုနှစ်တွင် အတည်ပြုလက်ခံကျင့်သုံးခဲ့ပြီး အဆိုပါ သဘောတူညီချက်သည် ၁၉၆၀ ခုနှစ်တွင် အသက်ဝင်လာခဲ့ပါသည်။ မြန်မာနိုင်ငံသည် ယင်းတွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုလက်မှတ်ရေးထိုးခြင်း သို့မဟုတ် လက်ခံသဘောတူခြင်း မရှိသေးပါ။ ယင်းမှာ မြန်မာနိုင်ငံအတွင်း၌ သဘောတူညီချက်အဖြစ် ဥပဒေအရ စည်းနှောင်ထားခြင်းမရှိပါ။ ဤအခွင့်အရေးအများစုကို နိုင်ငံခြားသားများနည်းတူ အခြေခံအားဖြင့် တန်းတူရပိုင်ခွင့်ပေးထားပြီး အချို့ကိုမူ တရားဝင်နိုင်ငံသားများနည်းတူ အခြေခံအားဖြင့် တန်းတူရပိုင်ခွင့် ပေးထားပါသည်။ ဤသဘောတူစာချုပ်တွင် ပါဝင်သော နိုင်ငံမဲ့များနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးအချို့မှာ -

  • အပိုဒ် ၄ - မိမိတို့၏ ကိုယ်ပိုင်ဘာသာရေးကို လွတ်လပ်စွာ ကျင့်သုံးခွင့်နှင့် မိမိတို့သားသမီးများအတွက် ဘာသာရေးအသိပညာပေးခွင့်။
  • အပိုဒ် ၁၃ - နိုင်ငံခြားသားများကဲ့သို့ တန်းတူညီမျှစွာ မြေယာပိုင်ဆိုင်ခွင့်။
  • အပိုဒ် ၁၄ - တရားဝင်နိုင်ငံသားများကဲ့သို့ ပိုင်ဆိုင်မှု မူပိုင်ခွင့်။
  • အပိုဒ် ၁၅ - နိုင်ငံခြားသားများကဲ့သို့ တန်းတူညီမျှစွာ ဖွဲ့စည်းခွင့်။
  • အပိုဒ် ၁၆ - တရားဝင်နိုင်ငံသားများကဲ့သို့ တရားရင်ဆိုင်ခြင်းနှင့် ဥပဒေဆိုင်ရာ အထောက်အပံ့များရရှိပိုင်ခွင့်။
  • အပိုဒ် ၁၇၊ ၁၈ နှင့် ၂၄ - အခြားသူများနည်းတူ အလုပ်အကိုင် ရပိုင်ခွင့်၊ နိုင်ငံခြားသားများနှင့် တန်းတူကိုယ်ပိုင် အလုပ်လုပ်ကိုင်ပိုင်ခွင့်။
  • အပိုဒ် ၁၉ - နိုင်ငံခြားသားများနှင့်တန်းတူ ပညာရပ်ပိုင်းဆိုင်ရာ အရည်အချင်းများ ရပိုင်ခွင့်နှင့် ထိုအရာများကို တာဝန်ရှိပုဂ္ဂိုလ်များမှ အသိအမှတ်ပြုခံရပိုင်ခွင့်။
  • အပိုဒ် ၂၀ - တရားဝင်နိုင်ငံသားများနှင့်တန်းတူ ခွဲတမ်းရိက္ခာများ ရပိုင်ခွင့်။
  • အပိုဒ် ၂၁ - နိုင်ငံခြားသားများနှင့်တန်းတူ နေထိုင်ရာအိမ်ရာများ ရပိုင်ခွင့်။
  • အပိုဒ် ၂၂ - တရားဝင်နိုင်ငံသားများနှင့်တန်းတူ မူလတန်းပညာရေး သင်ယူနိုင်ခွင့်နှင့် နိုင်ငံခြားသားများနှင့် တပြေးညီ အခြားပညာရေးများ သင်ယူနိုင်ခွင့်။
  • အပိုဒ် ၂၆ - နိုင်ငံခြားသားများနှင့်တန်းတူ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ခွင့်။
  • အပိုဒ် ၂၇ - လိုအပ်ပါက သက်သေခံစာရွက်စာတမ်းများ ထုတ်ယူရရှိပိုင်ခွင့်။
  • အပိုဒ် ၂၈ - ခရီးသွားလာရန် လိုအပ်သော စာရွက်စာတမ်းများ ထုတ်ယူရရှိပိုင်ခွင့်။

နိုင်ငံမဲ့မှုလျှော့ချရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် (၁၉၆၁ ခုနှစ်)

ဤသဘောတူညီချက်ကို UNGA သည် ၁၉၆၁ ခုနှစ်တွင် အတည်ပြုလက်ခံကျင့်သုံးခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် အသက်ဝင်လာခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် နိုင်ငံများအနေဖြင့် နိုင်ငံမဲ့မှုကို လျှော့ချရန် တာဝန်ဝတ္တရားများကို ဖော်ထုတ်ခြင်းအားဖြင့် နိုင်ငံမဲ့မှုအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းပါသည်။ မြန်မာနိုင်ငံသည် အဆိုပါ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုလက်မှတ်ရေးထိုးခြင်း သို့မဟုတ် လက်ခံသဘောတူခြင်း မရှိသေးပါ။ ထို့ကြောင့် မြန်မာနိုင်ငံတွင်း၌ အဆိုပါ စာချုပ်သည် ဥပဒေအရ စည်းနှောင်မှုရှိရန် မလိုအပ်ပေ။ ဤစာချုပ်တွင်ပါဝင်သော နိုင်ငံမဲ့များနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးဥပဒေတစ်ခုမှာ -

  • အပိုဒ် ၉ - ပုဂ္ဂိုလ်တစ်ဦး၏ လူမျိုးရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေး၊ နိုင်ငံရေး ဝိသေသလက္ခဏာရပ်တို့အနက်မှ မည်သည့်အချက်ကြောင့်ပင်ဖြစ်စေ နိုင်ငံသားဖြစ်မှုအား ဆုံးရှုံးရခြင်း မရှိစေရ။

 

မြန်မာ့ရေးရာ -

မွေးစာရင်းမှတ်ပုံတင်ခြင်း


မြန်မာနိုင်ငံတွင် မွေးစာရင်းမှတ်ပုံတင်ခြင်းနှင့် မွေးလာသည့်ကလေးငယ်များ၏ မွေးစာရင်းလက်မှတ်များနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ပြင်ဆင်ရန် ဆေးရုံဝန်ထမ်းများနှင့် နယ်လှည့်သားဖွားသူနာပြုများ၌ တာဝန်ရှိပါသည်။ ထို့နောက် အဆိုပါ စာရွက်စာတမ်းအား သက်ဆိုင်ရာမြို့နယ်များ၏ မြို့နယ်ဆေးဘက်ဆိုင်ရာ အရာရှိထံသို့ ပေးပို့သည်။ မြို့နယ်ဆေးဘက်ဆိုင်ရာအရာရှိသည် မွေးဖွားမှုများကို မှတ်ပုံတင်ပေးပြီး မွေးလာသည့် ကလေးငယ်များအတွက် မွေးစာရင်းလက်မှတ်များ ထုတ်ပေးရန် တာဝန်ရှိပါသည်။ အကယ်၍ ကလေးငယ်တစ်ဦးတွင် အကြောင်းအမျိုးမျိုးကြောင့် မွေးဖွားစဉ်တွင် သေချာမှတ်ပုံတင်ထားခြင်း မရှိပါက ထိုကလေး၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူမှ မွေးစာရင်း မှတ်ပုံတင်လျှောက်လွှာတစ်ခုကိုဖြည့်ပြီး သက်ဆိုင်ရာ ဒေသခံအရာရှိကို လက်မှတ်ထိုးခိုင်းကာ တာဝန်ရှိဆေးရုံဝန်ထမ်းအား ဤဆေးရုံတွင်မွေးဖွားခဲ့ကြောင်း သက်သေပြနိုင်ရန်အတွက် အခြားမွေးစာရင်းမှတ်ပုံတင်ဖောင်တစ်ခုကို ဖြည့်ခိုင်းရပါမည်။ ထို့နောက် ဤစာရွက်စာတမ်းများကို မြို့နယ်ဆေးဘက်ဆိုင်ရာ အရာရှိထံပို့ပြီး အဆိုပါအရာရှိက ယင်းမွေးဖွားခြင်းနှင့် သက်ဆိုင်သည့် တရားဝင်စာရွက်စာတမ်းအား ထုတ်ပေးပါလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦးသည် မွေးစာရင်းပျောက်ဆုံးပါက တရားရုံးတွင် တရားသူကြီးရှေ့မှောက်၌ မိမိမှာ အဆိုပါ မွေးစာရင်းပါပုဂ္ဂိုလ်ဖြစ်ကြောင်း နှုတ်ဖြင့် ကျမ်းကျိန်အတည်ပြုနိုင်ပါသည်။ ထို့နောက် တရားသူကြီးမှနေ၍ ဤသူပြောသည်မှာ မှန်ကန်ကြောင်း ထောက်ခံသည့် စာရွက်စာတမ်းတစ်ခုတွင် လက်မှတ်ရေးထိုးနိုင်မည်ဖြစ်သည်။ အကယ်၍ မွေးစာရင်းစာရွက် ပျောက်ဆုံးသွားပါက တရားသူကြီးလက်မှတ်ပါသော ဤစာရွက်စာတမ်းသည် တရားဝင် အစားထိုးစာရွက်စာတမ်း ဖြစ်ပါမည်။ (SEDF & JB n.d)

၂၀၁၅ - ၂၀၁၆ လူဦးရေစာရင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်တမ်းအရ မြန်မာနိုင်ငံတွင် အသက် ငါးနှစ်အောက်ကလေး (ကလေးငယ်ပေါင်း ၁.၃ သန်းဝန်းကျင်) ၁၀ ဦးမှ နှစ်ဦး၏ မွေးဖွားခြင်းကို တရားဝင် မှတ်တမ်းတင်ထားခြင်း မရှိသေးကြောင်း သိရပါသည်။ မွေးဖွားချိန်တွင် မှတ်တမ်းတင်ထားခြင်းမရှိသော ကလေးများ သို့မဟုတ် သက်သေခံစာရွက်စာတမ်းများမရှိသော ကလေးများသည် များသောအားဖြင့် ၎င်းတို့၏ အခြေခံအခွင့်အရေးနှင့် လူမှုရေးဝန်ဆောင်မှုများကို ခံစားပိုင်ခွင့် မရကြပါ။ မွေးစာရင်းလက်မှတ်များသည် အိမ်ထောင်စုစာရင်းကို ပြင်ဆင်မွမ်းမံခြင်း၊ ကလေးများအား မူလတန်းကျောင်းအပ်နှံခြင်း၊ ကလေးအတွက် တရားဝင်နိုင်ငံသားဖြစ်ကြောင်း သက်သေခံစာရွက်စာတမ်းလျှောက်ထားခြင်းတို့အတွက် အရေးကြီးပါသည်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်(ဖ်)) သည် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း မွေးစာရင်းမှတ်ပုံတင်ခြင်းကမ်ပိန်းကို ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံအစိုးရအား ထောက်ပံ့ပေးခဲ့သည်။ ဤကမ်ပိန်းသည် အစိုးရ၏ မွေးစာရင်းနှင့် သေစာရင်း မှတ်ပုံတင်ခြင်းများအား ပြန်လည်စစ်ဆေးပြင်ဆင်စေသည်။ ဤသို့ အသစ်ပြန်လည်ပြင်ဆင်ချက်မှာ မွေးစာရင်းမှတ်ပုံတင်ခြင်းအား ပို၍ခိုင်လုံပြီး ရေရှည်တည်တံ့မည့် ပုံမှန်မှတ်ပုံတင်သည့်စနစ်ကို ကူညီတည်ဆောက်ပေးသည်။ သို့သော်လည်း မွေးစာရင်းမှတ်ပုံတင်ခြင်းကမ်ပိန်းအား လက်ရှိတွင် မှတ်ပုံမတင်နိုင်သေးသော ကလေးများထံသို့ အလျင်အမြန် ဝန်ဆောင်မှုတိုးချဲ့ပေးရန် လိုနေပါသေးသည်။

အဆိုပါကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် မွေးဖွားသော အသက် ၁၀ နှစ်ထိရှိပြီဖြစ်သည့် ကလေးအားလုံးကို မိဘများ၏ လူမျိုး၊ တိုင်းရင်းသားအုပ်စုနှင့် တရားဝင်နိုင်ငံသားဖြစ်မှုတို့ကို ထည့်တွက်ခြင်းမရှိဘဲ မှတ်ပုံတင်ပေးရန် ရည်မှန်းသည်။ ''ကလေးအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုထောက်ပံ့ဝန်ဆောင်မှုတို့ကို အခက်အခဲမရှိဘဲ ရပိုင်ခွင့်ရှိဖို့အတွက် ကလေးတွေကို မှတ်ပုံတင်ပေးသင့်ပါတယ်'' ဟု ကမ်ပိန်းကို ဦးစီးဆောင်ရွက်နေသော နေပြည်တော်ကောင်စီမှ ဦးတင်ထွန်းက ပြောကြားခဲ့သည်။

ယခုတွင် အသက် ၁၀ နှစ်အောက် ကလေးငယ်ဦးရေ ၁၃၀ç၀၀၀ နီးပါးသည် မွေးစာရင်းလက်မှတ်များ ရရှိသွားကြပြီ ဖြစ်ပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  • ဤအရေးယူဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံရှိ ကလေးငယ်များတွင် နိုင်ငံမဲ့ဖြစ်မှုအား မည်သို့ ကိုင်တွယ်ဖြေရှင်းပေးနိုင်မည်ဟု ထင်သနည်း။
  • မြန်မာနိုင်ငံတွင် မွေးဖွားမှုများကို ယခုထက်ပို၍ မည်သို့ မှတ်ပုံတင်ပေးနိုင်မည်နည်း။
  • ဤအရာကိုဖြစ်မြောက်အောင် ဆောင်ရွက်ရန် မည်သည့်ရင်းမြစ်များ လိုအပ်လိမ့်မည်နည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ