အကြိုလေ့လာချက်
ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများသည် မည်သည့်နေရာများတွင် နိုင်ငံသားဖြစ်ပြီးသူများနှင့်စာလျှင် အကာအကွယ်ရရှိမှုနှင့် အခွင့်အရေးများ ရရှိမှု ပိုမိုနည်းပါးပါသနည်း။
မြန်မာနိုင်ငံသားဥပဒေသည် ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများကို နိုင်ငံသားဖြစ်ပြီးသူများနည်းတူ အခွင့်အရေးများ ပေးထားသည်။ သို့ရာတွင် ပုဒ်မ ၃၀ (ဂ) နှင့် ပုဒ်မ ၅၃ (ဂ) တို့အရ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရသည် ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများအတွက် ခြွင်းချက်များ ပေးပိုင်ခွင့်ရှိသည်။ ဥပမာဆိုရသော် ၎င်းတို့သည် နိုင်ငံသားဖြစ်ပြီးသူများအား ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများထက် အခွင့်အရေးများ ပိုပေးထားသည့် ဥပဒေများကို ပြဌာန်းနိုင်သည်။ ဆိုလိုသည်မှာ ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများသည် လက်တွေ့၌ နိုင်ငံသားဖြစ်ပြီးသူများနှင့်ယှဉ်လျှင် အခွင့်အရေးများကို လက်လှမ်းမီနိုင်ခြေ ပို၍နည်းနေသည်။
ပုဒ်မ ၈ (ခ) အရ “နိုင်ငံတော်၏ အကျိုးငှာ” ‘တိုင်းရင်းသား’ လူမျိုးစု မဟုတ်သူ မိဘများ၏ သားသမီးများ ဖြစ်ကြသော ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများနှင့် နိုင်ငံသားဖြစ်ပြီးသူများ၏ တရားဝင်နိုင်ငံသား အဆင့်အတန်းကို ပြန်လည်ရုပ်သိမ်းနိုင်သည်။ ဤအချက်ကြောင့် ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရှိသူများသည် နိုင်ငံမဲ့ဘ၀သို့ ကျရောက်သွားနိုင်သည့် အန္တရာယ်ရှိသည်။ ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများသည် အောက်ပါအချက်များကို ပြုလုပ်မိပါကလည်း ၎င်းတို့၏ တရားဝင်နိုင်ငံသားအဆင့်အတန်းကို ဆုံးရှုံးနိုင်သည် -
- နိုင်ငံတော်၏သစ္စာကို ခံယူကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုရန် ပျက်ကွက်ခြင်း (ပုဒ်မ ၂၄၊ ၂၆၊ ၂၇ (က)၊ ၂၈၊ ၄၆၊ ၄၈၊ ၄၉ (က)၊ ၅၀)။
- နိုင်ငံတော်ကို အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်အမူအရာဖြင့်ဖြစ်စေ ပြသခြင်း (ပုဒ်မ ၃၅ (ဃ) နှင့် ပုဒ်မ ၅၈ (ဃ))။
- အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်း (ပုဒ်မ ၃၅ (စ) နှင့် ပုဒ်မ ၅၈ (စ))၊
- ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဖြစ်ကြောင်း သက်သေပြရန်အတွက် လိုအပ်သည့် အထောက်အထားများကို လျှောက်ထားရာတွင် မဟုတ်မမှန်ဖော်ပြခြင်း (ပုဒ်မ ၃၆ နှင့် ၅၉)။
- အခြားသူတစ်ဦးက ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဖြစ်ကြောင်း သက်သေပြရန်အတွက် လိုအပ်သည့် အထောက်အထားများကို လျှောက်ထားရာတွင် မဟုတ်မမှန် ဖော်ပြခြင်းကို အားပေးကူညီခြင်း (ပုဒ်မ ၃၇ နှင့် ၆၀)။
ထိုအခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံရှိ မွေးရာပါနိုင်ငံသားဖြစ်ပြီးသူတစ်ဦးအနေနှင့် ၎င်း၏ နိုင်ငံသား အဆင့်အတန်းကို ဆုံးရှုံးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အခြားနိုင်ငံတစ်နိုင်ငံ၌ တရားဝင်နိုင်ငံသားအဖြစ် ခံယူလိုက်ခြင်း သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ၎င်းတို့ကိုယ်တိုင် မှတ်ပုံတင်လိုက်ခြင်း သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကိုရယူခြင်း သို့မဟုတ် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာခြင်းတို့ ဖြစ်ကြသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံး၍လည်းကောင်း၊ အခြားဥပဒေများနှင့် ပေါင်းစပ်ကျင့်သုံး၍လည်းကောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကိုင်ဆောင်ထားသည့် နိုင်ငံသားများနှင့်သာ သက်ဆိုင်ပြီး ဧည့်နိုင်ငံသားများ (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူများနှင့် မသက်ဆိုင်ဟု အချို့သော အခြေအနေများတွင် အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြနိုင်သော ပုဒ်မများ ရှိနေသည်။ ဥပမာဆိုရသော် အခန်း (၈) တွင် “နိုင်ငံသား” ဖြစ်ပြီးသူများနှင့်သာ အတိအလင်း သက်ဆိုင်သည့် အခွင့်အရေးများ ပါရှိသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင် တရားဝင်မြန်မာနိုင်ငံသားမဟုတ်သော မိဘတစ်ဦး သို့မဟုတ် အိမ်ထောင်ဖက် သို့မဟုတ် သားသမီးတစ်ဦးဦး ရှိသူများအပေါ်ထားရှိသည့် ကန့်သတ်ချက်အချို့ရှိသည်။ ဥပမာဆိုရသော် ၎င်းတို့သည် လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် သမ္မတ မဖြစ်နိုင်ပါ။
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် တရားဝင်နိုင်ငံသား အမျိုးအစား တစ်မျိုးထက်ပိုသော ထုံးစံများစွာမရှိချေ။ နိုင်ငံတစ်နိုင်ငံတွင် တရားဝင်နိုင်ငံသားအမျိုးအစား တစ်မျိုးထက်ပိုရှိနေပါကလည်း ဤပိုနေသော နိုင်ငံသား အမျိုးအစားများအတွက် မတူညီသော အကာအကွယ်ပေးမှုနှင့် အခွင့်အရေးများကို ပေးရိုးထုံးစံမရှိချေ။ လူတိုင်းသည် ၎င်းတို့၏ တရားဝင်နိုင်ငံသားအဆင့်အတန်း မည်သို့ပင်ဖြစ်နေပါစေ အခြေခံလူ့အခွင့်အရေးများကို လက်လှမ်းမီပိုင်ဆိုင်နိုင်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများက ဖော်ပြထားသည်။ သို့သော်လည်း ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် သို့မဟုတ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အစရှိသော တရားဝင်နိုင်ငံသားများသာ ကျင့်သုံးနိုင်သည့် နိုင်ငံရေး အခွင့်အရေးများလည်းရှိသည်။
အမျိုးသားရေးဝါဒီ
လှုပ်ရှားသွားလာနိုင်မှု
အမွေအနှစ်
ကိုလိုနီဝါဒ