၁.၁.၁
ပင်ကိုယ်စရိုက်လက္ခဏာ
အကြိုလေ့လာချက်
‘ပင်ကိုယ်စရိုက်လက္ခဏာ’ ကို အဓိပ္ပာယ် ဖွင့်ဆိုပါ။
ပင်ကိုယ်စရိုက်လက္ခဏာဆိုသည်မှာ လူသားတစ်ဦးအနေဖြင့် မိမိ၏ ရပ်တည်မှုအပေါ် ခံယူချက်၊ မတူညီသော လူအုပ်စုများနှင့် စပ်လျဉ်း၍ ခံယူချက်ဖြစ်ပါသည်။ လူသားများသည် မတူညီသော သွင်ပြင်လက္ခဏာများဖြင့် မွေးဖွားလာကြသည်။ ထိုမတူညီသော သွင်ပြင်လက္ခဏာများနှင့် ဆက်နွယ်၍ မိမိ၏ ပင်ကိုယ်စရိုက်လက္ခဏာကို ပုံဖော်ဖန်တီးတတ်ကြပါသည်။ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းသည်လည်း လူသားတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများကို ပုံဖော်ဖန်တီးရာတွင် အရေးပါလှပါသည်။ လူသားတို့သည် အချို့သော ပင်ကိုယ်စရိုက်လက္ခဏာများကို မိမိကိုယ်တိုင် ရွေးချယ်နိုင်ကြပြီး အခြားသွင်ပြင်လက္ခဏာများကို မိဘ၊ ဘာသာရေးအကြီးအကဲများ သို့မဟုတ် အာဏာပိုင်များစသည့် အခြားသူများ၏ ရွေးချယ်ပေးခြင်းကို ခံရတတ်ပါသည်။ လူသားတစ်ဦးသည် ကိုးကွယ်ယုံကြည်မှုတစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းရန် ရွေးချယ်နိုင်ပါသည်။ တိုင်းရင်းသား ပင်ကိုယ်စရိုက်လက္ခဏာတစ်ရပ်ကို ဖော်ထုတ်နေသည့် ဘာသာစကားတစ်ခုခု ပြောဆိုတတ်ရန်၊ ပျော်ပွဲရွှင်ပွဲ နေ့ရက်အချို့၌ ပါဝင်ဆင်နွှဲနိုင်ရန်နှင့် ရိုးရာဝတ်စုံများ ဝတ်ဆင်တတ်ရန် မိဘများက သားသမီးများကို ပြုစုပျိုးထောင်ပေးမှုမျိုး ရှိနိုင်သည်။
အဝတ်အစားကဲ့သို့သော ပင်ကိုယ်စရိုက်လက္ခဏာအချို့သည် မျက်စိဖြင့် မြင်တွေ့ရနိုင်သော လက္ခဏာများ ဖြစ်ပါသည်။ ကိုးကွယ်ယုံကြည်ရာ ဘာသာရေး၊ နိုင်ငံရေးခံယူချက်ကဲ့သို့သော ပင်ကိုယ်စရိုက်လက္ခဏာများမှာမူ မျက်စိဖြင့် မမြင်တွေ့နိုင်သော လက္ခဏာများဖြစ်ပါသည်။ လူတစ်ဦးတွင် ပင်ကိုယ်စရိုက်လက္ခဏာအမျိုးမျိုး ရှိနေနိုင်သည်မှာ ထုံးစံဖြစ်ပါသည်။ ဘ၀သက်တမ်းတစ်လျှောက်တွင် ထိုပင်ကိုယ်စရိုက်လက္ခဏာများမှာ မကြာခဏ ပြောင်းလဲတတ်ကြပါသည်။ လူအချို့တွင် သူတို့အတွက် အရေးအပါဆုံးဟု ယူဆရသည့် ကိုယ်ပိုင်ပင်ကိုယ်စရိုက် လက္ခဏာတစ်ခုစီ ရှိတတ်ကြပါသည်။ ထိုသီးသန့်ပင်ကိုယ်စရိုက်လက္ခဏာမှာလည်း ဘ၀သက်တမ်းတစ်လျှောက်တွင် ပြောင်းလဲသွားနိုင်ခြေရှိပါသည်။
ယေဘုယျအားဖြင့် လူတစ်ဦးချင်းနှင့် လူအုပ်စုတို့သည် ပင်ကိုယ်စရိုက်လက္ခဏာတစ်ခုတည်းကိုသာ ဘ၀၏ အရေးကြီးအစိတ်အပိုင်းအဖြစ် မှတ်ယူလေ့ မရှိကြပါ။ ဥပမာဆိုရသော် ပင်ကိုယ်ဉာဉ်များ၊ စိတ်ဝင်စားမှု၊ ဦးစားပေးနှစ်သက်မှုများကိုလည်း ၎င်းတို့အတွက် အရေးကြီးသည်ဟု မှတ်ယူတတ်ကြပါသည်။
ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်
၁။ မည်သည့်အရာတို့သည် သင်၏ အရေးအပါဆုံးသော ပင်ကိုယ်စရိုက်လက္ခဏာများ ဖြစ်သနည်း။
၂။ မည်သည့်အရာတို့သည် သင်နှင့် သိကျွမ်းသော၊ ဂရုစိုက်ရသောသူများအတွက် အရေးအပါဆုံးသော ပင်ကိုယ်စရိုက်လက္ခဏာများ ဖြစ်သနည်း။
၃။ ထိုပင်ကိုယ်စရိုက်လက္ခဏာများသည် အဘယ်ကြောင့် အရေးပါသနည်း။
အမျိုးသားရေးဝါဒီ
လှုပ်ရှားသွားလာနိုင်မှု
အမွေအနှစ်
ကိုလိုနီဝါဒ