၃.၁.၂

လူ့အခွင့်အရေးများ

အကြိုလေ့လာချက်

လူ့အခွင့်အရေးများနှင့် ပတ်သက်၍ သင်မည်သည်တို့ကို သိရှိပြီးသား ဖြစ်ပါသနည်း။ စိတ်ကူးပုံဖော်ချက်တစ်ခုဆွဲပါ။

လူ့အခွင့်အရေးများသည် လူအများအား တစ်စုံတစ်ရာလုပ်ရန် သို့မဟုတ် ပိုင်ဆိုင်ရန်ဖြစ်စေ၊ တစ်စုံတစ်ရာထံမှ သို့မဟုတ် တစ်စုံတစ်ဦးထံမှ ကာကွယ်ရန်ဖြစ်စေ၊ တစ်စုံတစ်ရာလုပ်ပိုင်ခွင့် သို့မဟုတ် ပိုင်ဆိုင်ခွင့်တို့ကိုဖြစ်စေ ပေးအပ်ပါသည်။

လူ့အခွင့်အရေးများကို အမျိုးအစားသုံးခုအဖြစ် ခွဲခြားသတ်မှတ်နိုင်ပါသည်။

၁။ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများတွင် ပြည်သူများ၏ အခွင့်အရေးများဖြစ်သော လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှရှိပိုင်ခွင့်အပြင် နိုင်ငံရေးစနစ်တွင် ကိုယ်စားပြုပိုင်ခွင့်လည်း ပါဝင်ပါသည်။ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး သာဓကများတွင် နိုင်ငံသားခံယူခွင့် အခွင့်အရေး၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရန်သာမက နိုင်ငံရေးပါတီတည်ထောင်ရန် စသည်တို့အပါအဝင် ရွေးကောက်ပွဲတွင် ပါဝင်လှုပ်ရှားခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်၊ ဘာသာရေးဆိုင်ရာဓလေ့များ ကျင့်သုံးပိုင်ခွင့်နှင့် လွတ်လပ်စွာ ဟောပြောခွင့်တို့ ပါဝင်ပါသည်။

၂။ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများသည် ပြည်သူများနေထိုင်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံနှင့် အခြေခံလိုအပ်ချက်များကို ရရှိပုံတို့နှင့် ဆက်စပ်နေပါသည်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ သာဓကများတွင် သင့်တင့်မျှတသော လစာနှင့် အလုပ်လုပ်ကိုင်မှု အခြေအနေများ၊ အစားအသောက်၊ နေထိုင်ရန် အိမ်^အဆောက်အအုံ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးတို့ရရှိနိုင်သည့် သင့်တင့်မျှတသော လူနေမှုအဆင့်အတန်းများအပြင် မိမိ၏ကိုယ်ပိုင်ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာနှင့် တန်ဖိုးများကို ထုတ်ဖော်ပြသပိုင်ခွင့်တို့ပင် ဖြစ်ပါသည်။

၃။ စုပေါင်းအခွင့်အရေးများသည် လူအုပ်စုများကို လုံခြုံ၊ ငြိမ်းချမ်းပြီး ကောင်းမွန်သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ခွင့်ပေးပါသည်။ ယင်းတို့သည် ရပ်ရွာအစုအဖွဲ့များ၏ အခွင့်အရေးများဖြစ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ကာကွယ်ပေးပါသည်။ အုပ်စုအခွင့်အရေးများတွင် ပါဝင်သော ဥပမာများမှာ ကောင်းမွန်သော ပတ်ဝန်းကျင် အခြေအနေတွင် နေထိုင်နိုင်ခွင့်၊ အခြားလှုပ်ရှားဆောင်ရွက်သူများမှ ကြားဝင်စွက်ဖက်ခြင်းမရှိဘဲ လွတ်လပ်စွာ တိုးတက်ပြောင်းလဲနိုင်ခွင့်၊ လူ့အသိုင်းအဝိုင်း၏ မြေများနှင့် အခြားသဘာ၀ရင်းမြစ်များအပေါ် အချုပ်အခြာအာဏာပိုင်ခွင့်တို့ပင် ဖြစ်ပါသည်။

ဤအခွင့်အရေး အမျိုးအစားများထဲမှ ပထမနှစ်မျိုးသည် လူတစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးနှင့် သက်ဆိုင်ပါသည်။ စုပေါင်းအခွင့်အရေးများသည် အုပ်စုများ၏ အခွင့်အရေးနှင့် သက်ဆိုင်ပါသည်။

လူ့အခွင့်အရေးများသည် အောက်ဖော်ပြပါ မူဝါဒများပေါ်တွင် အခြေခံထားပါသည်။ ၎င်းတို့မှာ -

  • ကမ္ဘာတစ်လွှား၌ ကျင့်သုံးပြီး ငြင်းပယ်၍မရခြင်း - ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် နေထိုင်သော လူတိုင်းသည် လူ့အခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိပြီး ဤအခွင့်အရေးများကို ဖျောက်ဖျက်၍လည်းမရသလို လုယူ၍လည်းမရပါ။
  • ခွဲခြမ်း၍မရဘဲ တစ်ခုနှင့်တစ်ခု အမှီပြုနေခြင်း - လူ့အခွင့်အရေးများကို သီးသန့်ခွဲခြား၍ မရပေ။ ယင်းတို့သည် တစ်ခုအပေါ်တစ်ခု မှီခိုနေပါသည်။ လူ့အခွင့်အရေးတစ်ခုကို ပိတ်ပင်လိုက်ပါက လူများအနေဖြင့် အခြားအခွင့်အရေးများကိုပါ အပြည့်အဝ ခံစားနိုင်တော့မည် မဟုတ်ပေ။ သို့သော် အခွင့်အရေးများသည် တစ်ခုနှင့်တစ်ခု ညီညွတ်မျှတမှုရှိရန် လိုပါသည်။ တစ်ခါတစ်ရံ အခွင့်အရေးတစ်ခုကို ခံစားနိုင်ရန်အတွက် အခြားအခွင့်အရေးတစ်ခုကို ကန့်သတ်ရန် လိုပါလိမ့်မည်။
  • တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်း - လူအားလုံးသည် တန်းတူညီမျှစွာ မွေးဖွားလာပြီး အကာအကွယ်ပေးခြင်းကို တန်းတူညီမျှ ရသင့်သည့်အပြင် မည်သူတစ်ဦးတစ်ယောက်မှ ခွဲခြားဆက်ဆံခံရခြင်း မရှိစေသင့်ပါ။

အချို့အခြေအနေမျိုးတွင် လူ့အခွင့်အရေးအချို့ကို နိုင်ငံတော်က ကန့်သတ်နိုင်ပါသည်။ အရေးပါသည့် တစ်စုံတစ်ခုကို ကာကွယ်ရန်အတွက် ကန့်သတ်ခြင်းမျိုးကိုမူ ခွင့်ပြုပေးနိုင်ပါသည်။ ဥပမာဆိုရသော် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့အတွက် ကန့်သတ်ခြင်းမျိုးဖြစ်သည်။ သို့သော် အချို့လူ့အခွင့်အရေးများမှာ အကြွင်းမဲ့ဖြစ်ပြီး ဘယ်သောအခါမျှ ကန့်သတ်ခွင့်မရှိပေ။ နိုင်ငံတစ်နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာသည့် အချိန်၌ပင် ယင်းတို့အား ကန့်သတ်ပိုင်ခွင့်မရှိပေ။ ဤသည်မှာ ထိုလူ့အခွင့်အရေးများသည် ကန့်သတ်၍ မရသည်အထိ အရေးပါလွန်းသည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။ အချို့ မဖြစ်မနေလိုအပ်သော အခွင့်အရေးများတွင် အသက်ရှင်သန်ပိုင်ခွင့်၊ နှိပ်စက်မှုမှ ကင်းလွတ်ပိုင်ခွင့်နှင့် ကျွန်ပြုခံရခြင်းမှ လွတ်မြောက်ခွင့်တို့ ပါဝင်ပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

လူ့အခွင့်အရေးမူဝါဒများသည် စီထားသော ဖဲချပ်မျှော်စင်တစ်ခုနှင့်တူသည်။ ဖဲချပ်တစ်ချပ်ကို ဖယ်လိုက်သည်နှင့် မျှော်စင်သည် ပြိုကျသွားပါမည်။

၁။ ဤအဆိုပြုချက်ကို ရှင်းပြပါ။

၂။ သင်သည် ဤအဆိုပြုချက်ကို လက်ခံပါသလား။ အဘယ်ကြောင့် လက်ခံပါသနည်း သို့မဟုတ် အဘယ်ကြောင့် လက်မခံပါသနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ