အကြိုလေ့လာချက်
လူနည်းစုအခွင့်အရေးများအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သို့မဟုတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် မည်သည်က ပိုကောင်းသည်ဟု ထင်ပါသနည်း။
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုအခွင့်အရေးများနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲပြားသည့် နေရာများစွာ ရှိပါသည်။
- အစိုးရသည် နိုင်ငံ၏ သယံဇာတပစ္စည်းများကို ပိုင်ဆိုင်သော်လည်း လူပုဂ္ဂိုလ်များ၊ လူအုပ်စုများနှင့် ကုမ္ပဏီများအနေဖြင့် သယံဇာတပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရနိုင်စရာ အခြေအနေရှိခဲ့သည်။
- ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သောဘာသာတို့သည် မြန်မာနိုင်ငံ၌ရှိသော ဘာသာအယူဝါဒများအနက်မှ အချို့ဖြစ်ပြီး အကုန်အစင်မဟုတ်သေးဟု အသိအမှတ် ပြုထားသော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ ယင်းတို့ကိုသာ အသိအမှတ်ပြုပြီး အခြားမည်သည့် ဘာသာအယူဝါဒကိုမှ အသိအမှတ်မပြုထားချေ။
- စာသင်ကျောင်းများရှိ ဘာသာရေးဆိုင်ရာ သင်ကြားချက်များကို ‘ကိုးကွယ်ယုံကြည်မှုအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ ဘာသာစကားအရဖြစ်စေ’ လူနည်းစုအဖြစ် သတ်မှတ်ခံထားရသော အုပ်စုများအတွက် မဖြစ်မနေ သင်ယူရမည့် အရာမဟုတ်ဟု သတ်မှတ်ပေးထားသည်။
- သမ္မတအရည်အချင်း၊ တရားလွှတ်တော်ချုပ် (သို့) ဟိုက်ကုတ်တရားရုံးများမှ တရားသူကြီးများ အရည်အချင်း၊ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းတို့တွင် တရားဝင်နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်ပြီး ကန့်သတ်ချက်အနည်းငယ်သာ ရှိပါသည်။
- “အသက်ကြီးရင့်သည့်အချိန်တွင်ဖြစ်စေ၊ ဖျားနာသည့်အချိန်တွင်ဖြစ်စေ၊ အလုပ်လုပ်နိုင်စွမ်း မရှိတော့သည့် အချိန်တွင်ဖြစ်စေ” နိုင်ငံသားတစ်ဦးစီကို အထောက်အပံ့ပေးရန် အစိုးရတွင် တာဝန်ရှိသည်။
- အခွင့်အရေးတန်းတူမရသော အုပ်စုများ၏ ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဖြစ်ထွန်းမှုတို့ကို အထူးဂရုပြုဆောင်ရွက်ပေးရန် အစိုးရတွင် တာဝန်ရှိသည်။ အထူးသဖြင့် ၎င်းတို့အား လူမှုရေး တရားမမျှတမှုများနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများမှ ကာကွယ်ပေးရန် တာဝန်ရှိသည်။
- အလုပ်သမားများ၏ “ခွန်အားနှင့် ကျန်းမာရေး” ကို ကာကွယ်ပေးရန် အစိုးရတွင် တာဝန်ရှိသည်။
၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း လူနည်းစုအခွင့်အရေးများနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲပြားနေသည့် နေရာများရှိပါသည်။
- ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အား “တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ မှီတင်းနေထိုင်သည့်” နေရာတစ်ခုအဖြစ် အနက်ဖွင့်ဆိုသည်။ သို့သော် အဆိုပါ “တိုင်းရင်းသားလူမျိုးများ” ကို တိကျစွာ ဖော်ပြထားခြင်း မရှိပါ။
- မြန်မာဘာသာစကားကို အများသုံးဘာသာစကား ဖြစ်ရုံသာမက တရားရုံးများနှင့် အစိုးရအဖွဲ့အစည်းများမှ အသုံးပြုသော ဘာသာစကားဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ သို့သော် အခြား “တိုင်းရင်းသားလူမျိုးများ” ၏ ဘာသာစကားများကိုလည်း အသုံးပြုခွင့်ပေးထားပါသည်။
- တရားဝင်နိုင်ငံသားဖြစ်မှု၊ မသန်စွမ်းများ မဲပေးခွင့်၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်တို့နှင့် စပ်လျဉ်း၍ ကန့်သတ်ချက် အနည်းငယ်သာရှိပါသည်။
- “နာမကျန်းဖြစ်နေသော နိုင်ငံသားတိုင်း” အတွက် ဆေးဝါးကုသမှုများကို စီစဉ်ပေးရန် အစိုးရတွင် တာဝန်ရှိသည်။
- အလုပ်လုပ်နေသော နိုင်ငံသားတိုင်းတွင် ‘အသက်မွေးဝမ်းကျောင်းဆိုင်ရာ မတော်တဆမှုများမှ ဒဏ်ရာရရှိခြင်းအတွက်သော်လည်းကောင်း၊ မသန်စွမ်းလျှင်သော်လည်းကောင်း၊ ဖျားနာလျှင်သော်လည်းကောင်း၊ အိုမင်းလျှင်သော်လည်းကောင်း ဥပဒေမှပြဌာန်းသည့်အတိုင်း အကျိုးခံစားခွင့်’ ရှိသည်။
- ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗုဒ္ဓဘာသာအား နိုင်ငံတော်၏ တရားဝင်ဘာသာတရားအဖြစ် အသိအမှတ်ပြုထားခြင်း မရှိသကဲ့သို့ ယင်းအား ဂုဏ်ထူးဝိသေသတစ်စုံတစ်ရာ ပေးထားခြင်း မရှိပေ။
ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော အခွင့်အရေးများသည် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေများ ပြောင်းလဲပြင်ဆင်သည့်အခါ အဘယ်ကြောင့် ပြောင်းလဲသွားသည်ဟု ထင်ပါသနည်း။
မြန်မာ့ရေးရာ -
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြောင်းလဲမှုများ ပြုလုပ်ခြင်း
မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် “ဒီမိုကရေစီကျင့်စဉ်နှင့် သွေဖည်သည်” ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်သားများကို လွှတ်တော်တိုင်းတွင် ခန့်အပ်ထားပြီး ဝန်ကြီးဌာနအချို့ကိုလည်း ချုပ်ကိုင်ခွင့်ပေးသောကြောင့်ဖြစ်သည်။ လုပ်ပိုင်ခွင့်အာဏာ အများအပြားအနက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အောက်ပါတို့ကို တာဝန်ပေးအပ်ပိုင်ခွင့်ပေးသည် -
- “၁၁၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်ပေးအပ်ပိုင်ခွင့်” (အပိုဒ် ၁၀၉) -
- “အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးကို တာဝန်ပေးအပ်ပိုင်ခွင့်” (အပိုဒ် ၁၄၁) နှင့်
- ပြည်နယ်နှင့် တိုင်းဒေသကြီး၏ “စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံကို တာဝန်ပေးအပ်ပိုင်ခွင့်” (အပိုဒ် ၁၆၁)
တပ်မတော်မှ တာဝန်ပေးအပ်ထားသော အမတ်များကို ပြည်ထောင်စုလွှတ်တော်၏ လွှတ်တော်နှစ်ရပ်လုံးတွင် ၂၅ ရာခိုင်နှုန်း နေရာယူခွင့်ပေးပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ၃၃ ရာခိုင်နှုန်း နေရာယူခွင့်ပေးသည်။
စတင်ရေးဆွဲသည့်အချိန်ကပင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲသင့်၊ မပြောင်းလဲသင့်နှင့် စပ်လျဉ်း၍ ဆွေးနွေးချက်များ ရှိခဲ့သည်။ ဥပမာဆိုရသော် အောက်ပါတို့ဖြင့် ပြောင်းလဲနိုင်သည်ဟု ဆွေးနွေးကြသည်။
- ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ၏ စကားလုံးအသုံးအနှုန်းကို ပြောင်းလဲသွားစေရန်အတွက် ပုဒ်မတစ်ခုကို ပြင်ဆင်ခြင်း။
- ပုဒ်မ၏ ရှိပြီးသား စကားလုံးအသုံးအနှုန်းကို ပြောင်းလဲခြင်းမပြုဘဲ ထိုပုဒ်မတွင် အကြောင်းအရာသစ် ထည့်သွင်းခြင်း။
- ပုဒ်မတစ်ခုကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လုံး၀ဖော်ပြထားခြင်းမရှိတော့အောင် ရုပ်သိမ်းခြင်း။ သို့မဟုတ်
- ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုဖြင့် အစားထိုးလိုက်ခြင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ခွင့်ပြုချက်လိုသည်ဟု ရေးသားဖော်ပြထားသည်။ ထို့ကြောင့် တပ်မတော်မှ ကိုယ်စားလှယ်များလည်း ပြင်ဆင်ချက်ကို သဘောတူရန်လိုမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အချို့အခန်းများအတွက် ပြင်ဆင်ချက်များသည် နိုင်ငံတော်လူထုဆန္ဒခံယူပွဲတွင် မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံအတည်ပြုမှုကို လိုပါလိမ့်မည်။
ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်
-
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ၎င်းအား ပြင်ဆင်ခြင်း၊ အသစ်ဖြည့်သွင်းခြင်း၊ ပုဒ်မများကို ရုပ်သိမ်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု ရေးဆွဲရန်အတွက် ၎င်းအား ဖျက်သိမ်းခြင်း စသည်တို့အနက် မည်သည်က ပိုမိုကောင်းမွန်မည်ဟု ထင်သနည်း။
အမျိုးသားရေးဝါဒီ
လှုပ်ရှားသွားလာနိုင်မှု
အမွေအနှစ်
ကိုလိုနီဝါဒ