၂.၇

SOGIE လူနည်းစုများ ရင်ဆိုင်ရသော စိန်ခေါ်မှုများ

အကြိုလေ့လာချက်

SOGIE လူနည်းစုများသည် မည်သည့်စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်သနည်း။

အချို့သော SOGIE လူနည်းစုသွင်ပြင်လက္ခဏာများကို နိုင်ငံအချို့တွင် တရားဥပဒေအရ ပြစ်မှုမြောက်သည်ဟု သတ်မှတ်ထားသည်။ ထိုနိုင်ငံများရှိ SOGIE လူနည်းစုဝင်များသည် ဒဏ်ငွေရိုက်ခံရခြင်း၊ အကျဉ်းချခံရခြင်းနှင့် အခြားအပြစ်ပေးမှုပုံစံများကို ခံရနိုင်ခြေရှိသည်။ ထိုသူတို့သည် ရဲအရာရှိများနှင့် စစ်တပ်များ၏ ထိပါးနှောင့်ယှက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ရက်စက်ကြမ်းကြုတ်သော သို့မဟုတ် လူမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှုများဖြင့် ကြုံတွေ့ရနိုင်သည်။

နိုင်ငံအချို့တွင် LGBT အစုအဖွဲ့တွင် ပါဝင်နေသူများ၏ လက်ထပ်ထိမ်းမြားခြင်း၊ လိင်တူချင်း ပေါင်းသင်းနေထိုင်ခြင်း သို့မဟုတ် ဆန္ဒရှိသူနှင့်အတူ လက်မထပ်ဘဲ အတူပေါင်းသင်းနေထိုင်ခြင်းတို့ကို ကန့်သတ်ထားသည့် ဥပဒေများ ရှိနေသည်။ LGBT ရပ်ရွာအစုအဖွဲ့တွင် ပါဝင်နေသူများသည် ကလေးရယူရာတွင်နှင့် ထိုကလေးများ၏ တရားဝင်မိဘများ သို့မဟုတ် အုပ်ထိန်းသူများအဖြစ် အသိအမှတ်ပြုခံရာတွင် အတားအဆီးများ ကြုံရနိုင်သည်။

LGBT ရပ်ရွာအစုအဖွဲ့တွင် ပါဝင်နေသူအချို့အနေဖြင့် ၎င်းတို့၏ တရားဝင်လိင်ဝိသေသခံယူမှုကို ပြောင်းလဲရန် ဥပဒေအရ ခွင့်မပြုမှုများအား ကြုံတွေ့ရနိုင်သည်။ ဟော်မုန်းကုထုံးနှင့် ခွဲစိတ်မှုများကဲ့သို့ လိင်ပြောင်းလဲခွဲစိတ်ခြင်း ကုထုံးများကို ခံယူလိုသူများအနေဖြင့်လည်း ဥပဒေဆိုင်ရာနှင့် အခြားသော အတားအဆီးများကို ရင်ဆိုင်ရနိုင်သည်။ လိင်ပြောင်းလဲခွဲစိတ်ခြင်းကုထုံးများ ခံယူလိုခြင်းကို ‘မွေးရာပါလိင်ကို မိမိခံယူထားသော လိင်အဖြစ် ပြုပြင်ပြောင်းလဲသော ဖြစ်စဉ်’ ဟု လူသိများသည်။

လိင်တူချစ်ခင်စုံမက်သူများအား မုန်းတီးရွံရှာခြင်း (homophobia) သည် အမျိုးသားချင်း ချစ်ခင်စုံမက်သူနှင့် အမျိုးသမီးချင်း ချစ်ခင်စုံမက်သူများကို မုန်းတီးခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကို ဆိုလိုပါသည်။ လိင်တူလိင်ကွဲနှစ်မျိုးလုံးအပေါ်ချစ်ခင်စုံမက်သူများအား မုန်းတီးရွံရှာခြင်း (biphobia) သည် လိင်တူ၊ လိင်ကွဲနှစ်မျိုးလုံး နှစ်သက်စုံမက်သူများကို မုန်းတီးခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကို ဆိုလိုပါသည်။ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲထားသူများကို ကြောက်ရွံ့ခြင်း (transphobia) သည် ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲပြုမူနေထိုင်သူများကို မုန်းတီးခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကို ဆိုလိုပါသည်။ ဤအရာများသည် အတ္တစွဲ မလိုမုန်းထားမှု၏ ဥပမာများ ဖြစ်ကြပါသည်။ အဆိုပါ မလိုမုန်းထားမှုများတွင် နှုတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ထိုးနှက်တိုက်ခိုက်ခြင်းများ ပါဝင်နေပါသည်။

SOGIE ခေါ် လူနည်းစုသွင်ပြင်လက္ခဏာများရှိသူတို့သည် ဘေးအန္တရာယ်မကင်းခြင်း၊ လုံခြုံမှုမရှိခြင်းကို ခံစားရပြီး အခြားသူများက ၎င်းတို့အပေါ် နားလည်မပေးနိုင်မည်ကို စိုးရိမ်သည့်အတွက် ထိုသွင်ပြင်လက္ခဏာများကို ပွင့်လင်းစွာ ပြောပြခြင်း သို့မဟုတ် မျှဝေခြင်းများ မပြုတတ်ကြပါ။ ထို့အတွက် သူတို့၏ ဘ၀တစ်စိတ်တစ်ဒေသ သို့မဟုတ် ဘ၀တစ်လျှောက်လုံးတွင် SOGIE လူနည်းစုသွင်ပြင်လက္ခဏာများကို တစ်စိတ်တစ်ဒေသ သို့မဟုတ် လုံး၀ဖုံးကွယ်ထားပြီး နေထိုင်တတ်ကြသည်။ ဤအရာကို ‘(မိမိလိင်စိတ်/လိင်ဝိသေသကို) လူသိမခံသူ (closeted)’ ဟု လူသိများကြသည်။ လူတစ်ဦးက သူတို့၏ SOGIE လူနည်းစုသွင်ပြင်လက္ခဏာကို ထုတ်ဖော်ပြောကြားသည့် ဖြစ်ရပ်ကို ‘မိမိလိင်စိတ်/လိင်ဝိသေသကို ဖော်ထုတ်ပြသခြင်း’ ဟု လူသိများကြသည်။


 

မြန်မာ့ရေးရာ - 

SOGIE လူနည်းစုများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ


ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၇) အရ “ဓမ္မတာနှင့် ဆန့်ကျင်သည်” ဟု ယူဆရသော လိင်မှုဆိုင်ရာ အလေ့အထများကို တားမြစ်ထားသည်။ ထိုဥပဒေပုဒ်မကို နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အမျိုးသားများအကြား လိင်မှုဆိုင်ရာ အလေ့အထများကို တားမြစ်ခြင်းအဖြစ် အဓိပ္ပာယ်ကောက်ယူလေ့ရှိကြသည်။ LGBT ရပ်ရွာအစုအဖွဲ့၏ အခြားအဖွဲ့ဝင်များသည်လည်း ထိုပုဒ်မ (၃၇၇) ၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်ပါသည်။ ပြစ်ဒဏ်တွင် ဒဏ်ငွေပေးဆောင်ခြင်းနှင့် အများဆုံး ဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်ခြင်းတို့ ပါဝင်သည်။ ပုဒ်မ (၃၇၇) အရ အရေးယူခြင်းခံရသော LGBT ရပ်ရွာအစုအဖွဲ့တွင် ပါဝင်နေသူများသည် ထိန်းသိမ်းထားရာစခန်းတွင် သို့မဟုတ် အကျဉ်းထောင်တွင် နှုတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရနိုင်ပါသည်။

၁၉၄၅ ခုနှစ် မြန်မာ့ရဲအက်ဥပဒေအရ ရဲအရာရှိများသည် ညအချိန်အမှောင်ထဲ၌ မျက်နှာကို ဖုံးအုပ်ထားပြီး မှောင်ရိပ်ခိုအချိန်ဖြုန်းနေသည့် မည်သူကိုမဆို တားမြစ်နိုင်သည်ဟု ခွင့်ပြုထားသည်။ ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲပြုမူနေထိုင်သူများ၊ အမျိုးသားချင်းချစ်ခင်စုံမက်သူများနှင့် လိင်လုပ်သားများအဖြစ် ယူဆရသူများကို ထင်တိုင်းကြဲဖမ်းဆီးနိုင်ရန်အလို့ငှာ ထိုဥပဒေကို အသုံးချကြသည်။ ရဲအရာရှိများသည် ထိုသူတို့ကို ထိပါးနှောင့်ယှက်ပြီး ထိုသူတို့ထံမှ လာဘ်ထိုးမှုများကို တောင်းလေ့ရှိကြသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၅) သည် အမျိုးသားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခြင်းကိုသာ အသိအမှတ်ပြုထားသည်။ ဆိုလိုသည်မှာ LGBT ရပ်ရွာအစုအဖွဲ့တွင် ပါဝင်နေသူများအနေဖြင့် အဓမ္မပြုကျင့်ခံရပါက တရားမျှတမှုကို ရရှိနိုင်မည်မဟုတ်ပါ။

မြန်မာနိုင်ငံသည် လိင်တူချင်း ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် လိင်တူချင်း အတူနေထိုင်ခြင်းကို တရားဝင်အသိအမှတ်ပြုထားခြင်း မရှိပေ။

အခြားနိုင်ငံများစွာမှာကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲပြုမူ နေထိုင်သူများအား ထိုသူတို့၏ ဖွားမြင်ရာ လိင်ဝိသေသလက္ခဏာကိုသာ အသိအမှတ်ပြုပြီး လိင်ဝိသေသခံယူမှုကို အသိအမှတ်မပြုပါ။

LGBT ရပ်ရွာအစုအဖွဲ့တွင် ပါဝင်နေသူများအား ခွဲခြားဆက်ဆံခြင်းသည် မြန်မာနိုင်ငံတွင် မျက်မှောက်ခေတ်ကာလအထိ တည်ရှိနေဆဲဖြစ်သည်။ အချို့သူများက SOGIE လူနည်းစုသွင်ပြင်လက္ခဏာများကို အတိတ်ဘ၀တွင် ကိုယ်ကျင့်တရား ‘ပျက်ပြားမှု’ အတွက် ဝဋ်ကြွေးခံရခြင်းဟု ယုံကြည်နေကြသည်။ SOGIE လူနည်းစုသွင်ပြင်လက္ခဏာများကို ရုပ်ရှင်များကဲ့သို့သော အများကြိုက်ယဉ်ကျေးမှုတွင်လည်း ပုံသေကားချပ် သတ်မှတ်ယူဆဖော်ပြတတ်ကြသည်။

Colors Rainbow အဖွဲ့အစည်း၏ မြန်မာနိုင်ငံရှိ LGBT အဖွဲ့ဝင်များအပေါ် ခွဲခြားဆက်ဆံမှုများနှင့် လူ့အခွင့်အရေးများ အလွဲသုံးစားပြုခြင်း အစီရင်ခံစာတွင် SOGIE လူနည်းစုဝင်များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် လူ့အခွင့်အရေး အလွဲသုံးစားပြုခြင်းများ ဖြစ်ပွားသည့် နေရာဒေသအမျိုးမျိုးကို သတ်မှတ်ဖော်ပြထားသည်။ ထိုအဖွဲ့အစည်း၏ တွေ့ရှိချက် (Colors Rainbow n.d.) များတွင် -

  • လူအများသည် SOGIE လူနည်းစုသွင်ပြင်လက္ခဏာရှိသော မိသားစုဝင်များအား လက်မခံဘဲ ‘ကုသ’ ရန် ကြိုးပမ်းလေ့ရှိသည်။
  • ဆရာ/ဆရာမများသည် LGBT ကျောင်းသားများကို စော်ကားပြောဆိုတတ်ကြပြီး မမျှတစွာ အပြစ်ပေးတတ်ကြခြင်းမျိုး ရှိနိုင်သည်။
  • LGBT ကျောင်းသားများသည် အနိုင်ကျင့်ခံရသောကြောင့် စောစီးစွာ ကျောင်းထွက်နိုင်သည်။
  • ပုံသေကားကျဖော်ပြချက်များနှင့် အတ္တစွဲ မလိုမုန်းထားမှုများသည် လုပ်သားဈေးကွက်တွင် LGBT အဖွဲ့ဝင်များအတွက် အတားအဆီးများ ဖြစ်စေသည်။
  • သတင်းမီဒီယာများသည် LGBT ပြဿနာများကို ဖော်ပြလေ့ မရှိကြ။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

မြန်မာနိုင်ငံတွင် SOGIE လူနည်းစုများအနေဖြင့် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို သင့်အနေဖြင့် မြင်တွေ့ဖူး၊ ကြားဖူး၊ ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးပါသလား။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ