၂ မြန်မာ့ရေးရာ

သမိုင်းတစ်လျှောက် တိုင်းရင်းသားလူမျိုးစုများ ဦးရေနှင့် အမည်နာမများ

အဓိပ္ပာယ်သတ်မှတ်ချက် အများအပြားရှိသည့်အပြင် တိုင်းရင်းသားဟူသော ဝေါဟာရကို လူမျိုးစုများအား အမျိုးအစားခွဲခြားရာတွင်လည်း အသုံးပြုခဲ့သည်။ သို့ရာတွင် တိုင်းရင်းသားဟု သတ်မှတ်နိုင်သည့် လူမျိုးစုမည်မျှရှိကြောင်း​နှင့် စပ်လျဉ်း၍ သဘောတူညီထားချက်များမရှိပါ။ ယနေ့ခေတ်​တွင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုး ရှိသည်ဟု ဖော်ပြထားလေ့​ရှိသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိုးအိမ်​အကြောင်းအရာ သန်းခေါင်စာရင်းတွင် ‘ပင်မတိုင်းရင်းသား​လူမျိုးစု’ (၈) ခုကို စာရင်းပြု၍ အမည်တပ်ဖော်ပြထားပြီး ထို့နောက်တွင် ‘တိုင်းရင်းသားလူမျိုးစု’ (၁၃၅) ခု အဖြစ် ထပ်မံ​ခွဲခြားထားခဲ့သည် (Ferguson 2015:2)။ တိုင်းရင်းသား အရေအတွက် (၁၃၅) အဖြစ် ထင်ရှားလာရခြင်း၏ အကြောင်းအရင်းမှာ မရှင်းလင်းလှပါ။ တိုင်းရင်းသားလူမျိုးစု​များ၏ အရေအတွက် (၁၃၅) နှင့် အမည်နာမများကို လူအများက မေးခွန်းထုတ်၍ ဝေဖန်လျက် ရှိနေကြဆဲ​ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်တွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်​တစ်ဦးက သတင်းအချက်အလက်နှင့် မှတ်ပုံတင်ဆိုင်ရာ ဒုတိယဝန်ကြီးကို “မည်သည့်ခုနှစ်သက္ကရာဇ်၊ မည်သည့်အစိုးရ​လက်ထက်၌ လူမျိုးစု (၁၃၅) ခုကို တိုင်းရင်းသားလူမျိုးစုများ​အဖြစ် သတ်မှတ်ဖော်ပြ၍ အမျိုးအစားခွဲခြားခဲ့ပြီး မည်သည့်​အချက်ကို အခြေခံ၍ စာရင်းပြုစု မှတ်တမ်းတင်ခဲ့သနည်း” ဟု မေးခွန်းထုတ်ခဲ့သည် (Cheesman 2017:8)။ ဒုတိယ​ဝန်ကြီးကမူ ထိုအရေအတွက်သည် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့ပြီး အခိုင်အမာအသိအမှတ်ပြုခံထားရသည့် အချက်အလက်ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ၁၉၉၀ ခုနှစ် စက်တင်ဘာလထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာအပြင် ၁၉၃၁ ခုနှစ်၊ ၁၉၅၀ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များကိုပါ ကိုးကားဖော်ပြခဲ့သည်။ ထို့အပြင် ၁၉၆၀ ခုနှစ်များနှင့် ၁၉၇၀ ခုနှစ်များအတွင်း ထိုအရေအတွက်ကို အတည်ပြုခဲ့သည်ဟု ယူဆရသော အစိုးရအဖွဲ့အစည်း​အမျိုးမျိုးကို ကိုးကားဖော်ပြခဲ့သည် (Cheesman 2017:8)။

တိုင်းရင်းသားလူမျိုးစုများ၏ အရေအတွက် (၁၃၅) နှင့် အမည်နာမ​များကို လူအများက မေးခွန်းထုတ်၍ ဝေဖန်လျက် ရှိနေကြဆဲ ဖြစ်ပါသည်။

၁၉၉၀ ခုနှစ် စက်တင်ဘာလထုတ် စစ်တပ်ပိုင် လုပ်သားပြည်သူ နေ့စဉ်သတင်းစာ အတွဲ (၄)၊ အမှတ် (၉) တွင် နိုင်ငံတော်​ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) မှ ဗိုလ်ချုပ်ကြီး​ခင်ညွန့်သည် “ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသည်” ဟူ၍ ပြောကြားသည်ဟု ဖော်ပြထားသည်။ သို့ရာတွင် မည်သည့်လူမျိုးစုများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ဖော်ပြနိုင်ကြောင်းနှင့် အဘယ်ကြောင့် ထိုကဲ့သို့ သတ်မှတ်နိုင်ကြောင်းတို့ကို မဖော်ပြခဲ့ပါ။

ဗြိတိသျှတို့ ကောက်ယူပြုစုခဲ့သည့် ၁၉၃၁ ခုနှစ် သန်းခေါင်​စာရင်းတွင်မူ ဘာသာစကား၊ လူမျိုးနှင့် ကိုးကွယ်ယုံကြည်မှု အစရှိသော ပင်ကိုယ်စရိုက်လက္ခဏာအမျိုးမျိုးအပေါ် အခြေခံ၍ ခွဲခြားသတ်မှတ်ထားသည်။ စာရင်းကောက်သူများ​သည် ဖြေကြားသူများ၏ မိခင်ဘာသာစကားနှင့် ပြောဆို​သုံးနှုန်းခဲ့သော အခြားဘာသာစကားများကို မှတ်တမ်း​ကောက်ယူခဲ့သည်။ ထိုဘာသာစကားများကို ဌာနေ​တိုင်းရင်းသား ဘာသာစကားနှင့် ဌာနေတိုင်းရင်းသား​မဟုတ်သော ဘာသာစကားဟူ၍ အုပ်စုများ ခွဲခြားထားသည်။ အဓိကဌာနေတိုင်းရင်းသား ဘာသာစကားအုပ်စု ၁၆ မျိုး​ဖြစ်သည့် ဗမာအုပ်စု၊ လိုလို - မူဆိုးအုပ်စု၊ ကူကီး - ချင်းအုပ်စု၊ နာဂအုပ်စု၊ ကချင်အုပ်စု၊ သက်အုပ်စု၊ မစ်သျှမီအုပ်စု၊ မြို့အုပ်စု၊ တိုင်း (ရှမ်း) အုပ်စု၊ မလေးအုပ်စု၊ မွန်အုပ်စု၊ ပလောင်အုပ်စု၊ ၀အုပ်စု၊ ကာသိအုပ်စု၊ ကရင်အုပ်စု၊ မန် (မန်ချူး) အုပ်စုနှင့် တရုတ်အုပ်စုဟူ၍ တွေ့ရှိခဲ့သည်။ ထိုဌာနေတိုင်းရင်းသား ဘာသာစကားအုပ်စု ၁၆ မျိုးသည် ၁၉၂၁ ခုနှစ် သန်းခေါင်​စာရင်းတွင် ဖော်ပြခဲ့သည်နှင့် ထပ်တူကျနေပြီး “နည်းပါး​လှသော အချက်အလက်များ” ကိုသာ အခြေခံထားရသဖြင့် “အပြီးသတ်ဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရ” ဟု သတ်မှတ်ခဲ့​သည် (Bennison 1933:173)။

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းတွင်မူ ထိုအုပ်စုများကို “၁၃၅ စု သို့မဟုတ် ၁၃၆ စု အဖြစ်” ထပ်မံခွဲခြားသတ်မှတ်ခဲ့သည် (Cheesman 2017:8)။ ဌာနေဒေသခံတိုင်းရင်းသားမဟုတ်သော ဘာသာစကားများကိုမူ “ဖန်တီးထားသော အုပ်စုသုံးစု” အဖြစ် ခွဲခြားထားပြီး “အိန္ဒိယ၊ ဥရောပနှင့် အခြားဘာသာစကားများ” အဖြစ် သတ်မှတ်ဖော်ပြထားသည် (Bennison 1933:173)။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းပါ အုပ်စုခွဲများသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ တိုင်းရင်းသားလူမျိုးစု ၁၃၅ စုနှင့် ထပ်တူ​ထပ်မျှ မရှိကြောင်း သိရှိထားရန် အရေးကြီးပါသည်။

လူမျိုးအုပ်စုခွဲခြားခြင်းသည် “သီးခြားဘာသာစကားမရှိသော အိန္ဒိယ - မြန်မာလူမျိုးများ” အတွက်မှလွဲလျှင် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းပါ ဘာသာစကားအုပ်စု ခွဲခြားခြင်းနှင့် များစွာတူညီနေသည် (Bennison 1933:174)။ သို့သော် ဤအုပ်စုခွဲသည့်နည်းတွင် အချို့အချက်များသည် ရှုပ်ထွေး​ဝေဝါးနေသည်။ ဥပမာဆိုရသော် ‘အိန္ဒိယ - မြန်မာလူမျိုးများ’ တွင် အချို့မှာ ဌာနေတိုင်းရင်းသား ဘာသာစကားများကို ပြောဆိုပြီး အချို့ကမူ ဌာနေတိုင်းရင်းသားမဟုတ်သော ဘာသာ​စကားများကို ပြောဆိုနေသည့်အတွက် ဌာနေတိုင်းရင်းသားများ​အဖြစ် သတ်မှတ်နိုင်ခြင်းရှိ၊ မရှိကို အတည်ပြုရန် ခက်ခဲသည် (Bennison 1933:194)။ ထို့အပြင် ‘တရုတ်လူမျိုး’ များ၏ တရုတ်ဘာသာစကားကို သန်းခေါင်စာရင်းက ဌာနေဘာသာ​စကားအဖြစ် သတ်မှတ်ထားသည့်အတွက် ဌာနေတိုင်းရင်းသား​များအဖြစ် သတ်မှတ်ထားခြင်းရှိ၊ မရှိကို အတည်ပြုရန် ခက်ခဲလှသည်။

ဌာနေတိုင်းရင်းသားဖြစ်တည်မှုနှင့် စပ်လျဉ်း၍ ကိုးကွယ်​ယုံကြည်မှုကို အခြေခံပြီး အမျိုးအစားခွဲခြားရာတွင်လည်း ရှုပ်ထွေးမှုများ ရှိနေနိုင်သည်။ ဥပမာဆိုရသော် ‘အိန္ဒိယ​လူမျိုးများ’ နှင့် ‘အိန္ဒိယ - မြန်မာလူမျိုးများ’ သည် ဗုဒ္ဓဘာသာဝင် အမျိုးအစားအောက်တွင် ကွဲပြားသော အုပ်စုများ​အဖြစ် ရပ်တည်နေကြသော်လည်း မွတ်ဆလင်ဘာသာဝင် အမျိုးအစားတွင် ‘အိန္ဒိယ - မြန်မာလူမျိုးများ’ ပါဝင်နေပြီး ‘မြန်မာပြည်ဖွား အိန္ဒိယလူမျိုးများ’ နှင့် ‘မြန်မာပြည် ပြင်ပတွင်​မွေးဖွားသော အိန္ဒိယလူမျိုးများ’ ဟူ၍ ခွဲခြားထားသည် (Bennison 1933:212-213)။ ဘာသာစကား၊ လူမျိုးစုနှင့် ကိုးကွယ်ယုံကြည်မှု အမျိုးအစားများအရ အုပ်စုများအတွက် တစ်သမတ်တည်းမရှိသော အမည်နာမပေးခြင်းသည် (အထူးသဖြင့် အိန္ဒိယမျိုးနွယ်ဟု ယူဆရသူများနှင့် ပတ်သက်၍) မည်သည့်လူမျိုးစုကို၊ လူမျိုးစု အရေအတွက် မည်မျှကို ဌာနေတိုင်းရင်းသားများ ဖြစ်သည်ဟု သတ်မှတ်ယူဆနိုင်မှာ ခက်ခဲလှသည်။

ဦးနုအစိုးရသည် ၁၉၅၃ ခုနှစ်တွင် သန်းခေါင်စာရင်းတစ်ခု ကောက်ယူရန် စီစဉ်ခဲ့သော်လည်း ၁၉၅၅ ခုနှစ်ထိ မပြီးပြတ်ခဲ့ဘဲ ခန့်မှန်းချက်များကိုသာ တင်ပြနိုင်ခဲ့သည် (Buzzi 2003:51)။ ထိုသန်းခေါင်စာရင်းသည် အစောပိုင်းသန်းခေါင်စာရင်းများမှ အချက်အလက်များကိုသာ မှီငြမ်းဖော်ပြထားပြီး မှီငြမ်းချက်​အများစုမှာမူ ဘာသာစကားနှင့် သက်ဆိုင်နေသည် (TNI ၂၀၁၄:၈)။ ထိုသန်းခေါင်စာရင်းမှ ထုတ်ပြန်ထားသော အချက်အလက်များတွင် ‘အဓိကဌာနေ တိုင်းရင်းသားလူမျိုး (၇) မျိုး’ ဖြစ်သော မြန်မာ၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်နှင့် ရှမ်း​လူမျိုးများနှင့် ‘နိုင်ငံခြားသားလူမျိုး (၄) မျိုး’ တို့သာ ပါဝင်​သည်ဟု သိရှိရပါသည် (Cheesman 2017:8ç TNI 2014:9)။

အစိုးရ၏ ၁၉၆၀ ခုနှစ် ထုတ်ပြန်ချက်အရ လူမျိုးစုခွဲပေါင်း (၁၆၀) ခန့်နှင့် ဖွဲ့စည်းထားသော အဓိကလူမျိုးစု (၄၅) စုကို စာရင်းပြုဖော်ပြထားသည်။ သို့ရာတွင် ထိုထုတ်ပြန်ချက်၌ ဝေးလံသောဒေသတွင် နေထိုင်သူများ သို့မဟုတ် အိမ်နီးချင်း​နိုင်ငံများမှ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်နေသူများကဲ့သို့ အခြားလူမျိုးစုများလည်း ရှိနေနိုင်သည်ဟု ဖော်ပြပါရှိသည် (Cheesman 2017:8)။

၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းတွင် ‘ဌာနေတိုင်းရင်းသားများ၊ ဌာနေမဟုတ်သော တိုင်းရင်းသားများ သို့မဟုတ် တိုင်းတစ်ပါးသား လူမျိုးများနှင့် မြန်မာလူမျိုးများသည် ပြည်ပ​လူမျိုးများနှင့် ရောနှောနေသည်’ ဟု မှတ်တမ်းဖော်ပြထားသည် (Maung 1986:16)။ ‘ဌာနေတိုင်းရင်းသားလူမျိုးများ’ သည် ‘တိုင်းရင်းသားလူမျိုး’ ရှစ်မျိုးဖြစ်ပြီး ၁၉၅၃ ခုနှစ် သန်းခေါင်​စာရင်းတွင် ပါရှိသော လူမျိုးများနှင့် တစ်ထပ်တည်း​ဖြစ်သော်လည်း မြန်မာတိုင်းရင်းသားများထဲတွင် ‘တိုင်းရင်းသား​လူမျိုး’ အဖြစ် ရခိုင်လူမျိုးများ ထပ်တိုးပါဝင်လာသည်။ (TNI ၂၀၁၄:၉)။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှာ လူမျိုးကို ဘာသာစကားပေါ် မူတည်၍ မဖော်ပြတော့သဖြင့် အစောပိုင်း​သန်းခေါင်စာရင်းများနှင့် မတူညီတော့ပါ။ ဖြေကြားသူများ​ကိုလည်း လူမျိုးတစ်မျိုးထက်ပို၍ မိမိကိုယ်ကို သတ်မှတ်ဖော်ပြ​ခံယူနိုင်ခွင့်ပြုခဲ့သည် (Maung 1986:16ç TNI 2014:8-9)။

၁၉၇၀ ခုနှစ်များတွင်မူ တိုင်းရင်းသားလူမျိုးစုများ၏ စာရင်းပြု​ဖော်ပြချက်အမျိုးမျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် ပူးတွဲ​ဖော်ပြရန်အလို့ငှာ ပြင်ဆင်ပေးထားခဲ့သည်။ ၁၉၇၂ ခုနှစ် တရားဝင်​ဖော်ပြထားသော စာရင်းတွင် လူမျိုးစု (၁၄၄) စု ပါဝင်ပြီး နောက်တစ်နှစ်၏ တရားဝင်စာရင်း၌ လူမျိုးစု (၁၄၃) စုသာ ရှိသည်ဟု ဖော်ပြထားသည်။ သို့ရာတွင် ၁၉၇၄ ခုနှစ်၌ အသစ်ပြန်လည်​ရေးဆွဲကျင့်သုံးခဲ့သော ဖွဲ့စည်းပုံအခြေခံ​ဥပဒေသစ်တွင် ထိုစာရင်းနှစ်ခုလုံးကို ထည့်သွင်းဖော်ပြထားခြင်း မရှိခဲ့ပါ (Cheesman 2017:9)။

၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းတွင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနှင့် တူညီသည့် ‘ဌာနေတိုင်းရင်းသားလူမျိုး’ (၈) မျိုး ပါဝင်သည်ကို တွေ့ရပြီး ‘အခြားဌာနေတိုင်းရင်းသား လူမျိုးစုများ’ ဟု အမည်တပ်ဖော်ပြထားသည့် နောက်ထပ်​အမျိုးအစား​တစ်ခုကိုလည်း တွေ့ရသည်။ ထိုသန်းခေါင်​စာရင်းတွင် ‘မြန်မာလူမျိုးနှင့် လူမျိုးခြားသွေးနှောများ’ ပါဝင်သည့် ‘လူမျိုးခြားများ’ ကိုလည်း ဖော်ပြထားသည် (Ministry of Home and Religious Affairs 1986:21)။ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း၌ ဘာသာစကားကို လူမျိုးအဖြစ် သတ်မှတ်ရာ အခြေခံအဖြစ် အသုံးမပြုဘဲ လူမျိုးအား ‘သန်းခေါင်စာရင်း​ကောက်ခံထားပြီးသူ၏ မူလတိုင်းရင်းသား​ဖြစ်တည်မှု’ ဖြင့် သတ်မှတ်သည် (Ministry of Home and Religious Affairs 1986:8)။ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) သည် ‘တိုင်းရင်းသား​လူမျိုး’ (၈) မျိုး၏ လူမျိုးစုခွဲများ ‘အရေအတွက် (၁၃၅) ဖြစ်ပေါ်လာရန်’ ၁၉၇၀ ခုနှစ်များ၏ စာရင်းများမှ အချို့သော လူမျိုးများကို ဖယ်ရှားခဲ့သည်ဟု ယူဆရသည်။ ထိုလူမျိုးစုများ​ကို ဖယ်ရှားရခြင်းနှင့် နောက်ဆုံး ဆုံးဖြတ်လိုက်သည့် အရေအတွက်သည် လူမျိုးစု (၁၃၅) စု ဖြစ်ရမည်ဟု ဆုံးဖြတ်​ရခြင်း​တို့၏ အကြောင်းပြချက်အတွက်မူ ရှင်းလင်းချက်များ မရှိပါ (Cheesman 2017:9ç Ferguson 2015:15)။


ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. မည်သည့်အကြောင်းရင်းများကြောင့် ပြည်သူများအား ‘အဓိက တိုင်းရင်းသားလူမျိုးစုများ’ နှင့် ‘လူမျိုးစုငယ်များ’ အဖြစ် ခွဲခြားခဲ့သနည်း။ ဤသို့ ခွဲခြားမှုကြောင့် မည်သို့​အကျိုးသက်ရောက်မှုများ ရှိခဲ့သနည်း။

  2. သန်းခေါင်စာရင်းများသည် ဖြေကြားသူများ၏ လူမျိုးနှင့် တိုင်းရင်းသားဖြစ်တည်မှုဆိုင်ရာ ခံယူချက်တို့ကို မှတ်တမ်းတင်သင့်ပါသလား။ ဖြေကြားသူများ၏ ဌာနေ​တိုင်းရင်းသားဖြစ်တည်မှု သို့မဟုတ် တိုင်းရင်းသား အဆင့်အတန်းကို မှတ်တမ်းတင်သင့်ပါသလား။ အဘယ်ကြောင့်နည်း။

  3. မြန်မာနိုင်ငံ၌ လူမျိုးနှင့် ဌာနေတိုင်းရင်းသား ဖြစ်တည်မှု​ဆိုင်ရာ အယူအဆများတွင် ရှင်းလင်းသော အဓိပ္ပာယ်များ​ရှိသည်ဟု သင်ထင်ပါသလား။ ထိုအဓိပ္ပာယ်​ဖွင့်ဆိုချက်များသည် မျှတမှုရှိသည်ဟု ထင်ပါသလား။ အဘယ်ကြောင့်နည်း။


သင်တန်းဆရာမှတ်စုများ

‘တိုင်းရင်းသား’၊ ‘လူမျိုးစု’၊ ‘ဌာနေ’ နှင့် တိုင်းရင်းသား အားလုံးတို့သည် လူမှုရေးအရ၊ ယဉ်ကျေးမှုအရ ဖန်တီးထားသော အခေါ်အဝေါ်များနှင့် သွင်ပြင်လက္ခဏာများ၏ သာဓကအားလုံးဖြစ်ကြောင်း မှတ်သားထားပါ။ ၎င်းတို့အားလုံးသည် ဇီ၀ဗေဒဆိုင်ရာ အချက်အလက်များ မဟုတ်ပါ (ဥပမာအတွက် Chou 2017 ကို ကြည့်ပါ)။

၎င်းအစား ထိုကဲ့သို့ အခေါ်အဝေါ်များနှင့် သွင်ပြင်လက္ခဏာများကို နိုင်ငံရေးသမားများ၊ အာဏာပိုင်များနှင့် ဗျူရိုကရက်တစ်အရာရှိများ၊ စစ်တပ်များ၊ ပညာရှင်များ၊ စာရေးဆရာများနှင့် အချို့အုပ်စုခေါင်းဆောင်များကဲ့သို့ ဩဇာလွှမ်းမိုးမှုရှိသူများက ဖန်တီးထားလေ့ရှိသည်။ ဩဇာလွှမ်းမိုးမှုရှိသူအမျိုးမျိုးသည် အဆိုပါ အခေါ်အဝေါ်များနှင့် သွင်ပြင်လက္ခဏာများ တစ်ခုစီကို အနည်းငယ်ကွဲပြားစွာ အဓိပ္ပာယ် သတ်မှတ်ပြီး အခြားသူများကလည်း ထိုနည်းလည်းကောင်းပင် ပြုလုပ်တတ်ကြသည်။ ဆိုလိုသည်မှာ အဆိုပါ အခေါ်အဝေါ်များနှင့် သွင်ပြင်လက္ခဏာများတွင် အကြွင်းမဲ့မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ မရှိကြသော်လည်း ၎င်းအဓိပ္ပာယ်ဖွင့်ဆိုချက်အားလုံးကို များသောအားဖြင့် နိုင်ငံရေးရည်ရွယ်များဖြင့် လူမှုရေးအရ၊ ယဉ်ကျေးမှုအရ ဖန်တီးထားခြင်းဖြစ်သည်။

အဆိုပါ ရည်ရွယ်ချက်တစ်ခုမှာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် သန်းခေါင်စာရင်းအပြီး ချမှတ်ရလေ့ရှိသော ဆုံးဖြတ်ချက်များ အတွက် အထောက်အကူဖြစ်စေရန် ဖြစ်နိုင်ပါသည်။ မနုဿဗေဒဘာသာရပ် အကြီးတန်းကထိက ဒေါက်တာ Jane Ferguson က “(သန်းခေါင်စာရင်းများတွင်) ဖော်ပြထားသည့် သတင်းအချက်အလက် အမျိုးအစားနှင့် ဒေတာအချက်အလက်များကို ကောက်ယူ ဖော်ပြသည့် နည်းလမ်းများသည် အာဏာပိုင်များ လူဦးရေနှင့် ပတ်သက်ပြီး ကျင့်သုံးသည့် နည်းလမ်းများကို ပုံသွင်းသွားလိမ့်မည်” ဟု ကောက်ချက်ချသည် (Ferguson 2015:2)။ တရားဝင်အာဏာပိုင်များက သန်းခေါင်စာရင်းများပါ စစ်တမ်းကောက်၍ အမျိုးအစား ခွဲခြားသတ်မှတ်ထားသော အုပ်စုအမျိုးမျိုးအပေါ် ကျင့်သုံးသည့် နည်းလမ်းဥပမာများတွင် လူနည်းစုနှင့် လူများစုဝင်များကို ရေတွက်ရန်၊ နယ်မြေနှင့် လူဦးရေများကို သတ်မှတ်ရန်၊ လူမှုအညွှန်းကိန်းများကို တိုင်းတာနှိုင်းယှဉ်ရန်၊ အခွန်ကောက်ခံရန်နှင့် ရင်းမြစ်များ ပြန်လည် ခွဲဝေချထားရန်တို့ပါဝင်သည် (Ferguson 2015:3-4)/

တရားဝင်နိုင်ငံသားအဖြစ် နိုင်ငံတစ်နိုင်ငံတွင် ပါဝင်သူများနှင့် မပါဝင်သူများအကြား ကန့်သတ်ချက်များ ထားရှိရန်အတွက် ‘တိုင်းရင်းသား’၊ ‘လူမျိုးစု’၊ ‘ဌာနေ’၊ တိုင်းရင်းသား အုပ်စုအမျိုးမျိုးကို သတ်မှတ်ခံယူခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် ရေတွက်ခြင်း တို့ကို အသုံးပြုနိုင်သည်။ တရားဝင်နိုင်ငံသားများသည် နိုင်ငံအတွင်းနေထိုင်ရန်၊ ပထဝီဝင်ဒေသတစ်ခုတွင် နေထိုင်ရန်၊ မြေပိုင်ဆိုင်အသုံးပြုရန်၊ နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားရန်၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစသည့် လူမှုဝန်ဆောင်မှုများ ရယူသုံးစွဲရန် အခွင့်အရေးကဲ့သို့ အရေးပါသော အခွင့်အရေးများ ရရှိသည့်အနေဖြင့် အသိအမှတ်ပြုခံရနိုင်သည်။ တစ်ဖက်တွင်မူ တရားဝင်နိုင်ငံသား မဖြစ်ရသူများမှာ အဆိုပါ အခွင့်အရေးများကို မရရှိနိုင်ကြပေ။ တရားဝင်နိုင်ငံသားများရရှိသော အခွင့်အရေးအချို့ကို စံနှုန်းအချို့ဖြင့် ကန့်သတ်ထား နိုင်သည်။ ဥပမာအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၆၁ (ခ) တွင် နိုင်ငံလူဦးရေ၏ ၀.၁ ရာခိုင်နှုန်း အနည်းဆုံးရှိပြီး ၎င်းတို့အနေဖြင့် လူများစုမဖြစ်သေးသည့် ပထဝီဝင်ဒေသတစ်ခုတွင် နေထိုင်သော တိုင်းရင်းသားအုပ်စုများအတွက် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများအား ရွေးကောက်တင်မြှောက်ခွင့်ကို ပြဌာန်းထားသည်။ မာဆာချူးဆက်တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံဌာနမှူး Ardeth Maung Thawnhmung  နှင့် Braveheart  ဖောင်ဒေးရှင်းမှ ညွှန်ကြားရေးမှူး ရတနာတို့က တိုင်းရင်းသားဆိုင်ရာ သန်းခေါင်စာရင်းအချက်အလက်များသည် မည်သည့်အုပ်စုများက ကိုယ်ပိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများကို ရွေးကောက်ရန် နှင့် ဖြစ်နိုင်လျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရရှိရန် အရည်အချင်းပြည့်မီကြောင်း ဆုံးဖြတ်ပေးသည့်အတွက် အဆိုပါ အချက်အလက်များမှာ အရေးပါသည်ဟု မှတ်ချက်ချထားသည် (Thawnhmung & Yadana 2018:127)/

သို့သော်လည်း အချို့က လက်ရှိတရားဝင်အသိအမှတ်ပြု ‘အဓိက’ တိုင်းရင်းသားအုပ်စုရှစ်ခု၏ 'အုပ်စုခွဲ’ ၁၃၅ မျိုးအဖြစ် ကွဲပြားနေမှုသည် အုပ်စုများအကြား အဆက်အစပ်မရှိမှုနှင့် ပြိုင်ဆိုင်မှုများ ဖြစ်စေသည်ဟုဆိုကြသည်။ “အမျိုးအစားများလေ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများအဖြစ် ကိုယ်စားပြုရေးအတွက် လိုအပ်သော အနည်းဆုံးလူဦးရေပမာဏကို ပြည့်မီနိုင်ခြေနည်းပါးလေဖြစ်သည်။ လူနည်းစုအရေအတွက်များလေလေ၊ ဗမာမဟုတ်သော နိုင်ငံရေးအဖွဲ့အစည်းများ၏ နိုင်ငံရေးအရ စည်းလုံးညီညွတ်မှု ရှိနိုင်ခြေ နည်းလေလေဖြစ်သည့် ဗျူရိုကရက်တစ် လက်တွေ့ဖြစ်ရပ်မှန် တစ်ခုလည်းရှိသည်” ဟု Ferguson  က ကောက်ချက်ချသည် (Ferguson 2015:19)။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ