အကြိုလေ့လာချက်
- တရားဝင်နိုင်ငံသားဖြစ်မှုဆိုသည်မှာ အဘယ်နည်း။
- နိုင်ငံတစ်နိုင်ငံသည် တရားဝင်နိုင်ငံသားဖြစ်မှုကို မည်သည့်နည်းဖြင့် သတ်မှတ်နိုင်သနည်း။
နိုင်ငံသားဖြစ်မှုကို နည်းလမ်းအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ နိုင်ငံတကာဥပဒေအရ နိုင်ငံသားဖြစ်မှု ဆိုသည်မှာ လူတစ်ဦးတစ်ယောက်ချင်းစီနှင့် နိုင်ငံတစ်နိုင်ငံတို့အကြား တရားဝင်ဆက်နွယ်မှုကို ဆိုလိုသည်။ ပုံမှန်အားဖြင့် တရားဝင်နိုင်ငံသားများတွင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ကြောင်း သက်သေပြသည့် နိုင်ငံကူးလက်မှတ်၊ မွေးစာရင်းနှင့် အခြားအထောက်အထားများ ရှိကြသည်။ တရားဝင်နိုင်ငံသားများသည် ၎င်းတို့ တရားဝင်နိုင်ငံသား အဆင့်အတန်း ရရှိထားရာ နိုင်ငံ၏ အခွင့်အရေးများကို ပိုင်ဆိုင်ကြသည်။ အပြန်အလှန်အားဖြင့် တရားဝင်နိုင်ငံသားများတွင် အခွန်ငွေပေးဆောင်ခြင်းနှင့် ထိုနိုင်ငံ၏ ဥပဒေများကို လိုက်နာရခြင်းတို့ အပါအဝင် သတ်မှတ်တာဝန်ဝတ္တရားများ ရှိကြသည်။
လူအချို့အနေဖြင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်သည် ရိုးရှင်းလွန်းသည်ဟု ထင်မြင်ကြသည်။ နိုင်ငံသားဖြစ်မှုသည် လုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်ဟု ၎င်းတို့အနေဖြင့် ယုံကြည်ကြသည်။ နိုင်ငံသားဖြစ်မှုဟူသည် လူ့အသိုင်းအဝိုင်းများကို ထောက်ကူဆောင်ရွက်မှုပြုသူများအကြောင်းလည်းဖြစ်သည်။
ဤစာအုပ်တွင် နိုင်ငံသားဖြစ်မှုဆိုင်ရာ တရားဝင်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အလေးပေးဖော်ပြထားသည်။
တရားဝင်နိုင်ငံသားဖြစ်မှုဆိုင်ရာ အခြေခံမူများနှင့် အဓိက သဘောတရားများ
တရားဝင်နိုင်ငံသားဖြစ်မှုအား အခြေခံမူအမျိုးမျိုးကို အခြေခံထားသော ဥပဒေအရ သတ်မှတ်နိုင်သည်။ နိုင်ငံများတွင် အောက်ပါမူနှစ်မျိုးစလုံးသော်လည်းကောင်း၊ တစ်မျိုးမျိုးသော်လည်းကောင်း ပါဝင်သည့် နိုင်ငံသားဥပဒေများ ရှိကြသည်။
-
jus sanguinis သည် ‘မွေးရာပါအခွင့်အရေး - right of blood’ ကို ဆိုလိုပြီး တရားဝင်ရည်ညွှန်းချက်မှာ မိဘများ၏ တရားဝင်နိုင်ငံသားဖြစ်မှုကို အခြေခံ၍ ပေးအပ်သော နိုင်ငံသားဖြစ်မှုကို ဆိုလိုသည်။ ထိုသူအား မွေးဖွားရာ နေရာမှာ အရေးမပါလှပါ။ jus sanguinis မူအရ တရားဝင်နိုင်ငံသားဖြစ်ခွင့်သည် မိဘနှစ်ဦးစလုံး သို့မဟုတ် မိဘတစ်ဦးတည်း၏ တရားဝင်နိုင်ငံသားဖြစ်မှုအပေါ် အခြေခံနိုင်သည်။
- Jus soli ‘ဇာတိနေရာအခွင့်အရေး - right if soil’ ကို ဆိုလိုပြီး တရားဝင်ရည်ညွှန်းချက်မှာ လူတစ်ဦး၏ မွေးဖွားရာဇာတိကို အခြေခံ၍ပေးထားသော နိုင်ငံသားဖြစ်ခွင့်ကို ဆိုလိုသည်။ လူတစ်ဦးသည် jus soli မူကို ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်း မွေးဖွားသူဖြစ်ပါက ၎င်း၏ မိဘများသည် အခြားနိုင်ငံတစ်နိုင်ငံ၏ တရားဝင်နိုင်ငံသားများ ဖြစ်နေစေကာမူ ၎င်းအနေဖြင့် ထိုနိုင်ငံ၏ တရားဝင်နိုင်ငံသားဖြစ်မှု ရရှိနိုင်သည်။
အချို့နိုင်ငံများတွင်လည်း နိုင်ငံသားပြုခွင့်ပေးထားသည်။ နိုင်ငံသားပြုခွင့်ပေးခြင်း ဆိုသည်မှာ လူတစ်ဦးအား နိုင်ငံတစ်နိုင်ငံ၏ တရားဝင်နိုင်ငံသားတစ်ဦး ဖြစ်လာစေရန် ခံယူခွင့်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် တရားဝင်နိုင်ငံသားဖြစ်ပြီး အခြားနိုင်ငံတွင်လည်း တရားဝင်နိုင်ငံသားအဖြစ် ခံယူလိုသူသည် ၎င်း၏ တရားဝင်နိုင်ငံသားဖြစ်မှုကို ပြောင်းလဲခြင်းအားဖြင့်လည်းကောင်း၊ ဒုတိယမြောက် တရားဝင်နိုင်ငံသားဖြစ်မှု အဆင့်အတန်းကို ထပ်မံဖြည့်စွက်ခြင်းအားဖြင့်လည်းကောင်း နိုင်ငံသားပြုခွင့်ရရှိနိုင်သည်။ မည်သည့်နိုင်ငံတွင်မဆို တရားဝင်နိုင်ငံသားဖြစ်မှု မရှိသူသည်လည်း နိုင်ငံသားပြုခွင့်ကို ရရှိနိုင်သဖြင့် နိုင်ငံမဲ့ ဖြစ်တော့မည် မဟုတ်ပါ။ ဤပုဂ္ဂိုလ်များသည် နေထိုင်ခွင့်၊ လက်ထပ်ထိမ်းမြားခြင်း၊ မွေးစားခြင်း၊ တပ်မတော်တွင် စစ်မှုထမ်းခြင်း၊ စာမေးပွဲဖြေဆိုအောင်မြင်ခြင်း သို့မဟုတ် အခြားနည်းလမ်းများမှတစ်ဆင့် နိုင်ငံသားပြုခွင့်ကို လက်လှမ်းမီရရှိခြင်းမျိုး ရှိနိုင်ကြသည်။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည် ပုံမှန်အားဖြင့် ထိုနိုင်ငံ၏ အခြားသော တရားဝင်နိုင်ငံသားများနှင့် တန်းတူအခွင့်အရေးများ ရှိကြသည်။
နိုင်ငံအချို့တွင် တရားဝင်နိုင်ငံသားအဆင့်အတန်း ခံယူမှုအတွက် ဖြည့်စွက်စည်းမျဉ်းဥပဒေများ ရှိကောင်းရှိနိုင်သည်။ ဌာနေတိုင်းရင်းသားများကိုလည်းကောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများမှ ဆင်းသက်လာသူများကိုလည်းကောင်း၊ မျိုးရိုးစဉ်ဆက်တစ်လျှောက် နိုင်ငံ့သမိုင်းကို ခြေရာကောက်ကြည့်ခြင်းမှ သိရှိနိုင်သော မျိုးရိုးရှိသူများကိုလည်းကောင်း တရားဝင်နိုင်ငံသားဖြစ်မှု အဆင့်အတန်းကို ဖြည့်စွက်ပေးအပ်လိုခြင်းလည်း ရှိကောင်းရှိနိုင်သည်။ ယခုလက်ရှိတွင် အခြားနိုင်ငံတစ်နိုင်ငံ၌ နေထိုင်နေသည်ဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံ၏ တရားဝင်နိုင်ငံသား ဖြစ်နေသည်ဖြစ်စေ ဤပုဂ္ဂိုလ်များသည် တရားဝင်နိုင်ငံသား အဆင့်အတန်းကို ရယူနိုင်ခြင်း ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် လူတစ်ယောက်သည် မွေးရာပါအခွင့်အရေးအရဖြစ်စေ (jus sanguinis)၊ ဇာတိနေရာ အခွင့်အရေးအရဖြစ်စေ (Jus soli) တရားဝင်နိုင်ငံသား ဖြစ်နိုင်သည့်အပြင် သူ၏ ဌာနေတိုင်းရင်းသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှု သို့မဟုတ် မျိုးရိုးတို့ကို အခြေခံ၍လည်း တရားဝင်နိုင်ငံသားဖြစ်နိုင်သည်။
အချို့နိုင်ငံများတွင် လူတစ်ဦးအား တရားဝင်နိုင်ငံသား အဆင့်အတန်းကို နိုင်ငံအများအပြားတွင် ရယူပိုင်ခွင့်ပေးသည့် နိုင်ငံသားဥပဒေများ ရှိကြသည်။
အခြေချနေထိုင်သူများ၊ အထောက်အထား မရှိသူများနှင့် နိုင်ငံမဲ့ပုဂ္ဂိုလ်များ
အခြေချနေထိုင်သူဆိုသည်မှာ နိုင်ငံတစ်ခုတွင် ကာလရှည်ကြာစွာနေထိုင်ရန် ရည်ရွယ်ထားသူဖြစ်သည်။ တရားဝင်နိုင်ငံသားများမှာလည်း ၎င်းတို့ နိုင်ငံသားဖြစ်မှု အဆင့်အတန်းကို ရရှိထားရာ နိုင်ငံအတွင်း နေထိုင်သူများ ဖြစ်လေ့ရှိသည်။ နိုင်ငံတစ်ခုခုတွင် တရားဝင်နိုင်ငံသားဖြစ်မှု အဆင့်အတန်းကို ရရှိခြင်းမရှိသူများသည်လည်း ထိုနိုင်ငံတွင် အခြေချနေထိုင်သူများ ဖြစ်နိုင်သည်။
ထို့ကြောင့် လူတစ်ဦးသည် နိုင်ငံတစ်ခုခုအတွင်း တရားဝင်နိုင်ငံသားရော၊ အခြေချနေထိုင်သူပါ ဖြစ်နိုင်သည်။ သို့သော် အခြေချနေထိုင်သူတိုင်း တရားဝင်နိုင်ငံသား မဟုတ်ပေ။ ၎င်းတို့ အခြေချနေထိုင်ရာ နိုင်ငံအတွင်း တရားဝင်နိုင်ငံသားဖြစ်မှု အဆင့်အတန်းကို ရရှိခြင်း မရှိသူများသည် တရားဝင်နိုင်ငံသားဖြစ်ပြီး သူတို့ရရှိခံစားနိုင်ကြသည့် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများအတိုင်း ရရှိခံစားနိုင်ကြမည် မဟုတ်ပေ။ သို့သော်လည်း နိုင်ငံတစ်နိုင်ငံအတွင်း ကာလရှည်ကြာစွာ နေထိုင်သူများ ဖြစ်ပါက ထိုနိုင်ငံအနေဖြင့် ၎င်းတို့အား တရားဝင်နိုင်ငံသားများနှင့် ရရှိခံစားနိုင်သည့် အခွင့်အရေးနှင့် တာဝန်ဝတ္တရားအချို့ကို ပေးအပ်ပါလိမ့်မည်။
အထောက်အထားမဲ့သူဆိုသည်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့်တကွ အခြေချနေထိုင်ကြောင်းကိုဖြစ်စေ၊ တရားဝင်နိုင်ငံသား အဆင့်အတန်းရှိကြောင်းကိုဖြစ်စေ၊ နှစ်မျိုးစလုံးကိုဖြစ်စေ သက်သေပြနိုင်သည့် မှတ်ပုံတင်ကတ်ပြား သို့မဟုတ် မွေးစာရင်းလက်မှတ်ကဲ့သို့ အစိုးရ၏ တရားဝင်အထောက်အထားများ မရှိသောသူကို ဆိုလိုသည်။ အထောက်အထားမဲ့သူတစ်ဦးသည် နိုင်ငံမဲ့တစ်ဦးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အထောက်အထားမဲ့သူတိုင်း နိုင်ငံမဲ့သူ မဟုတ်ပါ။ နိုင်ငံအများအပြားရှိ တရားဝင်နိုင်ငံသားဖြစ်ပြီးသူများ၌ပင်လျှင် တရားဝင်အစိုးရ အထောက်အထားများ မရှိတတ်ကြပါ။ ထိုနည်းတူ လူတစ်ဦးတစ်ယောက်တွင် ယခင်က အထောက်အထားများ ရှိကောင်းရှိခဲ့နိုင်ပြီး ပဋိပက္ခ သို့မဟုတ် သဘာ၀ဘေးအန္တရာယ် ကျရောက်စဉ် ပျောက်ဆုံးသွားခြင်း သို့မဟုတ် ထိခိုက်ပျက်စီးသွားခြင်း ဖြစ်နိုင်သည်။ ၎င်းတို့သည် ယခင်တုန်းက အခြားနိုင်ငံ တစ်နိုင်ငံ၏ တရားဝင်နိုင်ငံသားများအဖြစ်လည်း အသိအမှတ်ပြုခံရကောင်းခံခဲ့ရနိုင်သည်။ သို့သော်လည်း အထောက်အထားသစ်များ လျှောက်ထားရယူရာတွင် ခွဲခြားဆက်ဆံခံရခြင်း သို့မဟုတ် အခြားအဟန့်အတားများကို ရင်ဆိုင်ရခြင်းလည်း ရှိကောင်းရှိနိုင်သည်။ လူတိုင်းတွင် နိုင်ငံသားဖြစ်မှု အထောက်အထားများရှိမှသာ တရားဝင်နိုင်ငံသားဖြစ်သည်ဟူ၍ အစိုးရတာဝန်ရှိသူများက သတ်မှတ်ယူဆထားသော နိုင်ငံ၌ နေထိုင်သူတစ်ဦးအနေနှင့်မူ အစိုးရ၏ တရားဝင်စာရွက်စာတမ်း အထောက်အထားများ မရှိလျှင် တရားဝင်နိုင်ငံသား အဆင့်အတန်းကို သက်သေပြရန် ခက်ခဲနိုင်သည်။
အထောက်အထားမရှိသော မိဘများ၏ သားသမီးများသည်လည်း ၎င်းတို့၏ တရားဝင်နိုင်ငံသား အဆင့်အတန်းကို သက်သေပြမည့် အထောက်အထားများ လျှောက်ထားရာတွင် အခက်အခဲများ ကြုံတွေ့ရနိုင်သည်။ ဤလုပ်ငန်းစဉ်သည် တရားဝင်နိုင်ငံသားဖြစ်မှု အထောက်အထား စာရွက်စာတမ်းများ တင်ပြလာသည့် လျှောက်ထားသူ၊ ၎င်း၏ မိဘများနှင့် ဘိုးဘွားများ အခြေချနေထိုင်ရာ အရပ်တို့အပေါ်တွင်ပါ အများအားဖြင့် မူတည်လေ့ရှိသည်။
ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်
- နိုင်ငံတစ်နိုင်ငံတွင် အခြေချနေထိုင်သူအားလုံးသည် တရားဝင်နိုင်ငံသားများကဲ့သို့ တူညီသော အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ ရှိသင့်ပါသလား။ အဘယ်ကြောင့်နည်း။
- အထောက်အထားမရှိသူအားလုံးသည် တရားဝင်နိုင်ငံသားများကဲ့သို့ တူညီသည့် အခွင့်အရေးများ ရရှိသင့်ပါသလား။ ရရှိသင့်သည်ဆိုပါက အဘယ်ကြောင့်နည်း။ မရရှိသင့်ဟု ဆိုပါက အဘယ်ကြောင့်နည်း။
အမျိုးသားရေးဝါဒီ
လှုပ်ရှားသွားလာနိုင်မှု
အမွေအနှစ်
ကိုလိုနီဝါဒ