၁.၂.၄

မသန်စွမ်းသူများ

အကြိုလေ့လာချက်

  1. မည်သည့်အရာများသည် မသန်စွမ်းမှုကို ဖြစ်စေသနည်း။
  2. ‘မသန်စွမ်းမှု’ ဆိုသည်မှာ အဘယ်နည်း။

မသန်စွမ်းခြင်းနှင့် ပတ်သက်ပြီး အကြွင်းမဲ့မှန်ကန်သည့် အဓိပ္ပာယ်သတ်မှတ်ချက်မျိုး မရှိပါ။ သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ဆေးပညာဆိုင်ရာ မသန်စွမ်းမှုနှင့် လူမှုရေးရာ မသန်စွမ်းမှုဟူ၍ အဓိကမသန်စွမ်းမှု ပုံစံနှစ်မျိုးရှိသည်။

ဆေးပညာဆိုင်ရာ မသန်စွမ်းမှုဆိုသည်မှာ ရောဂါ၊ စိတ်ဒဏ်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု သို့မဟုတ် အခြားသော ကျန်းမာရေး​ပြဿနာများကြောင့် တိုက်ရိုက်ထိခိုက်မှု ဖြစ်ပွားရသည့် လူတစ်ဦး၏ ယိုယွင်းချက်ကို ဆိုလိုပါသည်။ ဆေးပညာဆိုင်ရာ မသန်စွမ်းသူများသည် ဆေးဘက်ဆိုင်ရာ ပညာရှင်များ၏ အကူအညီဖြင့် ထိုယိုယွင်းချက်ကို ကုသမှုခံယူပြီး မသန်စွမ်းမှုကို ဖြေရှင်းကုသရန် ကြိုးပမ်းနိုင်ကြပါသည်။ ဆေးပညာဆိုင်ရာ မသန်စွမ်းမှုနှင့် ပတ်သက်၍ အကြွင်းမဲ့မှန်ကန်သော မသန်စွမ်းမှု အမျိုးအစားများဟူ၍ ခွဲခြားထားနိုင်ခြင်း မရှိပါ။ သို့ရာတွင် အောက်ပါအမျိုးအစားများကို အများဆုံးတွေ့ရလေ့ရှိသည် -

ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု - လှုပ်ရှားသွားလာနိုင်မှုကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများကို ဆောင်ရွက်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိသည့် ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်း​တစ်ခုခုကြောင့် ယိုယွင်းချက်များ။

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မသန်စွမ်းမှု - မွေးဖွားပြီး​နောက်မှ ဖြစ်ပေါ်လာသော ဦးနှောက်နှင့် အာရုံကြောစနစ် ယိုယွင်းချက်များ။

အာရုံခံစားမှုနှင့် စကားပြောဆိုမှုဆိုင်ရာ မသန်စွမ်းမှု - အမြင်၊ အကြား၊ အနံ့၊ အရသာခံ၊ အထိအတွေ့ အာရုံ ငါးပါး၊ စကားပြောဆိုမှုတို့နှင့် ဆက်စပ်နေသော ယိုယွင်းချက်များ။

အသိဉာဏ်ပညာနှင့် သိမှုဆိုင်ရာ မသန်စွမ်းမှု - ပညာသင်ကြားခြင်းနှင့် နေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ရခြင်း၊ သက်တူရွယ်တူများနှင့် နှိုင်းယှဉ်သည့်အခါ စွမ်းရည်များမှာ အကန့်အသတ်ရှိခြင်း စသည့် ပြဿနာများကို ဖြစ်စေသည့် အသက် (၁၈) နှစ်အတွင်း ပေါ်ပေါက်လာသော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ။

စိတ်ကျန်းမာရေး ပြဿနာ - နေ့စဉ်ဘ၀နှင့် လူမှုနယ်ပယ်တွင် စိတ်ခံစားချက်၊ အတွေးအခေါ်နှင့် အပြုအမူပိုင်းဆိုင်ရာကို သက်ရောက်မှုရှိသည့် စိတ်ကစဉ့်ကလျားဖြစ်မှုများ။

ဖြစ်တည်လာသော ဦးနှောက်ဒဏ်ရာ - မွေးဖွားပြီးနောက်မှ ဖြစ်ပေါ်လာသော ဦးနှောက်ထိခိုက်မှုဖြစ်သည်။ မတော်တဆ​ဖြစ်ခြင်းနှင့် အကြမ်းဖက်ခံရခြင်း၊ လူလတ်ပိုင်းအရွယ်တွင် ခံစားရသော ကူးစက်မှုများနှင့် ရောဂါများကြောင့် ဤကဲ့သို့ ဦးနှောက်ထိခိုက်ခံရနိုင်သည်။

လူမှုရေးရာ မသန်စွမ်းမှုတွင်လည်း ဆေးပညာဆိုင်ရာ မသန်စွမ်းမှုကဲ့သို့ပင် လူတစ်ဦးတစ်ယောက်၌ ယိုယွင်းမှု​တစ်စုံတစ်ရာ ရှိနေနိုင်ပါသည်။ သို့ရာတွင် ထိုယိုယွင်းချက်ကို မသန်စွမ်းမှုဟု လူမှုရေးရာမသန်စွမ်းမှုက ရှုမြင်ခြင်း မရှိပါ။ ဤမသန်စွမ်းမှုပုံစံသည် ယိုယွင်းချက်ရှိသူများအနေဖြင့် လူမှုရေးရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ရှိ အတားအဆီးများနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ အကျိုးဆက်ဖြစ်ပေါ်လာသော မသန်စွမ်းမှုဟု သတ်မှတ်သည်။ လူမှုရေးရာ အတားအဆီးများတွင် လူတစ်ဦးတစ်ယောက်၏ ယိုယွင်းချက်အပေါ် အပျက်သဘောဆောင်သော သဘောထား​များ ပါဝင်နိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများတွင် အလွယ်တကူ သွားလာနိုင်ခြင်းမရှိသော အဆောက်အဦးများနှင့် အများပြည်သူဆိုင်ရာ နေရာများ ပါဝင်နိုင်သည်။

 

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

သင့်၏အမြင်တွင် ဆေးပညာဆိုင်ရာ မသန်စွမ်းမှုနမူနာနှင့် လူမှုရေးရာ မသန်စွမ်းမှုနမူနာတို့အနက် မည်သည့် မသန်စွမ်းမှု​နမူနာက ပိုမိုသင့်လျော်မျှတသည်ဟု ယူဆပါသနည်း။

 

မြန်မာ့ရေးရာ
မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ


၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိုးအိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် မသန်စွမ်းသူများကို အမျိုးအစား လေးမျိုးဖြင့် ဖော်ပြခဲ့ကြသည်။ သန်းခေါင်စာရင်းတွင် စစ်တမ်းကောက်ယူထားသော လူဦးရေအရ အောက်ဖော်ပြပါ ကိန်းဂဏန်းအချက်အလက်များကို ရရှိခဲ့သည်။

မသန်စွမ်းသူများ

အရေအတွက်

ရာခိုင်နှုန်း

မသန်စွမ်းမှုပုံစံအားလုံး

၂,၃၁၁,၂၅၀

၄.၆

လမ်းလျှောက်ခြင်း

၉၅၇,၇၃၆

၁.၉

အမြင်အာရုံ

၁,၂၄၉,၇၃၇

၂.၅

အကြားအားရုံ

၆၇၃,၁၂၆

၁.၃

အသိဉာဏ်ပညာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ

၈၃၅,၅၉၈

၁.၇

 

၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေး​ဥပဒေတွင် ကွဲပြားခြားနားမှု အမျိုးအစားများ ပိုမိုပါဝင်သည်။ မသန်စွမ်းသူများကို “မွေးရာပါဖြစ်စေ/မဟုတ်သည်ဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ၊ အမြင်ဆိုင်ရာ၊ စကားပြောဆိုရာ၊ နားထောင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပညာဆိုင်ရာ၊ သို့မဟုတ် အာရုံခံစားမှုဆိုင်ရာ ကာလရှည်ယိုယွင်းချက်” အဖြစ် ဖော်ပြထားသည်။ မသန်စွမ်းမှုကိုမူ “ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများ၊ အခြားသူများ၏ သဘောထားများ၊ ရှုထောင့်များနှင့် အခြားသော အတားအဆီးများကြောင့် လူမှုနယ်ပယ်တွင် အလုံးစုံပါဝင်နိုင်ရန် မစွမ်းဆောင်နိုင်ခြင်း” ဟု ဖော်ပြပါရှိသည်။

မည်သို့ပင်ဆိုစေကာမူ ဥပဒေတွင် ဆေးပညာဆိုင်ရာနှင့် လူမှုရေးရာမသန်စွမ်းမှု နှစ်ရပ်စလုံးကို အသိအမှတ်ပြု ဖော်ပြထားသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ