၃.၂

လူနည်းစု အခွင့်အရေးများနှင့် ဥပဒေများ

၃.၂.၁

လူနည်းစု အခွင့်အရေးများ


အကြိုလေ့လာချက်

အကယ်၍ လူ့အခွင့်အရေးများသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်ပါက လူနည်းစုများနှင့် လူနည်းစုဝင်များအတွက် သီးသန့်အခွင့်အရေးများ ဖော်ထုတ်ပေးရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။

လူပုဂ္ဂိုလ်တိုင်းသည် တူညီသော အခွင့်အရေးများဖြင့် မွေးဖွားလာသူများဖြစ်သည်။ ထို့အပြင် အချို့လူနည်းစုများမှ ခံစားပိုင်ခွင့်ရှိသည့် သီးခြားအခွင့်အရေးများလည်း ရှိပါသေးသည်။ လူနည်းစုဝင်များသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် သီးခြားလူနည်းစု အခွင့်အရေးများကို ရပိုင်ခွင့်ရှိသည် သို့သော် လူနည်းစုအခွင့်အရေးအချို့ကို အုပ်စုအခွင့်အရေးများအဖြစ်လည်း ယူဆနိုင်ပါသည်။ တစ်ခါတစ်ရံ ဤအုပ်စုအခွင့်အရေးများကို စုပေါင်းအခွင့်အရေးများ (collective rights) ဟု ရည်ညွှန်းဖော်ပြလေ့ ရှိပါသည်။

လူနည်းစုအခွင့်အရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဖွင့်ဆိုချက်မျိုး မရှိပါ။ မည်သည့်အုပ်စုများတွင် လူနည်းစုအခွင့်အရေးများ ရှိသည်၊ မည်သည့်အခွင့်အရေးများသည်မူ လူနည်းစု အခွင့်အရေးများ ဖြစ်သည်ဟူ၍ စာရင်းပြု မှတ်သားထားခြင်းလည်း မရှိပါ။ လူနည်းစုအခွင့်အရေးများကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် နိုင်ငံ့ဥပဒေများတွင် တွေ့ရှိနိုင်ပါသည်။

လူနည်းစုအခွင့်အရေးများမှာ အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် လူများစုတို့သည် မိမိတို့၏ အင်အားကို အသုံးပြု၍ လူနည်းစုဝင်များကို ဖိနှိပ်နိုင်သည့် အလားအလာ ရှိသောကြောင့်ဖြစ်သည်။ ဥပမာဆိုရလျှင် ကန့်သတ်မှုများ ပြုလုပ်သည့် ဥပဒေများကို ကျင့်သုံးပြီး ဖိနှိပ်ခြင်းမျိုးဖြစ်သည်။ လူများစုကြီးစိုးအုပ်ချုပ်နေသည့်တိုင် လူနည်းစုများကို ၎င်းတို့၏ သီးခြားအခွင့်အရေးများပေးခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ အကာအကွယ်ပေးနိုင်ပါသည်။ လူနည်းစုအခွင့်အရေးများသည် လူနည်းစုဝင်များအပေါ် ခွဲခြားဆက်ဆံခြင်း မပြုလုပ်နိုင်စေရန်လည်း အာမခံချက်ပေးပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR 2010) အရ လူနည်းစုအခွင့်အရေးများ အရေးပါရသည့် အဓိကအကြောင်းပြချက် လေးချက်ရှိပါသည်။

       ၁။  ရှင်သန်ရပ်တည်ရေးနှင့် ဖြစ်တည်မှု။

       ၂။  လူနည်းစုများ၏ ပင်ကိုယ်စရိုက်လက္ခဏာများကို မြှင့်တင်ပေးရန်နှင့် အကာအကွယ်ပေးရန်။

        ၃။  တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမရှိရေး။

       ၄။  ထိရောက်ပြီး အဓိပ္ပာယ်ပြည့်၀သော ပါဝင်လှုပ်ရှားမှု။

 

ပြန်လည်သုံးသပ်ချက်/ ဆွေးနွေးချက်

ဤစာအုပ်ပါ လူနည်းစု ငါးစုလုံးအတွက် လူနည်းစုအခွင့်အရေးများ ရှိရန်ဟူသော အကြောင်းပြချက်လေးခုမှာ အဘယ်ကြောင့် အရေးကြီးပါသနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ