၅.၄

နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံမဲ့ခြင်း

အကြိုလေ့လာချက်

  1. နိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံရှိ နိုင်ငံမဲ့မှုအခြေအနေ​အပေါ် မည်သို့သက်ရောက်မှုရှိသည်ဟု ထင်ပါသနည်း။
  2. မြန်မာနိုင်ငံရှိ နိုင်ငံမဲ့မှုအခြေအနေကို မည်သည့်နည်းဖြင့် ဖြေရှင်းနိုင်မည်ဟု ထင်ပါသနည်း။

နိုင်ငံတကာဥပဒေအရ နိုင်ငံမဲ့သူဆိုသည်မှာ မည်သည့်နိုင်ငံကမှ တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ် မပြုထားသူ​ဖြစ်သည်။ နိုင်ငံမဲ့သူအားလုံး မဟုတ်သော်လည်း အများစုမှာ မွေးစာရင်းလက်မှတ်များနှင့် နိုင်ငံတစ်နိုင်ငံ၏ တရားဝင်နိုင်ငံသားဖြစ်ကြောင်း သက်သေပြသည့် အခြား​အထောက်အထားများ မရှိကြပါ။ ဥပဒေအရ နိုင်ငံမဲ့ဖြစ်မှု (De jure statelessness) သည် မည်သည့်နိုင်ငံ၏ ဥပဒေ​အောက်တွင်မဆို တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ်ပြု​မခံရခြင်းကို ဆိုလိုသည်။ လက်တွေ့အားဖြင့် နိုင်ငံမဲ့ဖြစ်မှု (De facto statelessness) သည် လက်တွေ့အားဖြင့် နိုင်ငံမဲ့နေမှု ကို ဆိုလိုသည်။ အခြား တရားဝင်နိုင်ငံသားဖြစ်ပြီးသူများ ရရှိခံစားနိုင်မည့် အခွင့်အရေးများနှင့် အကာအကွယ်ပေးမှု​များအား ၎င်းတို့အနေဖြင့် ခံစားခွင့်မရှိခြင်းကို အခြေခံထား​သည်။ ထိုအခွင့်အရေးများနှင့် အကာအကွယ်ပေးမှုများကို လက်လှမ်းမီ ရယူနိုင်ရန်အလို့ငှာ သတ်မှတ်စာရွက်စာတမ်း အထောက်အထားများရှိရန် လိုအပ်သည်ဟု အာဏာပိုင်များမှ သတ်မှတ်ထားသော နိုင်ငံတွင် နေထိုင်ရပါက ထိုကဲ့သို့ အခွင့်အရေးများနှင့် အကာအကွယ်ပေးမှုများအား ခံစားနိုင်ခွင့် မရှိခြင်းသည် ၎င်းတို့အနေဖြင့် အစိုးရအထောက်အထားများ မရရှိခြင်းသို့ ဦးတည်သွားစေနိုင်သည်။ ၎င်းတို့၏ အခွင့်အရေးများနှင့် အကာအကွယ်ပေးမှုများအား ရရှိနိုင်ရန်​အတွက် နိုင်ငံတော်ကို အားကိုးအားထားပြုနိုင်ခြင်း မရှိတော့​ပါက ၎င်းတို့သည် လက်တွေ့အားဖြင့် နိုင်ငံမဲ့ (de facto) သူများဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) သည် ကမ္ဘာပေါ်ရှိ နိုင်ငံမဲ့မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်​အတွက် မဟာဗျူဟာ ၄ ချက်ကို အကြံပြုခဲ့သည်။

  1. သုတေသနပြုခြင်းနှင့် စာရင်းအင်း စုဆောင်းပြုစုခြင်း​နည်းများဖြင့် နိုင်ငံမဲ့နေသော အုပ်စုများကို ဖော်ထုတ်ပြီး ထိုသို့ဖြစ်ရသော အကြောင်းရင်းများကို ရှာဖွေခြင်း။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိုးအိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် (၁၀) နှစ်အထက်ရှိသော လူဦးရေစုစုပေါင်း၏ လေးပုံတစ်ပုံ (၂၇.၃ ရာခိုင်နှုန်း) သည် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့အထိ မည်သည့် နိုင်ငံသား​ဖြစ်မှု သို့မဟုတ် မည်သည့်မှတ်ပုံတင်ကတ်ပြားမှ မရှိကြောင်း ဖော်ပြထားခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိသည့် လူဦးရေ ၁.၂ သန်းမှ အများစုသည်လည်း လက်တွေ့အားဖြင့် သို့မဟုတ် ဥပဒေအရ နိုင်ငံမဲ့ဘ၀ကျရောက်နေနိုင်သည်ဟု ယူဆထားသည့်အတွက် ယင်းကိန်းဂဏန်းမှာ ဖော်ပြသည်ထက် ပို၍ပင်များနေနိုင်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံမဲ့ဖြစ်မှုနှုန်း မြင့်တက်နေရခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက်များစွာ​ရှိပါသည်။ ထိုအချက်များထဲတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား​ဥပဒေပါ တရားဝင်နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စည်းမျဉ်းများနှင့် တရားဝင်နိုင်ငံသားဖြစ်ခွင့်ရရန် အတားအဆီးများ ပါဝင်သည်။

  1. နိုင်ငံသားဖြစ်မှုဆိုင်ရာ နိုင်ငံ့ဥပဒေများကို ခွဲခြား​ဆက်ဆံသည့်ပုံစံ မဖြစ်စေရန် ဆောင်ရွက်ပေးခြင်းကဲ့သို့ နည်းလမ်းများဖြင့် ၎င်းတို့ကို နိုင်ငံတကာ လူ့အခွင့်အရေး​စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံမဲ့မှုများဖြစ်မလာရန် ကာကွယ်ခြင်း။

မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ပတ်သက်၍ တိုးတက်မှုအချို့ကို ထောက်ပြခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့အကြံပြုသည်မှာ ပြီးခဲ့သည့် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတွင် ပြဌာန်းထားသကဲ့သို့ ယခုလည်း တရားဝင်​နိုင်ငံသား အမျိုးအစား တစ်မျိုးတည်းသာ ရှိသင့်ကြောင်းနှင့် ထိုဥပဒေသည် ခွဲခြားဆက်ဆံမှုမရှိသင့်ကြောင်း အဆိုပြု​ထားသည်။ ကုလသမဂ္ဂမှ အကြံပြုသည်မှာ မြန်မာနိုင်ငံရှိ ကလေးများအားလုံးကို မှတ်ပုံတင်ပြီး မွေးစာရင်း လက်မှတ်​ထုတ်ပေးရန်နှင့် မြန်မာနိုင်ငံနှင့် ကာလရှည်ကြာစွာ ဆက်ဆံရေးရှိသူများ အား မည်သည့် ခွဲခြားဆက်ဆံခြင်းမျိုးမှ မရှိစေရဘဲ လူ့အခွင့်အရေးများကို ခံစားခွင့်ရှိစေရန် အဆိုပြုထားသည်။ (JB 2017:50)

  1. နိုင်ငံမဲ့ဖြစ်နေသော ပုဂ္ဂိုလ်များအား တရားဝင်နိုင်ငံသား​ဖြစ်ခွင့် ရယူနိုင်ပုံနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း​စသည်ဖြင့် အမျိုးမျိုးသော လုပ်ဆောင်ချက်များနှင့် အစီအစဉ်များ ဆောင်ရွက်ကာ နိုင်ငံမဲ့ဖြစ်မှုကို လျှော့ချခြင်း။

မြန်မာအစိုးရသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နိုင်ငံမဲ့​ဖြစ်မှုကို လျှော့ချရန် ကြိုးပမ်းခဲ့သည်။ မိုးပွင့်စစ်ဆင်ရေးသည် အိမ်ထောင်စုစာရင်းတွင် မှတ်ပုံတင်ထားခြင်းမရှိသူများကို မှတ်ပုံတင်ပြီး အရည်အချင်း ပြည့်မီသူများအား နိုင်ငံသား​စိစစ်ရေးကတ်ပြားများ ထုတ်ပေးသည့် အဝေးရောက်စီမံကိန်း​ဖြစ်သည်။ အစိုးရကျောင်းများကိုလည်း စိစစ်ရေးကတ် လျှောက်လွှာများ တင်ခြင်းအတွက် အသုံးပြုခဲ့သည်။ သို့ရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ပြောကြားချက်အရ ဤစီမံကိန်းများသည် ခွဲခြားဆက်ဆံမှုရှိကြောင်း သိရသည်။ အကြောင်းမှာ လူနည်းစုတွင် ပါဝင်သူများအား အထောက်အပံ့​ပေးရန် ငြင်းပယ်ခဲ့ကြပြီး လူအများစုတွင် ပါဝင်သူများကိုသာ အကျိုးပြုခဲ့သောကြောင့်ဖြစ်သည်။ (JB 2017:34)

  1. နိုင်ငံမဲ့သူများကို တရားဝင်နိုင်ငံသားခံယူမှု မရရှိမချင်း ၎င်းတို့၏ နိုင်ငံမဲ့နေသော အခြေအနေကို မကြည့်ဘဲ လူ့အခွင့်အရေးများကို လက်လှမ်းမီစေရန် ဆောင်ရွက်​ပေးခြင်းဖြင့် အကာအကွယ်ပေးခြင်း။ ဤတွင် နိုင်ငံများ​အနေဖြင့် နိုင်ငံမဲ့ခြင်းနှင့် သက်ဆိုင်သည့် နိုင်ငံတကာ​စာချုပ်များတွင် ပါဝင်လာမှုအပြင် အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံမဲ့နေသူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဝန်ဆောင်မှုများအား လက်လှမ်းမီနိုင်ရန်ဟူသည့်​အချက်များ ပါဝင်သည်။

မြန်မာနိုင်ငံသည် နိုင်ငံမဲ့သူများနှင့် သက်ဆိုင်သည့် ကုလသမဂ္ဂ သဘောတူညီချက်တွင်ဖြစ်စေ၊ နိုင်ငံမဲ့လူဦးရေ လျှော့ချရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်တွင်ဖြစ်စေ ပါဝင်သည့်နိုင်ငံမဟုတ်ပါ။ ဤသဘောတူညီချက်နှစ်ခုတွင် လက်မှတ်ရေးထိုးကာ ပါဝင်လိုက်ခြင်းအားဖြင့် နိုင်ငံအတွင်း နိုင်ငံမဲ့မှုနှုန်း မြင့်မားနေမှုကို ဖြေရှင်းပေးနိုင်ပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

၁။ သင့်အမြင်တွင် UNHCR ၏ မဟာဗျူဟာ (၄) ခုစလုံးကို မြန်မာနိုင်ငံတွင် အောင်မြင်စွာ အသုံးချနိုင်သည်ဟု ထင်ပါသလား။ အဘယ်ကြောင့်နည်း။

၂။ ထိုမဟာဗျူဟာများကို အကောင်အထည်ဖော်ရာ၌ မည်သည့် အတားအဆီးများ ရှိနိုင်သနည်း။ ထိုအတားအဆီးများကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။

၃။ ထိုမဟာဗျူဟာများကို မည်သို့ ကျင့်သုံးနိုင်မည်နည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ