၂ . ၁

အထွေထွေစိန်ခေါ်မှုများ

အကြိုလေ့လာချက်

လူနည်းစုများ ရင်ဆိုင်ရနိုင်သည်ဟု သင်ထင်မြင်ယူဆထားသည့် စိန်ခေါ်မှု (၃) ခုကို စာရင်းပြုစုဖော်ပြပါ။

ယေဘုယျအားဖြင့် မည်သူမဆို မမျှမတဆက်ဆံခံရမှုကို တွေ့ကြုံရနိုင်ပါသည်။ သို့ရာတွင် လူများစုဝင်များနှင့် နှိုင်းယှဉ်ပါက လူနည်းစုဝင်များမှာ မမျှမတ ဆက်ဆံခံရနိုင်ခြေ​ပိုများသလို ဆိုးကျိုးသက်ရောက်မှုမှာလည်း ကွဲပြားနိုင်သည်။

လူများစုတစ်စုသည် လူနည်းစုတစ်စုကိုလည်းကောင်း၊ ထိုလူနည်းစုဝင်များကိုလည်းကောင်း မမျှမတဆက်ဆံမှုမျိုး ရှိနိုင်သည်။ ဥပမာဆိုရသော် ကိုယ်လက်အင်္ဂါ သန်စွမ်းသူများသည် မသန်စွမ်းသူများအား မညှာမတာ ဆက်ဆံတတ်သည်။ လူနည်းစုတစ်စုသည်လည်း အခြား​လူနည်းစုကို မညှာမတာ ဆက်ဆံတတ်သည်။ ဥပမာဆိုရသော် တိုင်းရင်းသားလူနည်းစုတစ်စုသည် အခြားတိုင်းရင်းသား​လူနည်းစုတစ်စုကို မညှာမတာ ဆက်ဆံမှုပြုလုပ်တတ်ပါသည်။ လူနည်းစုဝင်များသည်လည်း ၎င်းတို့အုပ်စုဝင် အချင်းချင်းတွင်းမှ အခြားလူနည်းစုပင်ကိုယ်စရိုက်လက္ခဏာ ရှိနေသူများကို မညှာမတာ ဆက်ဆံနိုင်ခြေလည်း ရှိနေသေးသည်။ ဥပမာဆိုရသော် ဘာသာရေးလူနည်းစုဝင်​များသည် ၎င်းတို့အထဲမှ LGBT အစုအဖွဲ့တွင် ပါဝင်နေသူများကို မမျှမတ ဆက်ဆံနိုင်ခြေရှိသည်။

အောက်ပါတို့မှာ မမျှမတဆက်ဆံခြင်း၏ ဥပမာများ ဖြစ်ကြသည် -

  • လာဘ်ထိုးခြင်း - လူတစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စုအား ၎င်းတို့ဆန္ဒမပါသော အရာတစ်ခုကို​ဆောင်ရွက်ရန် ဖိအားပေးသည့်အနေဖြင့် ဆုလာဘ်များပေးခြင်း
  • အကျပ်ကိုင်မှု - လူတစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စုအား ၎င်းတို့ဆန္ဒမပါသော အရာတစ်ခုကိုဆောင်ရွက်ရန် ဖိအားပေးသည့်​အနေဖြင့် အင်အားသုံးခြင်းနှင့် အကြမ်းဖက်ခြင်း​ဖြစ်သည်။
  • ခြိမ်းခြောက်မှုနှင့် ခြောက်လှန့်မှု - လူတစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စုအား ၎င်းတို့ဆန္ဒမပါသော အရာတစ်ခုကို ဆောင်ရွက်ရန် ဖိအားပေးသည့်အနေဖြင့် အကျပ်ကိုင် ခြိမ်းခြောက်ခြင်း။
  • စံသတ်မှတ်ချက်များ - တစ်ခုသော ဒေသ၊ တစ်ခုသော ကာလ၌ တည်ရှိသော စည်းမျဉ်းများ သို့မဟုတ် လိုက်နာရန် လိုအပ်ချက်များကို ဆိုလိုပါသည်။ စံသတ်မှတ်ချက်များကို ဥပဒေများကဲ့သို့ ရေးသားမှတ်တမ်းတင်ထားခြင်းမရှိပါ။ ယေဘုယျအားဖြင့် စံသတ်မှတ်ချက်များကို လူများစုများကသာ ပုံဖော်ဖန်တီးလေ့ရှိကြသဖြင့် ၎င်းတို့ဘက်ကို အလေးသာနေလေ့​ရှိပါသည်။ လူများစုများသည် အခြားသူများနှင့်ပါ သက်ဆိုင်နေ​သည်ဟု ၎င်းတို့ဘာသာ ယူဆထားကြသည့် ၎င်းတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများ၊ အတွေ့အကြုံများ၊ အကျိုးစီးပွားများအပေါ်တွင် စံသတ်မှတ်ချက်များကို အခြေခံတတ်ကြပါသည်။ ထိုအခါ လူနည်းစုဝင်များသည် အခြားသူများ ပုံဖော်ဖန်တီးခဲ့သော စံသတ်မှတ်ချက်များ၏ သက်ရောက်မှုဒဏ်ကို ခံကြရပါသည်။ တစ်ချိန်တည်းမှာပင် လူများစုဝင်များသည် သူတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများ၊ အတွေ့အကြုံများနှင့် အကျိုးစီးပွားများမှာ အကြွင်းမဲ့မှန်ကန်​သည်ဟု ထင်မှတ်လေ့ရှိကြသည့်အတွက် ၎င်းတို့နှင့် လူနည်းစုများအကြားမှ ကွဲပြားခြားနားမှုများကို အသိအမှတ်​မပြုနိုင်ကြတော့ပေ။ စနစ်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံများ​သည် စံသတ်မှတ်ချက်များကို ထင်ဟပ်နေလေ့ရှိကြသလို ပိုမို​ခိုင်မာအောင်လည်း ထောက်ကူပေးလေ့ရှိကြသည်။ အကယ်၍ လူနည်းစုဝင်များအနေဖြင့် ထိုစံသတ်မှတ်ချက်များကို မလိုက်နာပါက အပြစ်ဒဏ်ခံရနိုင်သည်။ ထို့ကြောင့် အချို့​လူနည်းစုဝင်များသည် စံသတ်မှတ်ချက်များကို လိုက်နာခြင်းဖြင့် သူတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများကို ဖုံးကွယ်ရန် သို့မဟုတ် ပြောင်းလဲရန် ကြိုးပမ်းလေ့ရှိသည်။ အခြားသူများကမူ ထိုသူတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကိုသာ ဖန်တီး​လိုက်နာရန် ဆုံးဖြတ်လေ့ရှိပါသည်။
  • ပုံသေကားကျယူဆချက် - အုပ်စုတစ်စုတွင် ပါဝင်နေသူများ​အားလုံးအပေါ် ယေဘုယျ ရှုမြင်ထားသည့် ရိုးစင်းလွန်းလှသော ထင်မြင်ချက်တစ်မျိုးကို ဆိုလိုသည်။ လူတစ်ဦးတစ်ယောက်ကို ပုံသေကားကျယူဆခြင်းဆိုသည်မှာ ထိုသူနှင့် ဆက်နွယ်နေသော အုပ်စုအပေါ် အခြေခံ၍ ထိုသူကို အကဲဖြတ်ခြင်းဖြစ်သည်။
  • အတ္တစွဲ - လူသားတစ်ဦး၏ ပင်ကိုယ်စရိုက်လက္ခဏာ သို့မဟုတ် ဆက်နွယ်နေသော အုပ်စုအပေါ် အခြေခံ၍ ထိုသူအား မကောင်းမြင်သဘောထားရှိခြင်းကို ဆိုလိုသည်။ ထိုအုပ်စုဝင်များသည် စရိုက်မကောင်းကြဟု လူအများက ယူဆထားသည့်အတွက် ရပ်ရွာအစုအဖွဲ့ သို့မဟုတ် လူ့အဖွဲ့အစည်းအတွင်း ပြဿနာဖြစ်ပေါ်လာပါက ထိုသူတို့အား အလွယ်တကူ အပြစ်တင်တတ်ကြသည်။
  • ခွဲခြားဆက်ဆံခြင်း - အုပ်စုတစ်ခုနှင့် ဆက်နွယ်နေသည့်​အချက်ပေါ် မူတည်၍ ယင်းအုပ်စုဝင်များကို မမျှတစွာ ဆက်ဆံခြင်းဖြစ်သည်။ မမျှတစွာ ဆက်ဆံခြင်းသည် ထိုအုပ်စုတွင် အခြားသူများ လက်လှမ်းမီသည့် လွတ်လပ်မှု၊ ရပိုင်ခွင့်၊ အခွင့်အလမ်းများတို့ဖြင့် ကင်းကွာသွားစေသည်။ တိုက်ရိုက်ခွဲခြားဆက်ဆံခြင်းဟူသည် လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအုပ်စုတစ်စုကို ခွဲခြားဆက်ဆံရန် အလို့ငှာ အရေးယူမှု၊ စည်းမျဉ်း၊ ဥပဒေတစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ ပြဌာန်းထားခြင်းကိုဖြစ်သည်။ သွယ်ဝိုက်ခွဲခြားဆက်ဆံခြင်း​ဆိုသည်မှာမူ အရေးယူမှု၊ စည်းမျဉ်း၊ ဥပဒေတစ်ခုသည် ဘက်လိုက်မှုမရှိဟု ထင်မှတ်ရသော်လည်း ခွဲခြားဆက်ဆံခံ​ရသည့် အကျိုးဆက်များဖြစ်ပေါ်အောင် ပြုလုပ်ထားခြင်း​ဖြစ်သည်။
  • လူမှုရေးအရ ဖယ်ကြဉ်ခြင်း - လူအချို့သည် အားငယ်မှု ခံစား​လာရပြီး ၎င်းတို့နေထိုင်ရာ ရပ်ရွာအစုအဖွဲ့နှင့် နိုင်ငံအဝန်း​အဝိုင်းအတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကိစ္စအဝ၀တွင် ပါဝင်ခြင်းမပြုနိုင်တော့ခြင်းမှာ လူမှုရေးအရ ဖယ်ကြဉ်ခြင်း ခံရသောကြောင့်ဖြစ်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် အခြားသူများနှင့် ဆက်နွယ်နေသည်ဟူသော မခံစားရတော့ဘဲ အကန့်သတ်ခံ အထီးကျန်ဘ၀ဖြင့် နေထိုင်ကြရတော့သည်။
  • သည်းခံနိုင်စွမ်းမရှိခြင်း - လူတစ်ဦးတစ်ယောက်အနေဖြင့် ၎င်းကိုယ်ပိုင်အုပ်စုသည် အခြားအုပ်စုများထက် ပိုမို​သာလွန်နေပြီး အခြားအုပ်စုများ၏ ယုံကြည်မှုများနှင့် အလေ့အထများသည် ‘မှားယွင်းနေသည်’ ဟု ယုံကြည်နေခြင်း​အပေါ် အခြေခံသည့် စိတ်နေသဘောထားကို ဆိုလိုပါသည်။ သည်းခံခြင်းမရှိသော သဘောထားများသည် သည်းခံခြင်း​မရှိသော အပြုအမူကို ဖြစ်ပေါ်စေပါသည်။ သည်းခံနိုင်စွမ်း​မရှိခြင်းကြောင့် ဖြစ်ပေါ်လာသော အပြုအမူများသည် ပစ်မှတ်ထားရာ လူတစ်ဦးချင်းကိုသော်လည်းကောင်း၊ ပစ်မှတ်ထားရာ လူအုပ်စုကိုသော်လည်းကောင်း တဖြည်းဖြည်း အန္တရာယ်ကျရောက်စေပါသည်။
  • အကြမ်းဖက် အစွန်းရောက်မှု - မိမိ၏ ကိုယ်ပိုင်အုပ်စုသည် အခြားအုပ်စုများထက် ပိုမိုသာလွန်နေသည်ဟု ယုံကြည်သည့်​အတွက် မိမိကိုယ်ပိုင်အုပ်စုကို အားပေးမြှင့်တင်ရန်နှင့် ကြီးမား​ကျယ်ပြန့်လာစေရန်၊ သို့မဟုတ် အခြားအုပ်စုများကို ဖိနှိပ်ရန်နှင့် ထိခိုက်နစ်နာစေရန် အကြမ်းဖက်မှုကို အသုံးပြုသင့်သည်ဟု ယူဆထားသော သည်းခံနိုင်စွမ်းမရှိခြင်း၏ ပုံသဏ္ဌာန်တစ်ခု​ဖြစ်သည်။ ထိုသို့သော အကြမ်းဖက်မှုသည် ဘာသာရေး၊ အမျိုးသားရေး၊ တိုင်းရင်းသားရေး၊ နိုင်ငံရေး ပင်ကိုယ်စရိုက်​လက္ခဏာအပေါ် အများအားဖြင့် အခြေခံလေ့ရှိသည်။
  • ဝါဒဖြန့်ခြင်းနှင့် သွေးထိုးလှုံ့ဆော်ခြင်း - ဝါဒဖြန့်ခြင်းဟူသည် အယူအဆတစ်ခုအား လူအများ သဘောတူလက်ခံလာစေရန် သို့မဟုတ် အရေးကိစ္စတစ်ရပ်အား ထောက်ခံလာစေရန် လှုံ့ဆော်ပေးသည့် အထင်အမြင်မှားစေသော သတင်း​အချက်အလက်​ဖြစ်သည်။ သွေးထိုးလှုံ့ဆော်ခြင်းဆိုသည်မှာမူ တရားဥပဒေနှင့် မညီညွတ်သော အပြုအမူများကို ကျူးလွန်သည့်အဆင့် သို့မဟုတ် ကျူးလွန်ရန် ကြိုးပမ်းသည့်​အဆင့်အထိ ရောက်စေရန်အလို့ငှာ အခြားသူများကို ‘သွေးဆူအောင်ပြုလုပ်ခြင်း’ ဖြစ်သည်။ ဝါဒဖြန့်ခြင်းနှင့် သွေးထိုး​လှုံ့ဆော်ခြင်းတို့သည် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံခြင်း၊ သည်းခံနိုင်စွမ်းမရှိခြင်းနှင့် အကြမ်းဖက်ခြင်းတို့ကို ဖြစ်စေနိုင်​သလို ပိုမိုအားကောင်းလာစေနိုင်သည်။
  • အတင်းအဓမ္မ သွတ်သွင်းမှု - လူများစုမှ လူနည်းစုဝင်များအား ၎င်းတို့၏ ပင်ကိုယ်စရိုက်လက္ခဏာနှင့် လိုက်လျောညီထွေ​ဖြစ်စေလိုသည့်အခါ လူများစုအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းမှုမျိုး လုပ်ဆောင်တတ်ကြသည်။ ထိုအခါ လူနည်းစု ပင်ကိုယ်စရိုက်လက္ခဏာသည် မှေးမှိန်လာပြီး လုံး၀​ပျောက်ပျက်သွားသည်အထိ ဖြစ်နိုင်သည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

၁။    မည်သို့သော မမျှမတဆက်ဆံခြင်းပုံစံက ထိခိုက်နစ်နာမှု အများဆုံးဖြစ်စေနိုင်သည်ဟု ထင်ပါသနည်း။ အဘယ်ကြောင့်နည်း။

၂။    မမျှမတဆက်ဆံခြင်းပုံစံများသည် အပြန်အလှန် ဆက်နွယ်​နေပါသလား။ အဘယ်ကြောင့် ဆက်နွယ်နေပါသနည်း။

၃။    သင်မြင်တွေ့ဖူးသည့် သင့်ရပ်ရွာအစုအဖွဲ့အတွင်းရှိ လူနည်းစုများအပေါ် သက်ရောက်မှုရှိစေသော မမျှမတ​ဆက်ဆံခြင်းပုံစံများကို ဖော်ပြပါ။

၄။    သင့်တွင်ရှိသော ပင်ကိုယ်စရိုက်လက္ခဏာတစ်ခု သို့မဟုတ် သင်နှင့် ဆက်နွယ်နေသော အုပ်စုတစ်ခုကို တွေးတောကြည့်ပါ။ ထိုပင်ကိုယ်စရိုက်လက္ခဏာ သို့မဟုတ် အုပ်စုနှင့်စပ်လျဉ်း၍ မည်သည့် ပုံသေကားကျယူဆချက်များ ရှိသနည်း။ ထိုပုံသေကားကျယူဆချက်များက သင့်ကို မည်သို့ခံစားရစေသနည်း။

၅။    သင့်တွင်မရှိသော ပင်ကိုယ်စရိုက်လက္ခဏာတစ်ခု သို့မဟုတ် သင်နှင့် ဆက်နွယ်မနေသော အုပ်စုတစ်ခုကို တွေးတောကြည့်ပါ။ ထိုပင်ကိုယ်စရိုက်လက္ခဏာ သို့မဟုတ် အုပ်စုနှင့်စပ်လျဉ်း၍ မည်သည့် ပုံသေကားကျယူဆချက်များ သင့်တွင်ရှိသနည်း။ ထိုပုံသေကားကျယူဆချက်များသည် ထိုပင်ကိုယ်စရိုက်လက္ခဏာရှိသူများ သို့မဟုတ် အုပ်စုဝင်များကို မည်သို့ခံစားရစေနိုင်သနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ