၃.၂.၃

လူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံ့ဥပဒေများနှင့် အရေးယူဆောင်ရွက်ချက်များ

အကြိုလေ့လာချက်

နိုင်ငံတစ်နိုင်ငံသည် မိမိနိုင်ငံတွင် လူနည်းစုအခွင့်အရေးများ ရရှိစေရန်နှင့် အားပေးမြှင့်တင်ရန် မည်သို့သော လုပ်ဆောင်ချက်များကို ပြုလုပ်ရမည်နည်း။

နိုင်ငံတစ်နိုင်ငံချင်းစီအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူနည်းစုအခွင့်အရေး ဥပဒေများအပြင် ၎င်းတို့နိုင်ငံ၏ လူနည်းစုအခွင့်အရေး ဥပဒေများကို ပြဌာန်းနိုင်ပါသည်။ ဤဥပဒေများသည် ဒေသတွင်းအခြေအနေနှင့် ပို၍သက်ဆိုင်မှုရှိနိုင်ပြီး အပြည်ပြည်ဆိုင်ရာ လူနည်းစုအခွင့်အရေး ဥပဒေများတွင် ရေးသားထားသည်များထက် ပို၍ခြုံငုံမှုရှိနိုင်ပါသည်။

လူနည်းစုအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ပြောင်းလဲရန် အင်မတန်ခက်ခဲသောကြောင့် ဤသို့ဆောင်ရွက်ခြင်းမှာ အားသာချက် ရရှိစေပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် လူနည်းစုအခွင့်အရေးများကို အောက်ပါတို့မှတစ်ဆင့် အကာအကွယ်ပေးနိုင်ပါသည်။

  • ရွေးကောက်ပွဲစနစ် - နိုင်ငံများတွင် မတူညီသည့် ရွေးကောက်ပွဲစနစ်များ ရှိနိုင်ပါသည်။ အဆိုပါ စနစ်များထဲမှ အချို့သည် လူနည်းစုများကို ပို၍ ပါဝင်ခွင့်ပေးခြင်း ရှိနိုင်သည်။
  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် - နိုင်ငံများတွင် လူနည်းစုများကို အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအချို့ ရှိနိုင်ပါသည်။ ဥပမာဆိုရသော် လူနည်းစုများတွင် ဗဟိုအစိုးရထံမှ ကင်းလွတ်သည့် ကိုယ်ပိုင်အဖွဲ့အစည်းများနှင့် စနစ်များကို တည်ထောင်နိုင်ခွင့်အပြင် ကိုယ်ပိုင်ဝန်ဆောင်မှုပေးခွင့်တို့ ရှိနိုင်ပါသည်။
  • ကွဲပြားစုံလင်မှုကို အသိအမှတ်ပြုခြင်း - အချို့ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် နိုင်ငံတွင်း ကွဲပြားစုံလင်မှုအကြောင်း ဖော်ပြထားသော နိဒါန်းများရှိပါသည်။
  • နိုင်ငံသား အခြေခံအခွင့်အရေး - နိုင်ငံများအနေဖြင့် နိုင်ငံသား အခြေခံအခွင့်အရေး စာရင်းတစ်ခုနှင့် အချို့အခြေအနေများတွင် ဤအခွင့်အရေးများအား မည်သို့ကန့်သတ်နိုင်သည်တို့ကို ထည့်သွင်းဖော်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေများ ရှိနိုင်ပါသည်။ ဤအခွင့်အရေးများဖြင့် လူနည်းစုများသည် ၎င်းတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများကို ဖော်ပြခြင်းနှင့် အားပေးမြှင့်တင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ထို့အပြင် နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေများမှတစ်ဆင့် လူနည်းစုအခွင့်အရေးများကို ကာကွယ်ရန်နှင့် အားပေးမြှင့်တင်ရန် အထူးအရေးယူဆောင်ရွက်ချက်များကို ချမှတ်ပြုလုပ်နိုင်ပါသည်။ အဆိုပါ ဆောင်ရွက်ချက်များကို အောက်ပါတို့မှတစ်ဆင့် လုပ်ဆောင်နိုင်ပါသည်။

  • လူနည်းစု ကိုယ်စားပြုရေးဆိုင်ရာ ဆောင်ရွက်ချက် - နိုင်ငံတော်အနေဖြင့် လူနည်းစုဝင်များအတွက် ပြည်သူ့ဘ၀၏ အခန်းကဏ္ဍမျိုးစုံတွင် အခွင့်အရေးများပိုရအောင် အသုံးပြုနိုင်သည့် ဥပဒေများနှင့် မူဝါဒများကို ရေးဆွဲနိုင်သည်။ ဥပမာအားဖြင့် ပညာရေးပိုင်းဆိုင်ရာနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို တန်းတူညီမျှ ရရှိပိုင်ခွင့်တို့ ဖြစ်ပါသည်။
  • ပြည်သူ့ဟစ်တိုင်အရာရှိ - နိုင်ငံတော်အနေဖြင့် ပြည်သူ့ဟစ်တိုင်အရာရှိများကို ခန့်အပ်ထားနိုင်သည်။ ဤတရားဝင်ရာထူးသည် လူနည်းစုများမှ အစိုးရ၊ နိုင်ငံပိုင် ကုမ္ပဏီ သို့မဟုတ် နိုင်ငံ့အဖွဲ့အစည်းတစ်ခုအပေါ် တိုင်ကြားထားသည့် မဖြေရှင်းနိုင်သေးသော တိုင်တန်းချက်များကို စုံစမ်းစစ်ဆေးနိုင်သည်။ ပုံမှန်အားဖြင့် ပြည်သူ့ဟစ်တိုင်အရာရှိသည် အစိုးရအပေါ် တိုင်တန်းချက်များကို ကိုင်တွယ်ဖြေရှင်းပြီး အချို့အခြေအနေမျိုးတွင် ပုဂ္ဂလိက ကုမ္ပဏီများအပေါ် တိုင်တန်းချက်များကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်သည်။
  • ပြည်သူ့သတင်းမီဒီယာ - နိုင်ငံတော်အနေဖြင့် နိုင်ငံ့လူဦးရေ စုံလင်ကွဲပြားမှုကို ကိုယ်စားပြုသည့်စာနယ်ဇင်းများ ထုတ်ဝေခြင်းနှင့် အသံလွှင့်ခြင်းတို့ ပြုလုပ်နိုင်ပြီး ဤတွင် လူနည်းစု ပင်ကိုယ်စရိုက်လက္ခဏာများကိုလည်း ထည့်သွင်းဖော်ပြသင့်ပါသည်။
  • ရန်ပုံငွေထောက်ပံ့ခြင်း - နိုင်ငံတော်အနေဖြင့် လူနည်းစုများ၏ အခွင့်အရေးများနှင့် ပင်ကိုယ်စရိုက်လက္ခဏာများကို အားပေးမြှင့်တင်သည့် လုပ်ငန်းများ သို့မဟုတ် လူနည်းစုဝင်များမှ အကောင်အထည်ဖော်သော လုပ်ငန်းများကို ရန်ပုံငွေထောက်ပံ့ရန် ရွေးချယ်ဆုံးဖြတ်နိုင်သည်။

နိုင်ငံတစ်နိုင်ငံချင်းစီတွင် လူနည်းစုများ၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် ကိုယ်ပိုင်ဥပဒေများ ရှိနိုင်ပါသည်။

 

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

ဖော်ပြပါ ဆောင်ရွက်ချက်များအနက် တစ်ခုခုသည် သင့်နိုင်ငံတွင် ပြဌာန်းထားသော လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးပါသလား။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ