၁.၂

လူနည်းစု အမျိုးအစားများ

ဤစာအုပ်သည် အောက်ပါသတ်မှတ်လူနည်းစု (၅) စုကို အထူး​အသားပေးထားပါသည် -

  • တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသားများ
  • ဘာသာရေး လူနည်းစုများ
  • နိုင်ငံမဲ့ ပြည်သူများ
  • မသန်စွမ်းသူများ
  • လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသ​လက္ခဏာဖော်ပြမှု (SOGIE) လူနည်းစုများ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ ပုံမှန်အားဖြင့် အဆိုပါ လူနည်းစုများအနက် အချို့ကို လူနည်းစုအဖြစ် သတ်မှတ်၍မရပါ။ သို့သော်လည်း ထိုအုပ်စုများတွင် လူနည်းစု​ဖြစ်ရခြင်း၏ တူညီသော ယေဘုယျသွင်ပြင်လက္ခဏာလေးခုကို ပိုင်ဆိုင်ထားကြသည်။ ထို့အပြင် အဆိုပါလူနည်းစု (၅) စု​အနက် တစ်စုချင်းစီသည် အခြားလူနည်းစုနှင့် အလွန်​ကွာခြားသော ကိုယ်ပိုင်သီးခြား အကျိုးစီးပွားကိစ္စရပ်များနှင့် လိုအပ်ချက်များ ရှိကြသည်။ သို့ရာတွင် ယင်းအုပ်စု (၅) စု​အနက် တစ်စုချင်းစီတွင် ပါဝင်သူ တစ်ဦးတစ်ယောက်ချင်းစီ၌ ကွဲပြားစုံလင်ပြီး အချင်းချင်း ဖီလာဆန့်ကျင်သော အကျိုးစီးပွားများနှင့် လိုအပ်ချက်များ ရှိနိုင်ပါသည်။ ထို့ကြောင့် ထိုလူနည်းစုဝင်အားလုံး လက်ခံသဘောတူနိုင်မည့် အကျိုးစီးပွား သို့မဟုတ် လိုအပ်ချက်တစ်ခုအား သတ်မှတ်ဖော်ပြရန်မှာ ခဲယဉ်းနိုင်ပါသည်။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ

၁.၂.၁
တိုင်းရင်းသားနှင့် ဌာနေဒေသခံ တိုင်းရင်းသားလူနည်းစုများ


အကြိုလေ့လာချက်

‘တိုင်းရင်းသား’ နှင့် ‘ဌာနေတိုင်းရင်းသား’ ဆိုသော စကားလုံးများကို ကြားရသောအခါ မည်သို့ ထင်မြင်မိပါ​သနည်း။

သင်တန်းဆရာမှတ်စုများ

မြန်မာဘာသာစကားတွင် နီးနီးကပ်ကပ် ဆက်စပ်နေပြီး တစ်ခါတစ်ရံ ဖလှယ်၍သုံးစွဲသော အခေါ်အဝေါ်များစွာရှိကြောင်း သတိပြုပါ။ သို့သော်လည်း ဌာနေတိုင်းရင်းသားအုပ်စုများသည် ကိုလိုနီပြုခြင်းမခံရမီ သို့မဟုတ် ခေတ်သစ်နိုင်ငံများ မပေါ်ပေါက်မီတွင် နယ်မြေ တစ်ခုခု၌ အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့ကြသည့် သမိုင်းကြောင်း ရှိခဲ့သည်ဟု ယုံကြည်ကြပြီး တိုင်းရင်းသား လူနည်းစုဝင်များကမူ ပထဝီဝင်ဒေသများအနှံ့ ပိုမိုပြန့်ကျဲနေနိုင်သည်ဟု သတ်မှတ်ယူဆလေ့ရှိသည်။ ဌာနေအုပ်စုများသည် သူတို့၏အုပ်စုနှင့် နယ်မြေတို့ကို အုပ်ချုပ်သည့် ကိုယ်ပိုင်စနစ်များလည်း ရှိတတ်ကြသည်။

ဌာနေအုပ်စုများနှင့် တိုင်းရင်းသားအုပ်စုများအကြား ကွဲပြားမှုသည် အခြားနိုင်ငံအချို့တွင် ရှင်းရှင်းလင်းလင်း နားလည်နိုင်သော်လည်း မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့ နားလည်နိုင်မည် မဟုတ်ပါ (Kymlicka 2007)။ ယနေ့မြန်မာနိုင်ငံဟု အမည်တွင်နေသော နယ်မြေသည် ကိုလိုနီခေတ်နှင့် ၁၉၄၈ ခုနှစ်တွင် အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်ခုအဖြစ် မတည်ထောင်မီ အတိတ်ကာလများတွင် အများအပြား ကွဲထွက်နေခဲ့နိုင်သည်ဟု ယူဆကြသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံရှိ မည်သည့်အုပ်စုသည် ဌာနေဖြစ်ကြောင်း ပြောဆို သတ်မှတ်ရန်မှာ ပို၍ရှုပ်ထွေးပါသည်။

မြန်မာနိုင်ငံရှိ အုပ်စုများသည် နယ်မြေများအပေါ် ပိုင်ဆိုင်ခွင့် တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေဟူသောအချက်၊ အတူတကွ ဖြစ်ပျက်ခဲ့သည့် သမိုင်းကြောင်းများ၊ အုပ်စုအခြေပြု အခွင့်အရေးများစသည့်အချက်များအပေါ် အခြေခံ၍ မိမိတို့အတွက် သော်လည်းကောင်း၊ အခြားအုပ်စုများအတွက်သော်လည်းကောင်း အခေါ်အဝေါ်အမျိုးမျိုး အသုံးပြုရန် ရွေးချယ်ကောင်း ရွေးချယ်နိုင် ပါသည်။ အစိုးရ၊ တပ်မတော်နှင့် အခြားလှုပ်ရှားဆောင်ရွက်သူများသည်လည်း မည်သည့်အုပ်စုက ဌာနေဖြစ်သည် မဖြစ်သည်ကို ၎င်းတို့ ယူဆထားသည့်အတိုင်း ခွဲခြားသတ်မှတ်ကြရာတွင် မြန်မာနိုင်ငံရှိ အုပ်စုများအတွက် အခေါ်အဝေါ်အမျိုးမျိုးကို အသုံးပြုပါသည်။

တိုင်းရင်းသားလူမျိုးစုနှင့် စပ်လျဉ်း၍ အကြွင်းမဲ့မှန်ကန်သည့် အဓိပ္ပာယ်သတ်မှတ်ချက်မျိုး မရှိပါ။ လူသားများသည် သူတို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် မျိုးရိုးပေါ် အခြေခံ၍ သူတို့၏ တိုင်းရင်းသားဖြစ်တည်မှုကို ပုံဖော်ဖန်တီးကြသည်။ ဤစာအုပ်တွင် ဖော်ပြထားသည့် တိုင်းရင်းသားလူနည်းစု ဆိုသည်မှာ တိုင်းရင်းသား ပင်ကိုယ်စရိုက်လက္ခဏာတစ်ခုနှင့် မိမိကိုယ်ကို သတ်မှတ်ခံယူထားသော လူမျိုးစုများ ဖြစ်သလို တိုင်းရင်းသားလူများစုထက် လူဦးရေနည်းသော လူမျိုးစုလည်း​ဖြစ်သည်။

ဌာနေတိုင်းရင်းသားနှင့် စပ်လျဉ်း၍လည်း အကြွင်းမဲ့​မှန်ကန်သည့် အဓိပ္ပာယ်သတ်မှတ်ချက်မျိုး မရှိသေးပါ။ ကုလသမဂ္ဂ၏ လူနည်းစုအခွင့်အရေးများ - အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လမ်းညွှန်ချက် (OHCHR 2010:2-3) တွင် ပါရှိသည်မှာ တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား နှစ်ရပ်စလုံးတွင် အောက်ဖော်ပြပါတူညီသော ပင်ကိုယ်စရိုက်လက္ခဏာများ ပါရှိကြကြောင်း အသိအမှတ်ပြုထားသည် -

(က) လူများစုနှင့် မတူညီသည့် ရိုးရာယဉ်ကျေးမှု၊ ဘာသာ​အယူဝါဒများရှိခြင်း။

(ခ) ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာအယူဝါဒများအား ထိန်းသိမ်းစောင့်ရှောက်ရန် စိတ်ဆုံးဖြတ်ချက်ရှိခြင်း။

သို့ရာတွင် ကုလသမဂ္ဂသည် ဌာနေတိုင်းရင်းသားများတွင် အောက်ပါ ပင်ကိုယ်စရိုက်လက္ခဏာများလည်း ရှိနေသေးကြောင်းကို အလေးဂရုပြုပါသည် -

(ဂ) လူ့အဖွဲ့အစည်းတွင် လွှမ်းမိုးကြီးစိုးနိုင်ခြင်းမရှိသည့် လူမျိုးစုအဖြစ် ဖြစ်ပေါ်လာခြင်း။

(ဃ) ကိုလိုနီပြုခြင်းမခံရမီ သို့မဟုတ် နယ်နိမိတ်သတ်မှတ်၍ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်ခြင်းမပြုမီ ဒေသ​တစ်ခုတွင် နေထိုင်ခဲ့သူများ၏ သားစဉ်မြေးဆက်များ ဖြစ်နေခြင်း။

(င) လူများစုနှင့် မတူညီသော မိရိုးဖလာ လူမှုရေး၊ စီးပွားရေး​နှင့် နိုင်ငံရေးစနစ်များ ရှိနေခြင်း။

(စ) ၎င်းတို့၏ ရိုးရာစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် စိတ်ဆုံးဖြတ်ထားခြင်း။

(ဆ) ၎င်းတို့နေထိုင်ရာ သမိုင်းဝင်နယ်မြေနှင့် သဘာ၀​သယံဇာတ အရင်းအမြစ်တို့အပေါ် နှလုံးသားမွေ့လျော်ရာ နယ်မြေ​အဖြစ် သံယောဇဉ်ခိုင်မြဲမှု။

(ဇ) ၎င်းတို့၏ လူမှုရေးနှင့် ယဉ်ကျေးမှု ဆက်လက်​တည်တံ့ရေးသည် ၎င်းတို့နေထိုင်ရာ သမိုင်းဝင်နယ်မြေနှင့် သဘာ၀သယံဇာတရင်းမြစ်တို့အပေါ် မူတည်နေသည်ဟု ယုံကြည်လေ့ရှိကြခြင်း။

ဤသင်ကြားမှုရင်းမြစ်တွင် ဌာနေတိုင်းရင်းသားတစ်စုသည် ဌာနေတိုင်းရင်းသား ပင်ကိုယ်စရိုက်လက္ခဏာများဖြင့် မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူထားပြီး လူများစုထက် လူဦးရေနည်းသော လူမျိုးစုဖြစ်သည်။ ကုလသမဂ္ဂသည် ဌာနေတိုင်းရင်းသားများအား အခြားလူနည်းစုများနှင့် ကွဲပြားခြားနားသည်ဟု ယုံကြည်လက်ခံထားသည့်အတွက် အထူးကာကွယ်ပေးမှုနှင့် အခွင့်အရေးများ ခွင့်ပြုပေးထားသည်။

ကုလသမဂ္ဂကိုယ်တိုင်က တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား​တို့အား ကွဲပြားခြားနားသည်ဟု အသိအမှတ်ပြုထားသည်။ သို့သော် ထိုသတ်မှတ်ချက်များကို နားလည်ရန် မလွယ်ကူသည့်​အပြင် သဘောထားကွဲလွဲမှုများလည်း ရှိနေပါသည်။ အချို့​လူများကမူ တိုင်းရင်းသားဖြစ်တည်မှု ခံယူချက်သည် တစ်ခါတစ်ရံ၌ ဘာသာစကား သို့မဟုတ် ကိုးကွယ်ယုံကြည်မှု​ကဲ့သို့ လူတစ်ဦး၏ အချို့သော ပင်ကိုယ်စရိုက်လက္ခဏာ အစိတ်အပိုင်းများနှင့် တစ်သားတည်းပေါင်းစည်းထားသည်ဟု စောဒကတက်ကြသည်။ ဥပမာဆိုရသော် လူသားတို့သည် ဘာသာစကား သို့မဟုတ် ကိုးကွယ်ယုံကြည်မှု တူညီသည်​ဆိုသော အကြောင်းပြချက်ဖြင့် တိုင်းရင်းသားတစ်စုအဖြစ် အုပ်စုခွဲသတ်မှတ်ထားနိုင်သည်။ တိုင်းရင်းသား အုပ်စုခွဲ သတ်မှတ်ခြင်းကို အများအားဖြင့် သန်းခေါင်စာရင်း၌ တွေ့ရလေ့ရှိပါသည်။ သန်းခေါင်စာရင်းတွင် မတူညီသော လူအုပ်စုများကို သိသိသာသာ ကွဲပြားခြားနားသော တိုင်းရင်းသား အုပ်စုများအဖြစ် သတ်မှတ်ထားကြပြီး၊ လူတစ်ဦးသည် တိုင်းရင်းသားဖြစ်တည်မှုခံယူချက် တစ်ခုတည်းတွင် အကျုံးဝင်ပြီး အများအပြားမရှိနိုင်ဟု ယူဆထားတတ်ကြပါသည်။ ထိုတိုင်းရင်းသား အမျိုးအစားများကို အလွယ်တကူ ဖော်ထုတ်သတ်မှတ်နိုင်ပြီး အမျိုးအစား တစ်ခုနှင့်တစ်ခု မတူညီသော အချိန်ကာလ​အလျောက် ပြောင်းလဲသွားခြင်းမရှိသည့် ပုံသေအမျိုးအစား​များဟု ယူဆလေ့ရှိကြပါသည်။ သို့ရာတွင် လက်တွေ့တွင်မူ လူသားများသည် မိမိကိုယ်ကို ကွဲပြားစွာ သတ်မှတ်ဖော်ပြ​ခံယူထားပြီး မိမိတို့၏ တိုင်းရင်းသားဖြစ်တည်မှု ခံယူချက်နှင့် စပ်လျဉ်း၍ ကိုယ်တိုင်နားလည်သဘောပေါက်နေနိုင်ပါသည်။ လူမျိုးစုများအကြား ခြားနားမှုများသည် ခွဲခြားသိရှိရန် မလွယ်ကူသည့်အပြင် ပင်ကိုယ်စရိုက်လက္ခဏာများသည် အချိန်ကာလအလိုက်လည်း ပြောင်းလဲသွားနိုင်ပါသည်။

ပထဝီနယ်မြေတစ်ခုတွင် မည်သည့်လူမျိုးစုများက ဦးစွာ​နေထိုင်ခဲ့သည်ကို ဆုံးဖြတ်ရန်ခက်ခဲသည့်အတွက် ဌာနေ​တိုင်းရင်းသား​ဖြစ်တည်မှုအား အလွယ်တကူ သက်သေမပြ​နိုင်ပါ။ ထို့ကြောင့် မည်သည့်လူမျိုးစုများကို ဌာနေတိုင်းရင်းသား​အဖြစ် သတ်မှတ်နိုင်ဆိုသောအချက်၊ မည်သည့်လူမျိုးစုသည် သတ်မှတ်နယ်မြေတစ်ခုအား သူတို့၏ ပိုင်နက်နယ်မြေအဖြစ် တောင်းဆိုနိုင်မည်ဆိုသောအချက်တို့နှင့် စပ်လျဉ်း၍ လူမျိုးစုများအကြား သဘောထားကွဲလွဲမှုများ ရှိနေနိုင်​ပါသည်။ ဌာနေတိုင်းရင်းသားဖြစ်ခြင်းအပေါ် သဘောထား​ကွဲလွဲမှုများကြောင့် အချို့သော လူမျိုးစုများအတွက် ဥပဒေအရ ကာကွယ်ပေးမှုနှင့် အခွင့်အရေးများ နည်းပါးသွားစေနိုင်​ပါသည်။

လူမျိုးစုတစ်စုသည် တိုင်းရင်းသားလူနည်းစု၊ ဌာနေ​တိုင်းရင်းသားလူနည်းစု သို့မဟုတ် နှစ်မျိုးလုံးအဖြစ် မိမိကိုယ်ကို သတ်မှတ်ဖော်ပြခံယူနိုင်သည်။ ဤအချက်သည် ထိုလူမျိုးစု၏ မိမိကိုယ်ကို ထားရှိသောအမြင်နှင့် နိုင်ငံရေး​နယ်ပယ်ကို ထားရှိသောအမြင်တို့အပေါ် မူတည်နေပါသည်။

လူမျိုးစုတစ်စုသည် သူတို့နေထိုင်ရာနိုင်ငံအတွင်း တိုင်းရင်းသားလူနည်းစုအဖြစ် မိမိကိုယ်ကို သတ်မှတ်ဖော်ပြ​ခံယူနိုင်သော်လည်း ဌာနေတိုင်းရင်းသားလူမျိုးစု အခွင့်အရေးများကို တောင်းဆိုရယူနိုင်ရန်အတွက် နိုင်ငံတကာ​အသိုင်းအဝိုင်းနှင့် ဆက်သွယ်ဆောင်ရွက်သောအခါ ဌာနေ​တိုင်းရင်းသားလူနည်းစုအဖြစ် မိမိကိုယ်ကို သတ်မှတ်ဖော်ပြ​ခံယူနိုင်သည်။ အစိုးရတစ်ရပ်အနေဖြင့် လူနည်းစုဝင်များအတွက် ဌာနေတိုင်းရင်းသားအခွင့်အရေး အသိအမှတ်ပြုပေးရန်ကိစ္စကို ရှောင်ရှားလိုသည့်အခါ ထိုလူနည်းစုကို ဌာနေတိုင်းရင်းသား​မဟုတ်သော တိုင်းရင်းသားလူမျိုးစုအဖြစ်သာ သတ်မှတ်ဖော်ပြ​လာနိုင်ပါသည်။

လူမျိုးစုတစ်စုသည် ‘တိုင်းရင်းသား လူနည်းစု’ သို့မဟုတ် ‘ဌာနေတိုင်းရင်းသား လူနည်းစု’ တို့နှင့် မတူညီသော အခေါ်အဝေါ်တစ်ခုဖြင့် မိမိကိုယ်ကို သတ်မှတ်ခံယူရန် ရွေးချယ်နိုင်ပါသည်။ ထိုသူတို့သည် တိုင်းရင်းသား သို့မဟုတ် ဌာနေတိုင်းရင်းသားအဖြစ် မိမိကိုယ်ကို သတ်မှတ်​ဖော်ပြခံယူခြင်းကိုသော်လည်းကောင်း လူနည်းစုအဖြစ် သတ်မှတ်ဖော်ပြခံယူခြင်း မပြုရန်သော်လည်းကောင်း ရွေးချယ်နိုင်ပါသည်။ ထိုအချင်းအရာအတွက် အကြောင်းပြချက်​တစ်ခုမှာ အစိုးရက ထိုလူမျိုးစုနှင့် စပ်လျဉ်း၍ ရည်ညွှန်းသည့်အခါ ‘လူနည်းစု’ ဟူသည့် အခေါ်အဝေါ်ကို မသုံးစွဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အခြား​အကြောင်းပြချက်မှာမူ ထိုလူမျိုးစုအနေဖြင့် ‘လူနည်းစု’ ဟူသော ဝေါဟာရသည် အပြုသဘောမဆောင်သော အဓိပ္ပာယ်ရှိသည်ဟု ခံယူခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ တိုင်းရင်းသားလူမျိုးစု သို့မဟုတ် ဌာနေတိုင်းရင်းသား လူမျိုးစုများအဖြစ် အမျိုးအစားခွဲခြားခြင်းနှင့် လူနည်းစုအဖြစ် အမျိုးအစားခွဲခြားခြင်းသည် နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ဖြစ်တတ်သည်။

 

Activity:

We are all members of ethnic groups, but not all of us are members of indigenous groups, and some of us are members of ethnic minority groups.

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

လူသားများကို တိုင်းရင်းသားဖြစ်ခြင်း သို့မဟုတ် ဌာနေ​တိုင်းရင်းသားဖြစ်ခြင်းအပေါ် အခြေခံ၍ အမျိုးအစား ခွဲခြား​သတ်မှတ်ခြင်းသည် အသုံးဝင်ပြီး အရေးပါသည်ဟု သင်ယူဆပါ​သလား။ အဘယ်ကြောင့်နည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ