၅.၂.၄

တရားဝင်နိုင်ငံသားခံယူမှုအတွက် အတားအဆီးများ

အကြိုလေ့လာချက်

စိစစ်ရေးကတ်ပြားများ လျှောက်ထားရာတွင် မည်သို့သော အတားအဆီးများနှင့် ကြုံတွေ့နိုင်မည်ဟု ထင်ပါသနည်း။

လူတစ်ဦးသည် ဥပဒေအရ တရားဝင်နိုင်ငံသား ဖြစ်နိုင်သည်။ သို့သော် ထိုသူ၌ တရားဝင်နိုင်ငံသားခံယူထားမှုကို သက်သေပြ​သည့် အထောက်အထားများမရှိပါက ၎င်းသည် နိုင်ငံမဲ့နေသူ ဖြစ်သွားနိုင်ခြေရှိသည့် အန္တရာယ်ကို ကြုံတွေ့ကောင်း ကြုံတွေ့ရ​နိုင်သည်။ ၎င်းတို့သည် အခွင့်အရေးများကို လက်လှမ်းမီနိုင်မှု​နည်းပြီး အခြားသူများ၏ မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းခြင်း​ကိုလည်း ခံရနိုင်သည်။

မြန်မာနိုင်ငံတွင် တရားဝင်နိုင်ငံသားခံယူထားကြောင်း သက်သေပြသည့် အထောက်အထားများကို လျှောက်ထားသူများ​အနေဖြင့် ကြုံတွေ့နေရသည့် အတားအဆီး အမြောက်အမြား​ရှိသည်။ ဤသည်မှာ ထိုအတားအဆီးများသည် နိုင်ငံတော်က ပြဌာန်းထားသောဥပဒေ၊ မူဝါဒများနှင့် သက်ဆိုင်နေသည်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ထိုဥပဒေနှင့် မူဝါဒများကို အကောင်အထည်ဖော်ခြင်းနှင့် သက်ဆိုင်နေသည်လည်း ဖြစ်နိုင်သည်။ အချို့အတားအဆီးများသည် ဥပဒေအရ တစ်သမတ်တည်း ကျင့်သုံးရမည့် ထုံးကို ချိုးဖောက်ရာကျသည်။ အကြောင်းမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ၁၉၈၃ ခုနှစ် လုပ်ထုံးလုပ်နည်းများ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် စိစစ်ရေးကတ်ပြား လျှောက်ထားသူများ​အတွက် မမျှမတ ဖြစ်သွားနိုင်စရာ ရှိသောကြောင့်ဖြစ်သည်။ အဓိက အတားအဆီးအချို့မှာ -

တိုင်းရင်းသားဖြစ်မှုကို အခြေခံ၍ ဖယ်ကြဉ်ခြင်း - နိုင်ငံသား​အပြည့်အဝ ဖြစ်ခွင့်အတွက် လိုအပ်ချက်များသည် တိုင်းရင်းသား​ဖြစ်ခြင်းနှင့် သက်ဆိုင်နေသည်။ မြန်မာနိုင်ငံသားဥပဒေတွင် အဓိက တိုင်းရင်းသားလူမျိုး ရှစ်မျိုး (ထို့ပြင် သတ်မှတ်​စံနှုန်းများနှင့် ကိုက်ညီသော အခြားတိုင်းရင်းသား လူမျိုးစုများ) ကိုသာ အတိအကျ ဖော်ပြထားသည့်အတွက် ထိုအုပ်စုများတွင် မပါဝင်သူများအတွက် စိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပို၍ခက်ခဲစေသည်။ လက်ရှိ တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်ကြသူများဟု သတ်မှတ်ခံထားရသူများသည် နိုင်ငံသားအပြည့်အဝ ဖြစ်ခွင့်ရရန် ငြင်းပယ်ခံရလေ့ရှိသည်။

ပင်ကိုယ်စရိုက်လက္ခဏာ ဖော်ထုတ်ခြင်းအပေါ် အတားအဆီးများ - စိစစ်ရေးကတ်ပြား လျှောက်ထားသူ​များအား မိမိတို့၏ လူမျိုးနှင့်/သို့မဟုတ် ဘာသာကို ကိုယ်တိုင်ဖော်ထုတ်ရန် ခွင့်မပြုထားပါ။

ခွဲခြားဆက်ဆံခြင်း - လူဝင်မှုကြီးကြပ်ရေးအရာရှိများသည် လူတိုင်းကို မျှမျှတတ ဆက်ဆံကြမည်မဟုတ်ပေ။ အချို့သော ဘာသာခြားလူနည်းစုဝင်များ သို့မဟုတ် တိုင်းရင်းသား လူနည်းစုဝင်များအား စိစစ်ရေးကတ် လျှောက်ထားရာ၌ လိုအပ်သည့် အထောက်အထားများ တင်ပြရန် တောင်းခံနိုင်သည်။

မိမိ၏ တရားဝင်နိုင်ငံသား ခံယူထားမှု အဆင့်လျော့ကျမည်ကို စိုးရိမ်ခြင်း - လူဝင်မှုကြီးကြပ်ရေးအရာရှိများက လက်ရှိ​ပိုင်ဆိုင်ထားသော တရားဝင်နိုင်ငံသား ခံယူထားမှုထက် အဆင့်နိမ့်သည့် စိစစ်ရေးကတ်များ ထုတ်ပေးလာနိုင်​သောကြောင့် လူအများသည်လည်း စိစစ်ရေးကတ်များကို အသစ်ပြန်လုပ်ရန် ကြောက်ရွံ့နေနိုင်ကြသည်။ ထို့ပြင် လူတစ်ဦး​တစ်ယောက်အား စိစစ်ရေးကတ်ပြား လုံး၀မရသွားဘဲ နိုင်ငံမဲ့မှု အခြေအနေသို့လည်း ရောက်သွားစေနိုင်သည်။

ပွင့်လင်းမြင်သာမှု မရှိခြင်း - လူဝင်မှုကြီးကြပ်ရေး​အရာရှိများသည် တရားဝင်နိုင်ငံသားခံယူမှုနှင့် သက်ဆိုင်သည့် အထောက်အထားများနှင့် ပတ်သက်၍ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို တာဝန်ခံရန် မလိုအပ်ပါ။ မြန်မာနိုင်ငံသား​ဥပဒေ၏ ပုဒ်မ ၇၁ အရ ဤဥပဒေဖြင့် လုပ်ပိုင်ခွင့် အပ်နှင်း​ထားသည့် အဖွဲ့အစည်းများသည် ဤဥပဒေပါ ကိစ္စရပ်များကို ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်း​ပြန်ရန်မလို။ ထို့ကြောင့် အစိုးရဌာနများနှင့် အရာရှိများသည် စိစစ်ရေးကတ်အတွက် လျှောက်ထားမှုအပေါ် ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ရှင်းပြရန် မလိုအပ်ပါ။

ကြိုတင်ခန့်မှန်းမရနိုင်သည့် မဆီလျော်သော လုပ်ထုံး​လုပ်နည်းများ - လျှောက်ထားသူများအနေဖြင့် လျှောက်လွှာ​တင်ရာ၌ မတရားသော၊ ကြုံရာကျပန်း ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်နိုင်သည်။ လျှောက်ထားသူတစ်ယောက်နှင့် တစ်ယောက်အကြား လျှောက်လွှာလက်ခံသည့်ကြာချိန် သိသိသာသာ ကွာခြားနိုင်သည်။

လာဘ်ပေးလာဘ်ယူမှု - လျှောက်ထားသူများ လျှောက်လွှာ​တင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တရားမဝင်သော အခကြေးငွေများကို တောင်းခံလာနိုင်သည်။ လျှောက်လွှာတင်မှု ပြီးမြောက်စေရန်အတွက် ပွဲစားများ သို့မဟုတ် အစိုးရအရာရှိ​များအား အခကြေးငွေပေးရန် တောင်းခံလာနိုင်သည်။ တစ်ခါတစ်ရံတွင် လိုအပ်သည့် လျှောက်လွှာပုံစံများ ရယူနိုင်ရန်​နှင့် လျှောက်လွှာတင်စဉ် တလေးတစား ဆက်ဆံခံရရန်အတွက် လာဘ်ပေးလာဘ်ယူမှုများ လိုအပ်လာသည်။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လက်လှမ်းမီနိုင်မှု - နယ်စပ်ဒေသများ​အပါအဝင် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများနှင့် မြို့ပြင်များတွင် နေထိုင်ကြသူများအနေဖြင့် လူဝင်မှုကြီးကြပ်ရေး​ရုံးများသို့ အရောက်သွားရန် မလွယ်ကူပါ။

အစိုးရနှင့် လူ့အဖွဲ့အစည်းကြား ဆက်ဆံရေး - အချို့​လူများသည် စိစစ်ရေးကတ်များ လျှောက်ထားရန် စိတ်မဝင်စား​ကြချေ။ ဥပမာဆိုရသော် အစိုးရမဟုတ်သည့် အဖွဲ့၏ အုပ်ချုပ်မှု​အောက်တွင်ရှိသည့် တိုင်းရင်းသား လူနည်းစုဝင်များအနေဖြင့် ဗဟိုအစိုးရသည် တရားဝင်သည်ဟု ယုံကြည်လိမ့်မည် မဟုတ်ပါ။

တရားဝင်နိုင်ငံသားခံယူမှုကို သက်သေပြသည့် အထောက်အထားများကို ရယူနိုင်ပုံနှင့် ပတ်သက်ပြီး မသိကြခြင်း - လူအချို့သည် အထောက်အထားများ၏ အရေးပါမှုနှင့် လျှောက်လွှာလုပ်ငန်းစဉ် အလုပ်လုပ်ပုံနှင့် ပတ်သက်ပြီး ဗဟုသုတမရှိ ဖြစ်နေနိုင်ပါသည်။ ၎င်းတို့တွင် မှန်ကန်သည့် အထောက်အထားများ ပြင်ဆင်ထားခြင်း မရှိသောကြောင့် ၎င်းတို့၏ လျှောက်လွှာများမှာ ငြင်းပယ်ခံကြရ​ပါသည်။ ဥပမာဆိုရသော် လျှောက်ထားသူတွင် မွေးစာရင်း​လက်မှတ် သို့မဟုတ် အိမ်ထောင်စုစာရင်း မရှိခြင်းဖြစ်သည်။

သက်သေအထောက်အထား ပြရသည့် တာဝန်ကို လူပုဂ္ဂိုလ်​တစ်ဦးချင်းအပေါ်တွင်သာ ပုံချထားသည် - မြန်မာနိုင်ငံတွင် လျှောက်ထားသူသည် စိစစ်ရေးကတ်ပြားများ ရရှိရန်အတွက် ၎င်း၏ အရည်အချင်းသတ်မှတ်ချက် ပြည့်မီမှုကို သက်သေပြရန်​လိုသည်။ လျှောက်ထားသူသည် လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကောင်းစွာသိရှိထားရန် လိုအပ်ပြီး လိုအပ်သော စာရွက်စာတမ်းများ အားလုံးကိုလည်း စုဆောင်းရန် လိုအပ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ လျှောက်လွှာတင်ခြင်း အထမြောက်ရန်အတွက် တရားဝင်​မလိုအပ်သော စာရွက်စာတမ်းများကိုလည်း ထပ်မံဖြည့်စွက်​ပေးအပ်ရန် လိုအပ်သည်။ ဤအချက်သည် လျှောက်ထားသူ​အပေါ် ပိုမိုများပြားသော တာဝန်များ ပေးအပ်လိုက်ခြင်း​ဖြစ်သည်။ အချို့နိုင်ငံများတွင် ပြည်သူလူထုကို စနစ်တကျ မှတ်ပုံတင်ရန်နှင့် ၎င်းတို့အနေဖြင့် တရားဝင်နိုင်ငံသားခံယူမှုကို သက်သေပြသည့် အထောက်အထားများကို လက်လှမ်းမီနိုင်​စေရန် တစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ ဆောင်ရွက်ရန် အစိုးရအာဏာပိုင်များတွင် တာဝန်ရှိသည်။

 

မြန်မာ့ရေးရာ

နိုင်ငံသားဖြစ်ခွင့်ရရှိရန် စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း


အသက် ၂၄ နှစ်အရွယ် အောင်ကျော်မင်းထွန်းသည် မြန်မာနိုင်ငံ၌ ဘ၀တစ်လျှောက်လုံးနေထိုင်ခဲ့သည်။ သူ၏မိခင်ဘာသာစကားမှာ မြန်မာဘာသာစကားဖြစ်ပြီး သူ၏မိဘ​ဘိုးဘွားများသည် မြန်မာနိုင်ငံ၌ မွေးဖွားခဲ့သည်။ သို့သော် သူသည် ဇာတိ ဟု ခေါ်ဆိုရာ နိုင်ငံ၏ တရားဝင်နိုင်ငံသား မဟုတ်ပါ။ ဟိန္ဒူဘာသာဝင် တမီးလ်လူမျိုးတစ်ဦးအနေဖြင့် သူသည် မြန်မာနိုင်ငံတွင် တရားဝင်နိုင်ငံသားဖြစ်မှုကို သက်သေပြ​နိုင်သော စာရွက်စာတမ်းများကို ရယူရာ၌ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ အောင်ကျော်မင်းထွန်းသည် လက်ရှိတရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သောလူမျိုး မဟုတ်ပါ။

သူ၏ ဖခင်နှင့် အစ်ကိုတို့တွင် တရားဝင်နိုင်ငံသားဖြစ်မှုကို သက်သေပြသည့် ကတ်ပြားများရှိကြသည်။ သူ၏မိခင်နှင့် အစ်မတွင် နေထိုင်ခွင့်နှင့် သက်သေခံ အထောက်အထားပြသော ကတ်ပြားများသာရှိသည်။ သူနှင့် သူ့ညီမ၌ မည်သည့်​ကတ်ပြားမျှ မရှိပါ။

သူ၏ တမီးလ်ဟိန္ဒူအသိုင်းအဝိုင်း၏ သုံးပုံ နှစ်ပုံသည်လည်း စိစစ်ရေးကတ်ပြားများ လျှောက်ထားရာ၌ တရားမဝင် အခကြေးငွေများ ပေးဆောင်ရန် ငွေကြေးမလောက်ငှခြင်း အပါအဝင် အခက်အခဲများကို ကြုံတွေ့နေရသည်ဟု အောင်ကျော်မင်းထွန်းက ခန့်မှန်းသည်။ စိစစ်ရေးကတ်ပြား မရှိပါက သူသည် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွား​နိုင်ခြင်း၊ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း သို့မဟုတ် အိမ်ခြံမြေဝယ်ခြင်းတို့ကို ပြုလုပ်နိုင်မည် မဟုတ်ပါ။

တစ်ယောက်ယောက်က ကျွန်တော်တို့ကို မောင်းထုတ်ဖို့ လုပ်မယ်ဆိုရင် ကျွန်တော်တို့မှာ စာရွက်စာတမ်းတွေ မရှိတော့ ထွက်သွားရမှာပဲ။ ဒါက ကြောက်စရာပဲ ဟု သူကပြောသည်။ ကျွန်တော်က ဒီမှာပဲ မွေးခဲ့ပြီး ဒီမှာပဲ သေမှာ၊ အဲဒီတော့ ကျွန်တော့်မှာ ပြစရာ စာရွက်စာတမ်းတွေ ရှိသင့်တယ်။

အောင်ကျော်မင်းထွန်း၏ ဖြစ်ရပ်သည် လက်ရှိတရားဝင်​အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးတွင် မှတ်ပုံမတင်ထားသော တရုတ်၊ အိန္ဒိယနှင့် နီပေါအနွယ်ဝင် လူမျိုးများအပါအဝင် အခြားမျိုးနွယ်စုများနှင့် ဆင်တူနိုင်သည်။ နိုင်ငံခြားသား မိဘ သို့မဟုတ် အဘိုးအဘွားရှိသူများ၊ ဘာသာရေး လူနည်းစုအဖွဲ့ဝင်များသည်လည်း စိစစ်ရေး​ကတ်ပြား ထုတ်ယူရန် ခက်ခဲလေ့ရှိကြသည်။

The Seagull လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု အဖွဲ့အစည်းသည် မန္တလေး၌ တိုင်းရင်းသားလူနည်းစုဝင်များနှင့် ဘာသာရေးလူနည်းစုဝင် အယောက် ၁၀၀ အား စစ်တမ်း​ကောက်ယူခဲ့ရာ အားလုံးနီးပါးမှာ စိစစ်ရေးကတ်ပြား ထုတ်ယူရာ​တွင် အခက်အခဲများ ရင်ဆိုင်နေရသည်ကို တွေ့ရှိခဲ့ရသည်။

၎င်းတို့အနေဖြင့် အချိန်ကြာမြင့်စွာ မသေချာမရေရာဘဲ စောင့်ဆိုင်းခဲ့ရကြောင်း ပြောဆိုခဲ့ကြပြီး လူဝင်မှုကြီးကြပ်ရေး​အရာရှိများက လျှောက်ထားသူများစွာအား စိစစ်ရေးကတ်ရရန်​အတွက် အခြားသော လူမျိုးတစ်မျိုး သို့မဟုတ် ဘာသာတရား​ကို ဖော်ပြရမည်ဟု ပြောကြားခဲ့သည်။ အချို့ကလည်း ၅၀၀,၀၀၀ ကျပ်အထိ လာဘ်ပေးရသည်ဟု ဆိုကြပြီး အချို့က သူတို့၏ ကလေးများသည် ကျောင်းများတွင် စိစစ်ရေးကတ်ပြား ထုတ်ပေးသည့် အစီအစဉ်များမှ ဖယ်ထုတ်ခံထားရသည်ဟု ဆိုကြသည်။ လူအတော်များများ အထူးသဖြင့် မွတ်ဆလင်​ဘာသာဝင်များက သူတို့သည် နိုင်ငံသားပြုခွင့်ရသူ၏ စိစစ်ရေး​ကတ်ပြားများကို လက်ခံရန် အတင်းအကျပ် ဖိအားပေးခံရပြီး သို့မဟုတ်ပါက ကတ်ပြားလုံး၀မရရှိဟု ဆိုကြသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး​ဌာန၏ အမြဲတမ်းအတွင်းရေးမှူး ဦးမြင့်ကြိုင်က အစိုးရသည် လူဝင်မှုကြီးကြပ်ရေးရုံးများတွင် စစ်ဆေးမှုများ ပြုလုပ်၍ တိုင်ကြားချက်အားလုံးကို ချက်ချင်းစုံစမ်းစစ်ဆေးခြင်းဖြင့် အဂတိလိုက်စားမှုကို လျှော့ချရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ