၃.၁

လူ့အခွင့်အရေး ဥပဒေ

၃.၁.၁

ဝေါဟာရအသုံးအနှုန်းနှင့် အယူအဆများ


အကြိုလေ့လာချက်

အပြည်ပြည်ဆိုင်ရာ ဥပဒေများကို မည်ကဲ့သို့ ရေးဆွဲဖန်တီးခဲ့သည်ဟု သင်ထင်သနည်း။

'နိုင်ငံတော်' (State) ဟူသော အသုံးအနှုန်းသည် 'နိုင်ငံ' (Country)ဟူသော အသုံးအနှုန်းနှင့် အဓိပ္ပာယ် ဆင်တူနိုင်ပါသည်။ နိုင်ငံတော်ဟူသည့် ဝေါဟာရကို အပြည်ပြည်ဆိုင်ရာဥပဒေတွင် ဥပဒေဆိုင်ရာ ဝေါဟာရအသုံးအနှုန်းတစ်ခုအဖြစ် အသုံးပြုလေ့ရှိပါသည်။ နိုင်ငံတော်တိုင်းတွင် အပိုင်းသုံးပိုင်း ရှိပါသည်။ ၎င်းတို့မှာ -

၁။ ပြည်သူများ (နိုင်ငံတော်၏ တရားဝင်နိုင်ငံသားအစုအဖွဲ့)

၂။ နိုင်ငံ့ပိုင်နက် (နိုင်ငံတော်၏ ပြည်သူများနေထိုင်သည့် ဧရိယာ) နှင့်

၃။ အဖွဲ့အစည်းများ (အစိုးရများ၊ စစ်တပ်များနှင့် ဆေးရုံများကဲ့သို့သော ပြည်သူများကို ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများ)

အချို့နိုင်ငံ  (countries) များတွင် 'State' ဆိုသည့် စကားလုံးမှာ ပိုမိုကြီးမားသော နိုင်ငံရေးအစုအဖွဲ့ (ဥပမာဆိုရသော် နိုင်ငံတစ်နိုင်ငံ  [country] ) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ပြည်နယ်ဒေသတစ်ခုကို ရည်ညွှန်းပါသည်။ နိုင်ငံရေးသိပ္ပံပညာရှင်များက 'နိုင်ငံတော် (the state)'  ဟု ပြောဆိုသည့်အခါတွင် ပိုမိုကြီးမားသော နိုင်ငံရေးအစုအဖွဲ့ (နိုင်ငံတော် သို့မဟုတ် ပြည်ထောင်စု [the country or union]  ) ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

အဖွဲ့ဝင်နိုင်ငံဆိုသည်မှာ အပြည်ပြည်ဆိုင်ရာဥပဒေတစ်ခုကို အတည်ပြုထားသော သို့မဟုတ် လက်ခံသဘောတူထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ပါဝင်လက်မှတ်ရေးထိုးသည့်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာဥပဒေမှ တာဝန်ဝတ္တရားများကို လိုက်နာရန်သာမက ထိုအပြည်ပြည်ဆိုင်ရာဥပဒေများအား မိမိတို့၏ကိုယ်ပိုင် နိုင်ငံတော်ဥပဒေတွင် ဖြည့်သွင်းအသုံးပြုရန် သို့မဟုတ် တိုက်ရိုက်အသုံးချရန် ဥပဒေအရ လိုအပ်ပါသည်။

သဘောတူစာချုပ်ဆိုသည်မှာ သဘောတူညီမှုအား အတည်ပြုလက်မှတ်ရေးထိုးထားသည့် (သို့မဟုတ်) လက်ခံသဘောတူထားသည့် နိုင်ငံများအကြား ဥပဒေအရ စည်းနှောင်ထားသည့် အပြည်ပြည်ဆိုင်ရာဥပဒေကိုသော်လည်းကောင်း၊ သဘောတူညီချက်ကိုသော်လည်းကောင်း ခေါ်ဆိုသော ယေဘုယျဝေါဟာရ အသုံးအနှုန်းတစ်ခု ဖြစ်ပါသည်။ သဘောတူညီချက် (convention) နှင့် ပဋိညာဉ်စာချုပ် (covenant)  တို့သည် သဘောတူစာချုပ် အမျိုးအစားနှစ်ခု ဖြစ်ပါသည်။

နိုင်ငံများက သဘောတူစာချုပ်များကို အသက်ဝင်အောင် ပြုလုပ်ပေးကြရပါသည်။ နိုင်ငံများသည် ၎င်းတို့အား ဥပဒေအရ စည်းနှောင်ထားသည့် သဘောတူစာချုပ်များအတိုင်း လိုက်နာကျင့်သုံးခြင်းမရှိပါက ၎င်းတို့အား တာဝန်ခံစေရပါလိမ့်မည်။ ဥပမာဆိုရသော် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ထိုသို့လိုက်နာခြင်းမရှိသော နိုင်ငံများအပေါ် စောဒကတက်ခြင်း (သို့) ပိတ်ဆို့အရေးယူမှုများပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အချို့သော သဘောတူစာချုပ်များကို အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင်လည်း အရေးယူကျင့်သုံး၍ ရနိုင်ပါသည်။ နိုင်ငံများတွင် မိမိတို့၏ပိုင်နက်အတွင်း မှီတင်းနေထိုင်ကြသူများအား ဥပဒေအရ စည်းနှောင်ထားသည့် သဘောတူစာချုပ်များကို လိုက်နာမှုရှိစေရန် ဆောင်ရွက်ပေးရမည့် တာဝန်ဝတ္တရား ရှိပါသည်။ အကယ်၍ ပြည်သူများက သဘောတူစာချုပ်များကို လိုက်နာခြင်းမရှိပါက အဆိုပါသဘောတူစာချုပ်ပါ စည်းမျဉ်းများ အာဏာတည်စေရန်အလို့ငှာ နိုင်ငံများတွင် ပြည်တွင်းတရားရုံးစနစ်နှင့် အခြားယန္တရားများ ထားရှိသင့်ပါသည်။

ကြေညာစာတမ်းဆိုသည်မှာ နိုင်ငံတကာက သဘောတူထားသော ယုံကြည်ချက်များ၊ လမ်းညွှန်ချက်များနှင့် စံနှုန်းများကို ရေးသားဖော်ပြထားသော စာရွက်စာတမ်းတစ်ခု ဖြစ်ပါသည်။ ကြေညာစာတမ်းများသည် အစိုးရမူဝါဒများအပေါ် ဩဇာလွှမ်းမိုးနိုင်သော်လည်း သဘောတူစာချုပ်များကဲ့သို့ ဥပဒေအရ စည်းနှောင်ထားခြင်း မရှိပါ။

ပြဌာန်းခြင်းဆိုသည်မှာ အဆိုပြုတင်သွင်းလိုက်သော သဘောတူစာချုပ်တစ်ခုအား တရားဝင်သဘောတူညီကြောင်း ပြသသည့်နည်းလမ်းတစ်ခုဖြစ်သည်။ နိုင်ငံများမှ အဆိုပြုတင်သွင်းလာသော သဘောတူစာချုပ်တစ်ခုမှ အချက်များကို မဲပေးခြင်းဖြင့် သဘောတူလက်ခံပါက ၎င်းအား ပြဌာန်းလိုက်ပြီဟု ယူဆပါသည်။

လက်မှတ်ရေးထိုးခြင်းဆိုသည်မှာ သဘောတူစာချုပ်တစ်ခု (သို့မဟုတ်) ကြေညာစာတမ်းတစ်ခုတွင် ပါဝင်လက်မှတ်ရေးထိုးသည့်နိုင်ငံ ဖြစ်လာစေမည့် ပထမဆုံးအဆင့် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် သဘောတူစာချုပ်တစ်ခု (သို့မဟုတ်) ကြေညာစာတမ်းတစ်ခုကို လက်မှတ်ရေးထိုးခြင်းဖြင့် စာရွက်စာတမ်းပါ တာဝန်ဝတ္တရားများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည့် ရည်ရွယ်ချက်ရှိကြောင်း ပြသပါသည်။

တရားဝင်အတည်ပြုခြင်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံက သဘောတူစာချုပ်တစ်ခုတွင် ပါဝင်လက်မှတ်ရေးထိုးကြောင်း၊ ထိုစာချုပ်နှင့် စပ်လျဉ်း၍ ဥပဒေအရ စည်းနှောင်တာဝန်ခံမည့်အကြောင်း အတည်ပြုသည့် တရားဝင်နည်းလမ်းတစ်ခု ဖြစ်ပါသည်။ သဘောတူစာချုပ်တစ်ခုကို တရားဝင် အတည်ပြုခြင်းဖြင့် ပါဝင်လက်မှတ်ရေးထိုးသည့် နိုင်ငံသည် ၎င်း၏ နိုင်ငံ့ဥပဒေအား ပြောင်းလဲခြင်းကိုသော်လည်းကောင်း၊ သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားများကို ထင်ဟပ်စေမည့် နိုင်ငံ့ဥပဒေသစ်တစ်ရပ်အား ပြဌာန်းခြင်းကိုသော်လည်းကောင်း လုပ်ဆောင်ရပါသည်။

နောက်တိုးပါဝင်ခြင်းဆိုသည်မှာ လုံလောက်သော နိုင်ငံအရေအတွက်မှ အတည်ပြုလက်မှတ် ရေးထိုးပြီးသောကြောင့် အပြည်ပြည်ဆိုင်ရာဥပဒေအဖြစ် အသက်ဝင်သွားပြီဖြစ်သည့် သဘောတူစာချုပ်တစ်ခုအား နိုင်ငံတစ်နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးသည့်အခါ ၎င်းသည်လည်း လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခြင်းကို ဆိုလိုသည်။

ခြွင်းချက်ထားခြင်းဆိုသည်မှာ ပါဝင်လက်မှတ်ရေးထိုးသည့် နိုင်ငံများအနေဖြင့် စာချုပ်ပါ ပြဌာန်းချက်များအနက်မှ လိုက်နာနိုင်ခြင်း မရှိသည်များကို ချန်လှပ်ထားခြင်းဖြင့် ခြွင်းချက်ပြုလုပ်ထားခြင်းကို ဆိုလိုပါသည်။ ဤသို့ ခြွင်းချက်ထားရာ၌ စာချုပ်၏ အခြေခံလိုရင်းသဘောနှင့် ဆန့်ကျင်ဘက် မဖြစ်စေရပါ။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

၁။ သဘောတူစာချုပ်များအား အသက်ဝင်စေရန် ဆောင်ရွက်ရမည့်သူ သို့မဟုတ် ဆောင်ရွက်ရမည့်အချက်များကို ဖော်ပြပါ။

၂။ နိုင်ငံများအနေဖြင့် သဘောတူစာချုပ်များတွင် ခြွင်းချက်များထားရန် ခွင့်ပြုသင့်ပါသလား။


သင်တန်းဆရာမှတ်စုများ

သဘောတူစာချုပ်များ၏ အခြေအနေ၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အကျိုးသက်ရောက်မှု ရှိစေခြင်းတို့နှင့် စပ်လျဉ်း၍ လူအမျိုးမျိုးတွင် မတူညီသော ထင်မြင်ချက်များရှိကြသည်။

နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများဖြင့် တရားဝင်တာဝန်ခံရန် မရွေးချယ်သင့်ပါ သို့မဟုတ် ဖိအားပေးမခံရသင့်ပါဟု လူအချို့က ယူဆကြသည်။ သူတို့က အပြည်ပြည်ဆိုင်ရာ ဥပဒေများသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အချုပ်အခြာအာဏာပိုင်မှုကို ထိပါးချိုးဖောက်သည်ဟု ယုံကြည်ကြသည်။ နိုင်ငံတစ်နိုင်ငံချင်းစီတွင် ကိုယ်ပိုင်ဥပဒေများ၊ မူဝါဒများ၊ စည်းမျဉ်းများ၊ တန်ဖိုးများနှင့် ယဉ်ကျေးမှုများ ရှိကြသည်ဟု ထိုသူတို့ကဆိုသည်။ နိုင်ငံတစ်နိုင်ငံ၏ ဥပဒေများ၊ မူဝါဒများ၊ စည်းမျဉ်းများ၊ တန်ဖိုးထားမှုများနှင့် ယဉ်ကျေးမှုများ အားလုံး၏ အရေးပါမှုကို လျော့ကျစေခြင်း သို့မဟုတ် အစားသွင်းခြင်းဟု အဓိပ္ပာယ်သက်ရောက်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ပြည်ပအဖွဲ့အစည်းများ သို့မဟုတ် အစိုးရများက မသတ်မှတ်သင့်ပါ။ အဆိုပါ ထင်မြင်ချက်ရှိသူများသည် သဘောတူစာချုပ်ပါပုဒ်မများကို ဆန့်ကျင်သည့် သံသယများကို ထောက်ခံလေ့ရှိကြပြီး ခိုင်မာသော အကျိုးသက်ရောက်မှုရှိစေသည့် ယန္တရားများကို တည်ဆောက်မည့် ကုလသမဂ္ဂကဲ့သို့ အဖွဲ့အစည်းများကို အလိုမရှိကြပါ။

အခြားသူများကမူ နိုင်ငံများနိုင်သရွေ့များများသည် သဘောတူစာချုပ်များတွင် တရားဝင် တာဝန်ခံကြစေရန်မှာ အရေးကြီးသည်ဟု ယူဆကြသည်။ သူတို့က နေရာအရပ်ရပ်မှ လူသားတိုင်းသည် ကာကွယ်မှုနှင့် လူ့အခွင့်အရေးများကို တတ်နိုင်သရွေ့ အမြဲတမ်းရရှိသင့်သည်ဟု ဆိုကြသည်။ သူတို့က ဤအချက်သည် နိုင်ငံတစ်နိုင်ငံချင်း၏ အချုပ်အချာအာဏာပိုင်မှုထက် အရေးပါသည်ဟု ယုံကြည်ကြသည်။ လူ့အခွင့်အရေးသည် အားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံအားလုံး၏ စံတန်ဖိုးများ၊ ယဉ်ကျေးမှုများနှင့် သဟဇာတဖြစ်သည်ဟု ဆိုကောင်းဆိုလိမ့်မည်။ သူတို့က နိုင်ငံများသည် သူတို့၏ လက်ရှိဥပဒေများနှင့် မူဝါဒများသည် လူ့အခွင့်အရေးများကို ချိုးဖောက်နေပါက လူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးရန် သူတို့၏ ဥပဒေများနှင့် မူဝါဒများကို ပြောင်းလဲရမည်ဟု အဆိုပြုကြသည်။ ထိုသို့ ထင်မြင်ချက်ရှိသူများသည် လူ့အခွင့်အရေးများအတွက် အကျိုးသက်ရောက်မှုရှိစေခြင်း ယန္တရားများကို ထောက်ခံလေ့ရှိကြပြီး နိုင်ငံများအနေဖြင့် သဘောတူစာချုပ်များပါ ပုဒ်မများကို ဆန့်ကျင်သည့် သံသယများ ထားရှိမည်ကို မလိုလားကြပါ။

အဆိုပါ အယူအဆများ၏ ကြားတစ်နေရာတွင်ရှိသည့် သို့မဟုတ် ဆုံးဖြတ်ရခက်၍ မရှင်းလင်းသော ထင်မြင်ချက်များ ရှိသူများလည်းရှိသည်။ ဥပမာအားဖြင့် စာသင်ကျောင်းတွင် လူ့အခွင့်အရေးများအကြောင်း မသင်ယူခဲ့ရသူများက လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများသည် အရေးပါသည်ဟု မယူဆကြပါ။ အချို့သူများက လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအကြောင်း သိရှိသော်လည်း ၎င်းတို့သည် သူတို့ဘ၀နှင့် 'မသက်ဆိုင်' သို့မဟုတ် ဆက်စပ်မှုမရှိဟု ယူဆကြသည်။ အချို့သူများက အချို့အခွင့်အရေးများ (အခြားအခွင့်အရေးများ မဟုတ်ဘဲ) သည် ကာကွယ်မြှင့်တင်ပေးရန် အရေးပါပြီး သက်ဆိုင်မှုရှိသည်ဟု ယုံကြည်ကြသည်။ အချို့သူများကမူ လူ့အခွင့်အရေးများကို မည်သို့ ကာကွယ်မြှင့်တင်ပေးသင့်ပုံကို ဆုံးဖြတ်ရန် နိုင်ငံများကိုယ်တိုင်သည်သာ အသင့်တော်ဆုံးဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းများနှင့် ပြည်ပအစိုးရများသည် အပြည်ပြည်ဆိုင်ရာဥပဒေများ အကျိုးသက်ရောက်မှု ရှိစေခြင်းအတွက် တာဝန်မယူသင့်ဟု ယူဆကြသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ