၅.၃.၂

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားဖြစ်မှု

အကြိုလေ့လာချက်

  1. နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံသားဖြစ်မှုဥပဒေအကြား ဆက်နွယ်မှုသည် မည်သည့်​ပုံစံ ဖြစ်နိုင်သနည်း။
  2. နိုင်ငံသားဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု​မရှိခြင်းဟူသည့်အချက်မှာ မည်သည်ကို ဆိုလိုသနည်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ​အခြေခံဥပဒေအရ ပုဒ်မ ၃၄၅ တွင် နိုင်ငံသားများ အဖြစ် အောက်ပါပုဂ္ဂိုလ်များကို သတ်မှတ်သည် -

  • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသည့်​အချိန်တွင် တရားဝင်နိုင်ငံသားဖြစ်ပြီးသူများ သို့မဟုတ်
  • မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားခဲ့သူများ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများ အတွက် အသုံးပြုသော ဝေါဟာရသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား​ဥပဒေတွင် ပါဝင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသည့် နိုင်ငံသားများအတွက် အသုံးပြုသော ဝေါဟာရနှင့် အတူတူပင်ဖြစ်သည်။ တိုက်ရိုက်နီးပါး အဓိပ္ပာယ်​ဖွင့်ဆိုရပါက နိုင်ငံသားဖြစ်ပြီးသူများသည် အခွင့်ထူးပိုရပြီး ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများသည် ဖွဲ့စည်းပုံ​အခြေခံဥပဒေ ပုဒ်မများတွင် ဖော်ပြထားသည့် အခွင့်အရေး​အချို့ကို ခံစားခွင့်မရစေရန် ဖယ်ထုတ်ခြင်းခံရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသား​လူမျိုးများ နှင့် တိုင်းရင်းသားပြည်သူများ ဟူသော စကားစုများကိုလည်း အသုံးပြုထားသည်။ သို့သော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် မည်သည့် တိုင်းရင်းသားအုပ်စု သို့မဟုတ် အခြားအုပ်စုက တိုင်းရင်းသား ဖြစ်ကြောင်း ဖော်ပြမထားပါ။ ထိုအစား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာနိုင်ငံသားဥပဒေနှင့် မကြာခဏ ယှဉ်တွဲ၍ ဖွင့်ဆိုလေ့ရှိကာ မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများဟု သတ်မှတ်ထားသည့် တိုင်းရင်းသားအချို့ကိုသာ ရည်ညွှန်းထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးများကို ရည်ညွှန်း ဖော်ပြထားခြင်း မရှိဘဲ၊ ထိုတိုင်းရင်းသားလူမျိုးများ စာရင်းကလည်း အချိန်နှင့်အမျှ အပြောင်းအလဲများ ရှိနေစေ​ကာမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသား​လူမျိုးများ ဟု တရားဝင်အသိအမှတ်ပြု ထားသော စာရင်းများနှင့်တကွ အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်လေ့ရှိသည်။

ပြည်သူ ဟူသည့် စကားလုံးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ​ဥပဒေတွင်လည်း အသုံးပြုထားသည်။ ၎င်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားများ သို့မဟုတ် တိုင်းရင်းသားလူမျိုးများ ကို ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်၊ မြန်မာနိုင်ငံအတွင်းရှိ လူများအားလုံးကို ဆိုလိုခြင်းလည်း ဖြစ်နိုင်​သည်။ ထိုကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝေါဟာရအမျိုးမျိုး သုံးစွဲထားခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ​ထဲမှ မည်သည့်အခွင့်အရေးများက လူအားလုံးနှင့် သက်ဆိုင်​ကြောင်း၊ မည်သည့် အခွင့်အရေးများကမူ တရားဝင်နိုင်ငံသားများ​နှင့်သာ သက်ဆိုင်ကြောင်းနှင့် မတူညီသော နိုင်ငံသားဖြစ်မှု အမျိုးအစားများကြား အခွင့်အရေးရရှိမှုတွင် မည်သို့ကွာခြားမှု ရှိသည်တို့ကို ရှင်းရှင်းလင်းလင်း သိရန်ခက်ခဲသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံရှိ အခြားသော ဥပဒေများအထက်တွင် ရှိသောကြောင့် ၎င်းနှင့် ဆန့်ကျင်သည့် မြန်မာနိုင်ငံသားဥပဒေပါ မည်သည့်​စည်းမျဉ်းများကိုမဆို အကျုံးဝင်သည်ဟု သတ်မှတ်၍မရပါ။ တစ်နည်းအားဖြင့်ဆိုရလျှင် အထူးသဖြင့် မြန်မာနိုင်ငံသားဥပဒေ​နှင့် အပြန်အလှန် ဆန့်ကျင်နေလျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ​ဥပဒေသည် ထိုမြန်မာနိုင်ငံသားဥပဒေ၏ အထက်တွင်သာ ရှိရပါသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

  1. မြန်မာနိုင်ငံသားဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ​ဥပဒေနှင့် ဆန့်ကျင်နေပါသလား။ မည်ကဲ့သို့ ဆန့်ကျင်နေပါသနည်း။ အဘယ်ကြောင့်နည်း။
  2. မြန်မာနိုင်ငံသားဥပဒေပါ ပုဒ်မတစ်ခုခုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေပါက ဖွဲ့စည်းပုံ​အခြေခံဥပဒေနည်းကျ မဖြစ်နိုင်ပါ။ နိုင်ငံသားဥပဒေပါ ပုဒ်မတစ်ခုခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု​မရှိဟု ထင်ပါသလား။ အဘယ်ကြောင့်နည်း။
  3. မြန်မာနိုင်ငံသားဥပဒေပါ ပုဒ်မတစ်ခုခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိပါက ၎င်းကို မည်သို့ပြင်ဆင်နိုင်မည်နည်း။ သင့်အနေဖြင့် ထိုပုဒ်မကို မည်ကဲ့သို့ ပြန်လည်ရေးဆွဲမည်နည်း။

သင်တန်းဆရာမှတ်စုများ

လေ့ကျင့်ခန်းများအပေါ် အခြေခံ၍ သင်တန်းသားများအနေဖြင့် မြန်မာနိုင်ငံသား ဥပဒေအတွင်းရှိ အောက်ပါပုဒ်မများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသောအရာများအဖြစ် ဖော်ထုတ်နိုင်သင့်ပါသည်။

  • အပိုဒ် ၂ (ခ)၊ (ဂ) နှင့် (ဃ) တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် အကာအကွယ်ပေးမှုနှင့် အခွင့်အရေးရရှိမှု အဆင့်အမျိုးမျိုးပါရှိသည့် မတူညီသော တရားဝင်နိုင်ငံသားဖြစ်မှု အမျိုးအစားသုံးမျိုးကို သတ်မှတ်ပေးထားသောကြောင့်ဖြစ်သည်။ အကာအကွယ်ပေးခြင်းနှင့် အခွင့်အရေးရရှိမှု ကွာခြားမှုများသည် ၂၀၀၈ အခြေခံဥပဒေ၏ ပုဒ်မများတွင် ပြဌာန်းထားသည့် တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမပြုရေးတို့ကို ချိုးဖောက်နေပါသည်။
  • ပုဒ်မ ၃ နှင့် ၅ တို့သည် ခွဲခြားဆက်ဆံမှုရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အချို့သော တိုင်းရင်းသားလူမျိုးစုအုပ်စုများကို အလိုအလျောက် တရားဝင်နိုင်ငံသားဖြစ်ခွင့်ပေးနေသော်လည်း အခြားတိုင်းရင်းသား လူမျိုးစုအုပ်စုများကိုမူ ထိုအခွင့်အရေးမပေးသောကြောင့်ဖြစ်သည်။ ဤပုဒ်မများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းရှိ ပုဒ်မ ၃၄၈ ကို ချိုးဖောက်နေပါသည်။
  • မြန်မာနိုင်ငံသားဥပဒေပါ ပုဒ်မများအရ ဧည့်သည်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများအပေါ် ထားရှိထားသော တားမြစ်ကန့်သတ်ချက်များအပြင် ၎င်းတို့၏ တရားဝင်နိုင်ငံသားဖြစ်မှုကို အလွယ်တကူ ရုပ်သိမ်းနိုင်အောင် ပြုလုပ်ထားခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများ၊ အထူးသဖြင့် ပုဒ်မ ၃၄၇ ကို ချိုးဖောက်နေပါသည်။
  • ပုဒ်မ ၆၅၊ ၆၆၊ ၆၇၊ ၆၈ နှင့် ၇၀ တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ၂၀၀၈ အခြေခံဥပဒေတွင် ချမှတ်ခဲ့သည့် နိုင်ငံတော်အစိုးရ၏ မဏ္ဍိုင်ကြီးသုံးရပ်အကြား အာဏာခွဲဝေရေးဆိုသည့် အချက်ကို ချိုးဖောက်နေသောကြောင့် ဖြစ်ပါသည်။
  • ပုဒ်မ ၇၀ (ခ) သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းရှိ ပုဒ်မများဖြစ်သည့် ၂၉၅၊ ၃၇၇ နှင့် ၃၇၈ တို့ကို ချိုးဖောက်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ပုဒ်မ ၇၀ (ခ) သည် အယူခံတင်သွင်းလာသည့် တရားဝင်နိုင်ငံသားဖြစ်မှုဆိုင်ရာ အမှုအခင်းများကို တရားလွှတ်တော်ချုပ်သို့ ပေးပို့ခြင်းမပြုဘဲ ဝန်ကြီးများကောင်စီတွင်သာ စီရင်ချက်ချပိုင်ခွင့်အာဏာပေးအပ်ထားသောကြောင့်ဖြစ်သည်။
  • ပုဒ်မ ၇၁ သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူတိုင်းတွင် တရားဥပဒေကြောင်းအရ မျှတစွာ ဆက်ဆံဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြင့် နစ်နာမှုကို တရားသဖြင့် ဖြစ်စေခွင့်ရှိသင့်သည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် ပုဒ်မ ၃၈၁ ကို ချိုးဖောက်နေသောကြောင့်ဖြစ်သည်။
 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ